ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်နက်ကိုင် နှစ်ဖက်လုံးက ကျူးလွန်တယ်လို့ AGIPP ပြော

ဒုက္ခသည်စခန်းတွေပိတ်သိမ်းရေးမဟာဗျူဟာ အကောင်အထည် ဖော်ဖို့ဆိုရင်တော့ ဒုက္ခသည်တွေနဲ့ အမျိုးသမီးတွေရဲ့အသံတွေများများ လို

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, ဒုက္ခသည်စခန်းတွေ ပိတ်သိမ်းရေး မဟာဗျူဟာ အကောင်အထည် ဖော်ဖို့ဆိုရင်တော့ ဒုက္ခသည်တွေနဲ့ အမျိုးသမီးတွေရဲ့အသံတွေများများ လို
ရေးသားခဲ့သည်။

အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC နဲ့တိုင်းရင်းသားဒေသက အမျိုးသမီးနဲ့ ငြိမ်းချမ်းရေးကွန်ရက်အဖွဲ့တွေ စုစည်းထားတဲ့ ငြိမ်းချမ်းရေးအတွက် ကျားမ တန်းတူရေး မဟာမိတ်အဖွဲ့ AGIPP တို့ဟာ ဒီဇင်ဘာ ၇ ရက်ကရန်ကုန်က NRPC ရုံးမှာ တွေ့ဆုံခဲ့ကြပါ တယ်။

ဒီတွေ့ဆုံပွဲမှာ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေး၊ ကလေးသူငယ်အရေး၊ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေး အပြင် ပဋိပက္ခအတွင်း အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှု နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်လို့ AGIPP အဖွဲ့ဝင် နန်းဖြူဖြူလင်းက ဘီဘီစီကို ပြောပါတယ်။

တပ်မတော်ရဲ့ ပဋိပက္ခဒေသတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အပေါ် စစ်ဘက်ဆိုင်ရာခုံရုံးတွေမှာပဲ သီးခြားစစ်ဆေးနေတာဟာ ပွင့်လင်းမြင်သာမှုမရှိဘူးလို့ တင်ပြခဲ့တယ်လို့လည်း သူက ဆက်ပြောပါတယ်။

"ကျူးလွန်သူတွေကို စစ်ဖက်ဆိုင်ရာခုံရုံးတွေကနေ ဘယ်လိုအရေးယူပါတယ်ဆိုတာ ပွင့်လင်းမြင်သာမှုရှိအောင်လို့ ပြည်သူလူထုတွေသိအောင် ပြောပြဖို့ သူတို့ (NRPC) က တိုက်တွန်းပေးမယ်လို့တော့ ပြောပါ တယ်" လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။

ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကျူးလွန်တာဟာ တပ်မတော် တစ်ဖွဲ့တည်းမဟုတ်ဘဲ တခြားလက်နက်ကိုင် အဖွဲ့တွေကျူးလွန်တာလည်းရှိတယ်လို့ သူတို့အဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ကွန်ရက်တွေက ဒေသအသီးသီးမှာ ကောက်ယူထားတဲ့ စာရင်းဇယားတွေပေါ် အခြေခံပြီး သူကပြောပါတယ်။

"ရှိတယ်။ နည်းတယ်။ ဝမ်းနည်းစရာကောင်းတာက ပဋိပက္ခဖြစ်ပွားတဲ့ပုံစံသာကွဲမယ်။ ပဋိပက္ခ ဖြစ်ပွားတဲ့နေရာသာ ကွဲမယ် ။ ဒါပေမဲ့ တိုင်းရင်းသူ အမျိုး သမီးတွေကို ပစ်မှတ်ထားပြီး အစုလိုက်အပြုံလိုက် မုဒိမ်းကျင့်တဲ့ပုံစံကတော့ လုံးဝကိုမကွဲဘဲ တစ်ပုံစံတည်းဖြစ်နေတာကို ဝမ်းနည်းဖွယ်ရာ တွေ့ရပါ တယ်" လို့သူက ဆိုပါတယ်။

ဒုက္ခသည်စခန်းတွေမှာရှိတဲ့ အမျိုးသမီးတွေမှာတော့ အိမ်တွင်းအကြမ်းဖက်မှုဆိုတဲ့ ပြဿနာကို ရင်ဆိုင်နေရပြီး ဒုက္ခသည် စခန်းတွေဆီရောက်မလာဘဲ ပဋိပက္ခဒေသတွင်းမှာ နေထိုင် လုပ်ကိုင်စားသောက်နေရတဲ့ တိုင်းရင်းသူအမျိုးသမီးတွေမှာ အခုလို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကိုကြုံနေရတာ ဖြစ်တယ် လို့ နန်းဖြူဖြူလင်းက ရှင်းပြပါတယ်။

"ကိုယ့်ဒေသမှာ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ကိုယ့်ထမင်းကိုယ်ရှာစားနေရတဲ့ တိုင်းရင်းသူအမျိုးသမီးတွေမှာ တောင်ယာသွားရင်း ဒီလို ကြုံနေရတာ" လို့ သူက ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစာရင်းဇယားတွေဟာ ဒေသခံကွန်ရက်တွေက ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်တို့မှာ တစ်နိုင်တစ်ပိုင် ကောက်ယူတဲ့စာရင်း တွေဖြစ်ပြီး ဒီထက်ပိုပြီးတိကျတဲ့အချက်အလက် တွေရရှိဖို့ အစိုးရအနေနဲ့ နိုင်ငံတော်အဆင့် စာရင်းတွေကောက်ယူပေးဖို့ အကြံပြုတင်ပြခဲ့တယ်လို့ ဆိုပါ တယ်။

