ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ရန်ကုန်ဆေးရုံကြီးက ဆရာဝန်

တာချီလိတ်ကိုပြန်လာသူ

ဓာတ်ပုံ ရင်းမြစ်, Yan Naing

ဓာတ်ပုံ ပုံစာ, ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်တစ်ဦး ဖြစ်ပြီး ဧပြီလ ၆ ရက်က တာချီလိတ်ကိုပြန်လာသူ
ရေးသားခဲ့သည်။

ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာန ရဲ့ ဧပြီလ ၁၉ရက်နေ့ မနက် ၇ နာရီထုတ်ပြန်ချက်မှာပါရှိတဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့နယ်က လူနာနံပါတ် ၉၆ အသက် ၄၃ နှစ်အရွယ် အမျိုးသားဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ခွဲစိတ် ဆရာဝန်တစ်ဦးဖြစ်တယ်လို့ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ဘီဘီစီကို ပြောပါတယ်။

သူဟာ ဧပြီလ ၆ ရက်နေ့က ရန်ကုန်ကနေ တာချီလိတ်မှာ တာဝန်ကျနေတဲ့ သူ့အမျိုးသမီးဆီ ပြန်လာခဲ့သူဖြစ်ပြီးတော့၊ ရန်ကုန်မှာ လူနာ နံပတ် ၄၇ ရဲ့ မိသားစု၀င်တွေ ကို ထိတွေ့ကုသမှု ပေးခဲ့တယ်လို့ ဦးခင်မောင်တင့်က ပြောပါတယ်။

ပြည် ခုတင် ၅၀၀ ဆေးရုံက မေ့ဆေးအထူးကုဆရာဝန်ကြီးဟာ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ မြန်မာနိုင်ငံက ပထမဆုံး ဆရာဝန်ဖြစ်ပြီးတော့ မြန်မာနိုင်ငံ ရဲ့ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ၃၀ ဦးမြောက် လူနာ ဖြစ်ပါတယ်။

ဧပြီလ ၁၉ရက်နေ့ က ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက အတည်ပြုလူနာ ဆရာဝန်ပါ ရေတွက်ရင် မြန်မာနိုင်ငံမှာ ကုသမှုပေးရင်း လူနာတွေကနေ ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရတဲ့ဆရာဝန် နှစ်ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

လူနာ အမှတ် ၉၆

ဓာတ်ပုံ ရင်းမြစ်, MHSM

ဓာတ်ပုံ ပုံစာ, လူနာ အမှတ် ၉၆

"လူနာ အမှတ် ၉၆ က ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်ပါ၊ ဧပြီ ၆ ရက်နေ့က မြန်မာအမျိုးသားလေကြောင်းလိုင်းနဲ့ ရောက်လာပါတယ်။ ပိတ်ရက်မှာ သူ့အမျိုးသမီးဆီ လာတာပါ။ သူ့အမျိုးသမီးကလည်း တာချီလိတ်ဆေးရုံက ဆရာဝန်ပါ။ ရန်ကုန်က လူနာနံပါတ် ၄၇ ရဲ့ ဆွေမျိုးသားချင်းမိသားစုဝင်တွေနဲ့ ထိတွေ့ဆက်ဆံ ကုသပေးခဲ့ဖူးတယ်လို့ သိရတယ်။ ကြားခံထိတွေ့ခဲ့တာမျိုး ရှိခဲ့တယ်"လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

သူနဲ့ လေယာဉ်တစ်စီးတည်း စီးလာခဲ့တဲ့ တာချီလိတ်က လူ၁၂ ယောက်ရယ်၊ တာချီလိတ်မှာ ဒီဆရာဝန်နဲ့ ထိတွေ့ဆက်ဆံခဲတဲ့ ဆရာဝန်နဲ့ သူနာပြု ၂၁ ယောက် ကိုတော့ အသွားအလာ ကန့်သတ်ပြီးစောင့်ကြည့်တာတွေလုပ်နေတယ် လို့လည်း သူကပြောပါတယ်။

"လူနာ အမှတ် ၉၆ ကိုတော့ မနက်က ကျိုင်းတုံဆေးရုံကြီးကို ပို့ပေးခဲ့ပါတယ်။ သူ့ရဲ့ကျန်းမာရေး အခြေအနေ ကောင်းပါတယ်လို့" ကျိုင်းတုံ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အတည်ပြုလူနာ နံပါတ် ၉၆ ဖြစ်တဲ့ ခွဲစိတ်ဆရာဝန်ဟာ သင်္ကြန်ပိတ်ရက် မိသားစုထံ ပြန်လာရင်း စိုးရိမ်လို့ကွာရန်တင်းဝင်ပြီး အသွားအလာ ကန့်သတ်ထားရာကနေ ဓာတ်ခွဲနမူနာ ယူလိုက်တဲ့အခါမှာ ရောဂါပိုးရှိကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

