ဇန်နဝါရီမှာ ယူနက်စကိုတင်မယ့် မြောက်ဦးယဉ်ကျေးမှုနယ်မြေထဲ လက်နက်ကြီးကျည်ကျ

ဓာတ်ပုံ ရင်းမြစ်, CJ
တပ်မတော်နဲ့ အေအေတို့ အခုရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြောက်ဦးယဉ်ကျေးမှုနယ်မြေထဲက သမိုင်းဝင်အဆောက်အအုံတွေနား လက်နက်ကြီးကျည်တွေကျလို့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ရေး- ယူနက်စကို အသိအမှတ်ပြုခံရရေးကို ထိခိုက်နိုင်တယ်လို့ ရှေးဟောင်းသုတေသန ဌာနက ပြောပါတယ်။
ဇန်နဝါရီလကုန်ပိုင်းမှာ ယူနက်စကိုကို မြောက်ဦးနယ်မြေအတွက် မူကြမ်းတင်နိုင်ဖို့ ပြင်ဆင်နေချိန်မှာ ရှေးဟောင်း အမွေအနှစ်တွေနားကို လက်နက်ကြီးကျည်တွေကျခဲ့တာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၃ ရက် သောကြာနေ့ မနက်ပိုင်းက မြောက်ဦးမြို့ရဲ့ မြောက်ဘက် ၄ မိုင်လောက်အကွာ ပေါက်တောပြင်ကျေးရွာ အနီးက နဖူးသင်းကျစ်တော် ဓာတ်စေတီတော်ရှိတဲ့ တောင်ပေါ်ကို လက်နက်ကြီးကျည်တွေ အများအပြားကျရောက် ပေါက်ကွဲခဲ့ပါတယ်။
ဒါ့အပြင် မြောက်ဦးမြို့ကို ကျော်ပြီး အဲဒီတောင်ပေါ်ကို ပစ်ခတ်မှုတွေကြောင့် မြောက်ဦးမြို့ပေါ်မှာလည်း စိုးရိမ်ထိတ်လန့်ပြီး ကျောင်းတွေ၊ ဆိုင်တွေ ပိတ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နောက်တစ်နေ့ စနေနေ့ ဒီဇင်ဘာ ၁၄ ရက်မှာတော့ ပစ်ခတ်မှုတွေ မရှိတော့ပေမဲ့ မြို့က တိတ်ဆိတ်ငြိမ်သက် နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ခဲ့တာက ဒီဇင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ တပ်မတော်စစ်ကြောင်းတစ်ခု ပေါက်တောပြင်ကျေးရွာကိုရောက်လာပြီး သင်းကျစ်တော်တောင်ပေါ်ကိုအတက်မှာ တောင်ခြေရင်းနားအရောက် ထိတွေ့တိုက်ပွဲတစ်ခု မိနစ်အနည်းနယ်အကြာ ဖြစ်ခဲ့တာလို့ ရွာခံတွေက ပြောပါတယ်။
အဲဒီတိုက်ပွဲကြောင့် မြောက်ဦးမြို့ပေါ်မှာရှိတဲ့ တပ်ရင်းတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပေါက်တောပြင် ကျေးရွာသားတစ်ဦးက ပြောပါတယ်။
သင်းကျစ်စ်တော်တောင်ဟာ တောင်အောက်ခြေကနေ တောင်ပေါ်ဘုရားရှိတဲ့နေရာကို တက်လမ်း တစ်မိုင်လောက်မြင့်ပါတယ်။
အဲဒီတောင်ပေါ်မှာ သစ်ပင်တွေလဲသွားတယ်၊ ပေါက်ကွဲခဲ့တဲ့နေရာတွေကို အဝေးကနေ လှမ်းမြင်နေရတယ်လို့ ပေါက်တောပြင် ကျေးရွာသားက ပြောပါတယ်။
ဒီလို ပစ်ခတ်မှုတွေ လွန်ခဲ့တဲ့ သုံးရက်လောက်ကတည်းက ဖြစ်နေတာလို့လည်း ဒေသခံတွေက ပြောပါတယ်။
သင်္ကျစ်တော်တောင်ပေါ်က ရှေးဟောင်းစေတီအနီးမှာ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲတဲ့သတင်းကို ကြားရပေမဲ့ ဒေသအခြေအနေအရ ကွင်းဆင်းမစစ်ဆေးရသေးဘူးလို့ ရှေးဟောင်းသုတေသနဌာန မြောက်ဦးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောပါတယ်။
"ယဉ်ကျေးမှု အမွေအနှစ်ဇုန်ထဲမှာ ဒီလိုပစ်ခတ်မှုတွေ၊ ထိခိုက်မှုတွေရှိတာတော့ မကောင်းဘူးပေါ့လေ။ နောက်ဆုံးမူကြမ်းကို ဇန်နဝါရီ ၃၀ ဆိုရင် ကျွန်တော်တို့က တင်တော့မှာ။ ကြားကာလမှာ ဒီလိုတွေဖြစ်တာကတော့ ထိခိုက်မှု၊ သက်ရောက်မှုတော့ ရှိတာပေါ့"လို့ သူက ပြောပါတယ်။
လက်ရှိမှာ တိုက်ပွဲတွေ ဖြစ်နေတဲ့အတွက် ဌာနအနေနဲ့ အမွေအနှစ်တွေကို ကွင်းဆင်းစစ်ဆေးတဲ့အခါမှာ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေရဲ့ လုံခြုံရေးမရရှိတာကြောင့် လုပ်ငန်းဆောင်ရွက်မှု အဆင်မပြေတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။