လက်ရှိမှာ ဒုက္ခသည်စခန်းတွေပိတ်သိမ်းရေးမဟာဗျူဟာကို အစိုးရက ပြီးခဲ့တဲ့အောက်တိုဘာမှာ ပြဌာန်းလိုက်ပြီဖြစ်ပေမယ့် တကယ်အကောင်အထည် ဖော်ဖို့ဆိုရင်တော့ ဒုက္ခသည်တွေနဲ့ အမျိုးသမီးတွေရဲ့အသံတွေများများ လိုတယ်ဆိုတာ အစိုးရကို တင်ပြခဲ့တယ်လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။

NRPC ကလည်း ဒီမဟာဗျူဟာကိုဦးဆောင်ရေးဆွဲတဲ့အထဲမှာ ပါဝင်ပြီး ပြန်လည်ထူထောင်ရေး၊ နေရပ်ပြန် ရေးနဲ့ နေရာချထားရေးတို့မှာ AGIPP အပါအဝင် အရပ်ဖက်အဖွဲ့တွေရဲ့ ပါဝင်ဖို့လည်း ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိကဝတ်ကိုရတယ်လို့ ဆိုပါတယ်။

ပဋိပက္ခဒေသတွင်း အရပ်သား ကာကွယ်ရေး အရေးကြီးပြီး အပစ်ရပ်စာချုပ် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ နယ်မြေတွင်းပဲဖြစ်စေ၊ လက်မှတ်မထိုးထားတဲ့အဖွဲ့တွေရဲ့ နယ်မြေအတွင်း ဖြစ်စေ အရပ်သားတွေ ခံစားနေရတဲ့ အသံကို နားထောင်ပေးဖို့လည်း တင်ပြခဲ့တယ်လို့ ဆိုပါတယ်။

AGIPP က တင်ပြတဲ့အထဲမှာ စစ်ပွဲတွေရပ်ဆိုင်းဖို့နဲ့ မြေမြှုပ်မိုင်းတွေရှင်းလင်းပြီးမှသာ ဒုက္ခသည်တွေ နေရပ်ပြန်ပို့ဖို့ တင်ပြချက်အပေါ်မှာတော့ NRPCက ဒါတွေကို လတ်တလော ချက်ချင်းဆောင်ရွက်ဖို့ မဖြစ်နိုင်တဲ့အကြောင်း ပြန်ဆွေးနွေးတယ်လို့ နန်းဖြူဖြူလင်းက ပြောပါတယ်။

"NCA မထိုးထားသေးတဲ့ဒေသတွေမှာဆိုရင် Bilateral agreement (နှစ်ဖက်အပစ်ရပ်သဘောတူစာချုပ်) လိုပါတယ်လို့ပြောတယ်။ ဒီ သဘော တူညီချက်ရရင် နောက်ဆက်တွဲအနေနဲ့ မိုင်းရှင်းလင်းရေးမဟာဗျူဟာနဲ့ စီမံကိန်းတွေကို ဆက်လုပ်ပါမယ်လို့ ပြောတယ်။ ကျွန်မတို့ဘက်ကလည်း ဘာတောင်းဆိုလဲဆိုတော့ ပြန်လည်ထူထောင်ရေးလုပ်တဲ့အခါမှာ မိုင်းရှင်းပေးပါ့မယ်ဆိုတဲ့အာမခံချက်မရှိဘဲနဲ့ ကျွန်မတို့ကတော့ ဒီ Bilateral ကို လက်မှတ်ထိုးပါလို့ တွန်းအားပေးဖို့မဖြစ်နိုင်ဘူးလို့ အပြန်အလှန် ပြောရတာလေးတော့ရှိနေပါတယ်" လို့ သူကဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစာရင်းဇယားတွေဟာ ဒေသခံကွန်ရက်တွေက ကချင်ပြည်နယ်နဲ့ ရှမ်းမြောက်တို့မှာ တစ်နိုင်တစ်ပိုင် ကောက်ယူတဲ့စာရင်း တွေဖြစ်ပြီး ဒီထက်ပိုပြီးတိကျတဲ့အချက် အလက်တွေရရှိဖို့ အစိုးရအနေနဲ့ နိုင်ငံတော်အဆင့် စာရင်းတွေကောက်ယူပေးဖို့ အကြံပြုတင်ပြခဲ့တယ်လို့ ဆိုပါ တယ်။

ဒီတွေ့ဆုံပွဲကို NRPC ဘက်က နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး၊ ငြိမ်းချမ်းရေး ကော်မရှင်အကြံပေးအဖွဲ့ဝင် ဦးမိုးဇော်ဦး အပါအဝင် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။ AGIPP ဘက်ကတော့ ဥက္ကဋ္ဌ ဒေါ်မေစံပယ်ဖြူ၊ အဖွဲ့ဝင် နန်းဖြူဖြူလင်းအပါအဝင် ကိုယ်စားလှယ် အဖွဲ့ တက်ရောက်ခဲ့ပါတယ်။

တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး NRPC နဲ့ ငြိမ်းချမ်းရေးကော်မရှင်တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းခဲ့ ပေမယ့် အဆက်အသွယ်မရရှိခဲ့ပါဘူး။

ခုလို ပဋိပက္ခတွင်းအခြေအနေတွေကို AGIPP အဖွဲ့အနေနဲ့ အကြံပြုချက်တွေ တင်ပြပြီး အစိုးရကို ဆောင်ရွက်ပေးဖို့ ကြိုးပမ်းလာတာ ကြာပြီဖြစ်ပေမယ့် အခုမှ အစိုးရက လက်ခံတွေ့ဆုံခွင့်ပေးတာ ဖြစ်ပါတယ်။