အဝေးသင်တက္ကသိုလ် နှစ်ကြိမ်ခွဲတက်သင့်မသင့် ကျောင်းသားဆန္ဒကောက်ခံမယ်

ရေးသားခဲ့သည်။

လာမယ့် ၂၀၂၀ ပညာသင်နှစ်က စလို့ အဝေးသင်တက္ကသိုလ်တွေမှာ အနီးကပ် နှစ်ကြိမ်ခွဲတက်ဖို့ အစီအစဉ်နဲ့ ပတ်သက်လို့ ပညာရေးဝန်ကြီးဌာနက ဦးဆောင်ပြီး ကျောင်းသူကျောင်းသားတွေရဲ့ သဘောထားဆန္ဒကို စစ်တမ်း ကောက်မေးမြန်းမှုတွေလုပ်သွားမယ်လို့ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သိန်းဝင်းက ဆိုပါတယ်။

အနီးကပ် ၁၀ ရက် ကို ပညာသင်နှစ်ကစလို့ တစ်နိုင်ငံလုံးမှာရှိတဲ့ အဝေးသင် တက္ကသိုလ်တွေမှာ တက်ရောက်ကြမယ့် ကျောင်းသူကျောင်းသားတွေဟာ အနီးကပ် ၁၀ရက်ကို ၅ ရက်စီ နှစ်ကြိမ်ခွဲပြီး တက်ရောက်ရမယ်လို့ ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက အောက်တိုဘာ ၁၆ ရက်နေ့က တက္ကသိုလ်များ ဖွံ့ဖြိုး တိုးတက်မှု အကောင်အထည်ဖော်ရေး နှီးနှောဖလှယ်ပွဲမှာ ပြောခဲ့တာဖြစ်ပါတယ်။

ဒီအပေါ် ကန့်ကွက်မှုတွေ ရှိခဲ့အပြီးမှာတော့ ပညာရေးဝန်ကြီးဌာနဘက်က ကျောင်းသားကျောင်းသူတွေရဲ့ သဘောဆန္ဒကို စစ်တမ်းကောက်ယူ မေးမြန်းမှုတွေလုပ်ပြီး အဲ့ဒီရလဒ်အပေါ် မူတည်လို့ အကောင်အထည် ဖော်သင့် မဖော်သင့် ဆုံးဖြတ်မှာ ဖြစ်ပါတယ်။

ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးကတော့ ကျောင်းစဖွင့်ဖွင့်ချင်း အနီးကပ် သင်တန်း ၅ ရက်တက်ပြီး ဘာသာရပ် မိတ်ဆက် အော်ရီရန်တေးရှင်းကို လုပ်ထားမယ် ဆိုရင် စာမေးပွဲနီးလို့ အနီးကပ် ၅ ရက် မတက်ရသေးတဲ့ ကြားကာလမှာ ဘာသာရပ်တွေကို ကြိုတင်လေ့လာထားနိုင်မှာမို့ ပညာသင်ယူရေးမှာ ပိုမိုထိရောက်လာမယ်ဆိုတာကို လန်ဒန်အိုးပင်းယူနီဗာစတီက အကြံပြုထားတယ်လို့ ပြောပါတယ်။

အလုပ်လုပ်ရင်း ကျောင်းတက်နေသူတွေကတော့ ၂ ကြိမ်ခွဲတက်ရတဲ့ ပညာရေး စနစ်ဟာ လုပ်ငန်းခွင်မှာ ခွင့်ရ ယူဖို့ခက်ခဲတာကြောင့် ဒီစနစ်ကို လက်မခံလိုဘူးလို့ အလုပ်လုပ်ရင်း အဝေးသင်တက်နေသူတွေက ဆိုပါတယ်။

မုံရွာတက္ကသိုလ်ထဲမှာ ဗီနိုင်းတွေထောင်ပြီး ကန့်ကွက်လှုပ်ရှားမှုတွေ အောက်တိုဘာလ ၂၀ ရက်နေ့မှာ စလုပ်ခဲ့တယ်လို့ မုံရွာတက္ကသိုလ် အင်္ဂလိပ်စာ အထူးပြု ဒုတိယနှစ် အဝေးသင်ကျောင်းသား ကိုဇော်ရဲထွဋ်က ပြောပါတယ်။

၂၀၁၈ ခုနှစ်တုန်းကတော့ အဝေးသင်တက္ကသိုလ် အနီးကပ်သင်တန်းကို နှစ်ကြိမ်ခွဲပြီး တက်ရမယ် ဆိုတဲ့အတွက် ကျောင်းသားတွေဘက်က ဖဲကြိုးနီ လှုပ်ရှားမှုတွေနဲ့ ကန့်ကွက်တာကြောင့် အစီအစဉ်ကို ယာယီရပ်ဆိုင်းခဲ့ရပါတယ်။