ကျောက်ဖြူအထူးစီးပွားဇုန်ဟာ ရခိုင်ပြည်နယ်သားတို့အတွက် အလုပ်အကိုင်ရစေလား

ကျောက်ဖြူ ရေနက် ဆိပ်ကမ်း
ဓာတ်ပုံ ပုံစာ, ကျောက်ဖြူ ရေနက် ဆိပ်ကမ်း
ရေးသားခဲ့သည်။

စက်တင်ဘာ ၂၈ ရက်နေ့က ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က အမုန်းတရားကင်းမဲ့ဇုန် အစည်းအဝေးခန်းမှာ ဒေသခံတိုင်းရင်းသားတွေ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတော့ ဒေသဖွံ့ဖြိုးရေးအတွက် ကျောက်ဖြူမြို့မှာ တည်ဆောက်မယ့် ကျောက်ဖြူ အထူးစီးပွားဇုန်ကို ဒီနှစ် မကုန်မီ အပြီးတည်ဆောက်ဖို့ အစိုးရကို ဝိုင်းပြီး တောင်းဆိုခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးကို ကျောက်ဖြူ ၊ရမ်းဗြဲ ၊ မာန်အောင်နဲ့ အမ်းမြို့နယ် ၄ ခုက ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ စုစုပေါင်း လူပေါင်း ၆၀ဝကျော် တက်ရောက်ခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မနေ့က အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်ကတော့ ဒီအထူးစည်းပွားရေးဇုန် ကျောက်ဖြူမှာလုပ်ဖို့ ့မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ဖို့ လိုအပ်တယ်လို့ ဒီမှာတက်ရောက်လာသူတွေက ဆွေးနွေးတယ် အများသဘောတူကြတယ်ဆိုတဲ့ အချက်တစ်ချက်တော့ သိရပါတယ်။ ရခိုင်ပြည်နယ်မှာ က ဘာစီးပွားရေးလုပ်ငန်း၊ ဘာစက်မှုလုပ်ငန်း မှ မရှိတဲ့အတွက်ကြောင့် ရခိုင်တွေက အလုပ်ကိုင်အခွင့်အလမ်း မရှိကြဘူး။

ဘာဝင်ငွေရလမ်းမှ မရှိကြဘူး အဲလို အခြေအနေမှာ ရခိုင်တွေက ကိုယ့်ဒေသမှာ ဘာမှ လုပ်ကိုင်စားသောက်ရတဲ့ အခြေအနေမရှိတာကြောင့် ပြည်ပမှာ နည်းအမျိုးမျိုးနဲ့ ထွက်ပြီးတော့ ပြည်မမှာဖြစ်ဖြစ် ပြည်ပနိုင်ငံတွေမှာဖြစ်ဖြစ် အလုပ်လုပ်နေကြတယ်။ အဲဒီအခက်အခဲတွေဖြေရှင်းဖို့ ဆိုရင် ကျွန်တော်တို့ဒေသမှာ စက်ရုံအလုပ်ရုံတွေ ရှိဖို့လိုအပ်လာတယ် လို့ပြောပါတယ်။

ဒါပေမယ့်လို့ အဲဒီအထူးစီးပွားဇုန် မလုပ်ချင်တဲ့ရွာတွေရှိပြီး မလုပ်ချင်သူတွေအတွက် ဘာတွေ ဆောင်ရွက်ပေးမယ်ဆိုတာ တာဝန်ယူတာဝန်ခံမှုရှိတာ မတွေ့ရဘူးလို့ လူမှုရေးလုပ်ငန်း ဆောင်ရွက်နေတဲ့ ကျောက်ဖြူဒေသခံ မကြည်ကြည်နှင်းက ဆိုပါတယ်။

ပထမကျွန်မတို့ ၂၀၁၅ ခုနှစ် လွှတ်တော်သက်တမ်းမှာလည်း ဒီ SEZ ကို လက်မှတ်ထိုးဖို့အတွက် ကျွန်မတို့ ထဲထဲဝင်ဝင်ဆွေးနွေးခဲ့ပါတယ်။ အဓိကကတော့ ကျွန်မတို့ဒေသခံတွေ လယ်ယာမြေနဲ့ ပတ်သက်လို့ သိမ်းတဲ့လယ်ယာမြေတွေကို ရသင့်ရထိုက်တဲ့ တန်ဖိုးကို ရစေချင်တာရယ် ၊ အလုပ်အကိုင်အခွင့်အလမ်းကို ရစေချင်တာရယ် အားလုံးဝိုင်းဝန်းပြီး ကြိုးပမ်းရမှာပေါ့ လို့ လွှတ်တော်အပိုင်းမှာ ဒီစီးပွားဇုန်နဲ့ ပတ်သက်လို့ ဆောင်ရွက်နေတာနဲ့ ပတ်သတ်ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ဘီဘီစီကို ပြောပါတယ်။

အသံဖိုင် ပုံစာ, တပတ်အတွင်း စီးပွားရေး သုံးသပ်ချက်

အခုတည်ဆောက်မယ့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဟာ အရင် ဦးသိန်းစိန်လက်ထက်ကတည်းက အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ စီမံကိန်းဖြစ်ပေမယ့် အဲဒီ အစိုးရသက်တမ်းမှာရော အခုအစိုးရသက်တမ်းမှာပါ အကောင်အထည်ဖော် ဆောင်ရွက်တာမျိုး မရှိခဲ့ပါဘူး။

တရုတ်-မြန်မာ စီးပွားရေး စင်္ကြံစီမံကိန်း CMEC စင်္ကြံ စီမံကိန်းကို တရုတ်ပြည် ကူမင်းကနေ မန္တလေး- ရန်ကုန်- ကျောက်ဖြူ အထူးစီးပွားရေးဇုန်ဒေသအထိ ချိတ်ဆက်ဖို့ ပါဝင်သလို မြန်မာဘက်ကလည်း မူအားဖြင့် သဘောတူထားပါတယ်။