လူနာကို ကျိုင်းတုံဆေးရုံကြီးကို ခေါ်သွား

ဓာတ်ပုံ ရင်းမြစ်, Yan Naing

ဓာတ်ပုံ ပုံစာ, လူနာကို ကျိုင်းတုံဆေးရုံကြီးကို ခေါ်သွား

ကျန်းမာရေး နဲ့ အားကစားဝန်ကြီး ဌာနရဲ့ ဧပြီလ ၁၉ ရက်နေ့ မနက် ၇နာရီ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၁၀၇ ဦးရှိနေပြီဖြစ်ပါတယ်။

ဆရာဝန်အထဲက ကိုဗစ် -၁၉ ပထမဆုံးကူးစက်ခံရသူ မေ့ဆေးအထူးကုဆရာဝန်ကြီးက တော့ လူနာ အမှတ် ၁၇ ကို ကုသမှုပေးခဲ့တဲ့ ဆရာဝန်မကြီးဖြစ်ပါတယ်။

ပြည်ဆေးရုံမှာ လူနာနံပါတ် ၁၇ ရောဂါသည်းထန်ချိန်မှာ ဆေးအဖွဲ့ဝင် စုစုပေါင်း ၁၄ ဦးနဲ့အတူ အထူးကြပ်မတ်ကုသခန်းထဲ ကုသပေးခဲ့တာဖြစ်ပြီး ကုသမှုပေးပြီး ပြန်ထွက်လာချိန်မှာ အကာအကွယ်ဝတ်စုံက မျက်မှန်ကို ချွတ်မိတယ်လို့ သူကပြောကြားတာမျိုးရှိကြောင်း ပြည်ဆေးရုံက ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာသီတာစိုးက ဘီဘီစီကိုပြောခဲ့ပါတယ်။

"ရန်ကုန်ဆေးရုံကြီးက ဆရာဝန်ကတော့ သူကုပေးတဲ့ လူနာ ဟာ ကိုဗစ်- ၁၉ ကူးစက်ခံရတာသိတာနဲ့ ဧပြီ ၁၃ ရက်နေ့ကစပြီး တာချီလိတ်နေအိမ်မှာ အသွားအလာကန့်သတ်ပြီး စောင့်ကြည့်ခဲ့တယ်၊ ဒီက ဌာနဆိုင်ရာတွေကိုလည်း အကြောင်း ကြားထားခဲ့တယ် လို့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်ကပြောပါတယ်။

ကျိုင်းတုံအနီး ကိုဗစ် ၁၉ ရှာဖွေစစ်ဆေးခြင်းများဆောင်ရွက်နေစဉ်

ဓာတ်ပုံ ရင်းမြစ်, Yan Naing

ဓာတ်ပုံ ပုံစာ, ကျိုင်းတုံအနီး ကိုဗစ်-၁၉ ရှာဖွေစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ်

တာချီလိတ်က ဆရာဝန်ဟာ လူနာ အမှတ် ၄၇ ကနေ တစ်ဆင့် ကူးစက်တာဖြစ်ပြီးတော့ လူနာ အမှတ် ၄၇ ဟာ အင်းစိန် အုပ်စု ဖြစ်တဲ့ လူနာ အမှတ် ၂၄ ကနေ ကူးစက်ခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် ဧပြီလ ၁၉ ရက်နေ့က ထုတ်ပြန်ခဲ့တဲ့ ရန်ကုန် ဒဂုံမြို့သစ် မြောက်ပိုင်း ကအတည်ပြုလူနာ နှစ်ဦးတို့ ဟာလည်း အင်းစိန်တရားပွဲ ကနေ တစ်ဆင့် ကူးစက်ခဲ့တာဖြစ်ပတယ် လို့ သိရပါတယ်။

အင်းစိန်က သင်းအုပ်ဆရာတစ်ဦးနဲ့ အမှုတော်ဆောင်တစ်ဦးကိုလည်း ဒီလို အုပ်စုလိုက်ကူးစက်စေမှုကြောင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

တာချီလိတ်က လူနာအမှတ် ၉၆ ဆရာဝန်ရဲ့ အမျိုးသမီးကတော့ ရောဂါပိုးရှိတာ မတွေ့ရကြောင်းနဲ့ နေအိမ်ကို ဆေးဖျန်းထားပြီးတော့ လမ်းကို လည်း လော့ဒေါင်းလုပ်ထားတယ်လို့ ဦးခင်မောင်တင့် ကဘီဘီစီကိုပြောပါတယ်။