တပ်မတော်အနေနဲ့ သမိုင်းဝင်အမွေအနှစ်တွေကို ပစ်ခတ်တာမျိုးမဟုတ်ဘဲ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို ပစ်တာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
"ကျွန်တော်တို့က ရှေးဟောင်းစေတီတွေ ရှိတဲ့နေရာကို ပစ်တာမဟုတ်ဘူး။ သင်္ကျစ်တောင် ဝန်းကျင်တစ်ဝိုက်မှာ တိုက်ပွဲဖြစ်နေတာ နှစ်ရက်ရှိပြီ။ အေအေသောင်းကျန်းသူတွေက ရှေးဟောင်းစေတီပုထိုးတွေကို အကာအကွယ်ယူပြီးတော့ ပစ်ခတ်နေတာ။ အဲ့ဒါကြောင့် ကျွန်တော်တို့က မြေပြင်တပ်ရဲ့စစ်ဆင်ရေး လိုအပ်ချက်အရ လက်နက်ကြီး ပစ်ကူပေးနေတာ။ ရန်သူရှိတဲ့ နေရာတွေကိုပဲ ပစ်တာ"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။
သင်္ကျစ်တော်တောင်ဟာ ပေါက်တောပြင်ကျေးရွာရဲ့ အရှေ့ဘက်မှာ ရှိပါတယ်။ အဲ့ဒီတောင်ပေါ်မှာ တပ်မတော်က နေရာယူထားတာ လအတန်ကြာနေပြီဖြစ်ပြီး မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြောက်ဦးမြို့ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၆၀၀ ကျော်က တည်ထားခဲ့တဲ့ရှေးဟောင်းနယ်မြေတစ်ခုဖြစ်ပြီး သင်္ကျစ်တော်စေတီဟာ မြောက်ဦးထက်စောတဲ့ ဝေသာလီခေတ်က လက်ရာလည်းဖြစ်ပါတယ်။
တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲဖြစ်ပွားမှု တစ်နှစ်တာကာလအတွင်းမှာ သင်္ကျစ်တော် စေတီ တည်ရှိတဲ့နေရာအပြင် အဲ့ဒီအနီးက ဝေသာလီမြို့တော်ဟောင်းနေရာကိုလည်း အခုလိုမျိုး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ မကြာခဏ ဖြစ်နေတဲ့အတွက် ထိခိုက်ပျက်စီးမှု တော်တော်များများ ရှိနေ နိုင်တယ်လို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့ ဥက္ကဌ ဒေါ်ခင်သန်းက ပြောပါတယ်။
"ဝေသာလီဟာ ကျွန်မတို့ရဲ့ ရှေးဟောင်းမြို့တော်တစ်ခုပါ။ နောက်ပြီးတော့ သင်္ကျစ်တော်ဘုရားဟာလဲ ဝေသာလီခေတ်က ဘုရားပါ။ ဆိုတော့ ဖြစ်တဲ့လူတွေကလည်း ဗုဒ္ဓဘာသာ၊ နောက်ပြီးတော့ နိုင်ငံတော်ရဲ့ အမွေအနှစ်တွေ၊ ရှေးဟောင်းယဉ် ကျေးမှု အမွေအနှစ်တွေကို ထိခိုက်နေတဲ့အတွက် လွန်စွာဝမ်းနည်းမိပါတယ်"
"အခုဆိုရင် သင်္ကျစ်တော်တောင်ကိုထိသွား တယ်။ အဲ့ဒီနားက ဝေသာလီခေတ် ယဉ်ကျေးမှုအမွေအနှစ်တွေလည်းပဲ တော်တော်ကို ထိခိုက်နစ်နာမယ်ဆိုတာကတော့ ကျွန်မတို့ မျက်မြင်အနေနဲ့ပြောတာပါ။ ဘယ်လောက်ထိခိုက်တယ်ဆိုတာကိုတော့ ပြောလို့မရသေးဘူး"လို့ ဒေါ်ခင်သန်းက ပြောပါတယ်။
လက်ရှိမှာတော့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ သွားရောက်ပြီး ကွင်းဆင်းမစစ်နိုင်သေးတဲ့အတွက် ထိခိုကျဆုံးရှုံးမှု ရာခိုင်နှုန်းကိုတော့ မသိရသေးဘူးလို့ မြောက်ဦးယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးအဖွဲ့က ပြောပါတယ်။
၂၀၁၉ နှစ်စပိုင်းကလည်း မြောက်ဦးမြို့တွင်းမှာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တဲ့အတွက် သမိုင်းဝင် အမွေအနှစ်တစ်ခုဖြစ်တဲ့ အနောက်မြေထဲစေတီကို လက်နက်ကြီးကျည်တွေ ကျခဲ့ပါတယ်။
မြောက်ဦး ယဉ်ကျေးမှုဇုန်ဟာ ရာနဲ့ချီတဲ့ သဘာဝ တောင်ကုန်းတောင်တန်းတွေ ကြားထဲမှာ တည်ရှိနေတဲ့ မြို့တော်ဟောင်း တစ်ခုဖြစ်ပြီး အဲ့ဒီရာနဲ့ချီတဲ့ တောင်ကုန်းတောင်တန်းတွေအနက် သမိုင်းအမွေအနှစ်မရှိတဲ့တောင် သုံးလုံးပဲရှိပါတယ်။








