ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ်အရေး ICOE အစီရင်ခံစာ အခုလထဲထွက်မယ်
ရခိုင်ပြည်နယ်အရေးကို စုံစမ်းစစ်ဆေးဖို့ အစိုးရကဖွဲ့စည်းပေးခဲ့တဲ့ လွပ်လပ် သောစုံစမ်းစစ်ဆေးရေးကော်မရှင် ICOE အဖွဲ့ဟာ သူတို့ရဲ့နောက်ဆုံးအပြီး သတ်အစီရင်ခံစာကို ၂၀၂၀ ဇန်နဝါရီလထဲမှာ ထုတ်ပြန်သွား မှာဖြစ်ပြီး သမ္မတဆီလည်း တင်ပြသွားမယ်လို့် အဲဒီကော်မရှင်ရဲ့အဖွဲ့ဝင်တဦးဖြစ်တဲ့ ဒေါက်တာအောင်ထွန်းသက် က ဘီဘီစီ ကိုပြောပါတယ်။
ဒီလထဲမှာလည်း အိုင်စီဂျေက ကြားဖြတ်အရေးပေါ်စီမံမှုအတွက် ဆုံးဖြတ်ချက်ချ ဖို့လည်းရှိတဲ့အတွက် ဒီအစီရင်ခံစာကို နိုင်ငံတကာအသိုင်း အဝိုင်းကလည်း စိတ်ဝင်တစားစောင့်ကြည့် နေကြပါတယ်။
လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လက သက်တမ်းတစ်နှစ်ပြည့်ခဲ့ပေမယ့် နိုင်ငံတော် သမ္မတရုံးက နောက်ထပ်သက်တမ်း ခြောက်လ ထပ်တိုးထားပါတယ်။
ဒီလကုန်ရင် လည်းအဲဒီကော်မရှင် ဟာသက်တမ်းကုန်ပြီ ဖြစ်ပါတယ်။
ဒီအစီရင်ခံစာအတွက် ကွင်းဆင်းလေ့လာတဲ့အခါမှာလည်း လိုအပ်တဲ့ အကူအညီတွေကို တပ်မတော်က ကူညီခဲ့တယ်လို့ ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။
ဒီအစီ ရင်ခံစာမှာ အရေးကြီးတဲ့ တွေ့ရှိချက်တွေဘာတွေပါလဲ၊ သမ္မတကဘယ် လိုညွှန်ကြား ဆောင်ရွက်သွားမလဲ ဆိုတာကိုတော့ ဒေါက်တာ အောင်ထွန်းသက်က ထုတ်ဖော် ပြောဆိုလို့မရသေးဘူးလိုဆိုပါတယ်။
ICOE ရဲ့ အစီရင်ခံစာဟာ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း စိတ်ဝင်တစားစောင့်ကြည့် နေကြတယ်လို့် ဇန်နဝါရီ ၈ ရက်နေ့က ရန်ကုန်တက္က သိုလ်၊ နိုင်ငံတကာဆက်ဆံရေးဌာနမှာ ပြုလုပ်တဲ့ အမေရိကန်-မြန်မာ ဆက်ဆံရေးနဲ့ပတ်သက်လို့ အထူးဟောပြောချက်မှာမြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က သောစုံစမ်းစစ်ဆေးရေးကော်မရှင်အစီရင်ခံစာနဲ့ပတ်သက်ပြီး ပြောကြားသွားခဲ့ပါတယ်။။
ရခိုင်ပြည်နယ်က ရွာတချို့မှာ အရင်ကသတင်းထွက်ပေါ်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူအစုလိုက် သတ်ဖြတ်မှုအပါအဝင် စတဲ့အချက်အလက်တွေဒီအစီရင်ခံစာမှာပါမယ်လို့ မျှော်လင့်ပါတယ်လို့ စကော့မာစီရယ်က ပြောခဲ့ပါတယ် ။
လွပ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ရဲ့အစီရင်ခံစာထွက်လာရင် အဲဒီ အထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်တယ်လို့သံသယ ရှိသူတွေ ထဲမှာ တပ်မတော်စစ်သားကပါဝင်ရင် တိတိကျကျအရေးယူဆောင်ရွက်သွားမယ်လို့ တပ်မတော်ဘက်က ပြောဆိုထားခဲ့ပါတယ် ။
ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဂူတာပြင်ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီးပြစ်မှုကျူးလွန်တယ်လို့ ကနဦးတွေ့ရှိရသူများကို ဘူးသီးတောင်မြို့၊ နယ်မြေခံတပ် ၌ စစ်တရားရုံး (Court-Martial)ဖြင့် စစ် ဆေးနေရာ တရားလိုပြသက်သေများကို စစ်ဆေးမှု ပြီးဆုံးလုနီးပါးအခြေအနေတွင်ရှိ တယ်လို့ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းကပြောပါတယ် ။
နောက်ထပ်စစ်တရားရုံးတွေ ပေးလာနိုင်သလားဆိုတာကို တော့ ထုတ်ဖော်ပြောဆိုတာမျိုးမရှိသေးပါဘူး ။
ရခိုင်ပြည်နယ်အရေးဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေက သူတို့ လုပ်ဆောင်မယ့် တာဝန်တွေနဲ့ ပတ်သက်လို့ ၂၀၁၈ သြဂုတ်လ ၁၆ရက်နေ့က နေပြည်တော်မှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ ဆိုတာကို ဒီကော်မရှင်က စုံစမ်း စစ်ဆေးသွားမှာ ဖြစ်ပြီး အစိုးရ တာဝန်ရှိသူတွေ၊ တပ်မတော်၊ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်နယ်က အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ရာ အရေးကြီးတဲ့ နေရာတွေကို သွားရောက် စုံစမ်း စစ်ဆေးမှုတွေ ဆောင်ရွက်မယ်လို့လည်း ကော်မရှင် ဥက္ကဋ္ဌ မစ္စ ရိုဆာရီယို မယ်နာလို က ပြောခဲ့ပါတယ်။
စုံစမ်း စစ်ဆေးရေး ကော်မရှင် အဖွဲ့ဝင်တွေ ဟာဘင်္ဂလားဒေ့ရှ် နိုင်ငံဖက်ကိုထွက်ပြေးသွားသူတွေနဲ့တွေဖို့ ဘင်္ဂလားဒေ့ရှ်ကို လည်း သွားရောက် စုံစမ်းခဲ့တယ်လို့လည်း ကော်မရှင် အဖွဲ့ဝင် တွေဆီကသိရ ပါတယ်။