ပြည်သူ ထိခိုက်ပါက နိုင်ငံတကာ စစ်ခုံရုံးရောက်အောင်ပို့မည် အပါအဝင် မနက်ခင်း သိသင့်တဲ့ သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Dau Dee
ပြည်သူကို မထိခိုက်စေဖို့ KBC သတိပေးထုတ်ပြန်
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က လက်နက်ကြီးထိမှန်လို့ ကွတ်ခိုင်မြို့နယ်မှာ ရှိတဲ့ ပြည်သူ ၅ ဦး သေဆုံးမှုနဲ့ ပတ်သက်လို့ ထုတ်ပြန်ချက်တစ်ခု စက်တင်ဘာလ (၁) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့ မနက်ပိုင်းက မြန်မာတပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့ကြား ဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့် ကွတ်ခိုင်မြို့နယ်ထဲက မော်ဟိတ်စုစည်းကျေးရွာအတွင်း လက်နက်ကြီးကျကာ လသားကလေးငယ်နဲ့ မိခင်အပါအဝင် လူ ၅ ဦးသေဆုံးခဲ့ပါတယ်။
ဒီလို သေဆုံးမှုနဲ့ ပတ်သက်လို့ လက်နက်ကိုင်အချင်းချင်း တိုက်ခိုက်ခြင်းမဟုတ်ပဲ အပြစ်မဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဦးတည် တိုက်ခိုက်လာခြင်းဟာ လူမဆန်တဲ့ လုပ်ရပ် ဖြစ်သလို အပြည်ပြည်ဆိုင်ရာစစ် ဥပဒေကိုလည်း ထိပါးစော်ကားရာ ရောက်ကြောင်းနဲ့ အခုလုပ်ရပ်နဲ့ ပတ်သက်လို့ လုံးဝ ကန့်ကွက်ရှုတ်ချကြောင်း ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC က ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။
နောက်နောင် အခုလို လုပ်ရပ်တွေ ဆက်လက်ကျုးလွန်ပါက မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းမဆို နိုင်ငံတကာ စစ်ခုံရုံးရောက်အောင် နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့လဲ အဲဒီထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။
ဂူတာပြင်က ရိုဟင်ဂျာတချို့ သတ်ဖြတ်ခံရမှု တပ်က အရေးယူမယ်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ရွာက ရိုဟင်ဂျာတစ်ချို့ကို သတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်မှာ ပါဝင်ပတ်သက်တဲ့ စစ်သားတချို့ကို တပ်မတော်က စုံစမ်းစစ်ဆေးပြီး ထိထိရောက်ရောက် အရေးယူဆောင်ရွက်မယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဆိုပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက " ဗိုလ်ချုပ်မြတ် ကျော် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေး ခုံရုံးက စစ်ဆေးတဲ့အခါမှာ စည်းမျဉ်းတွေ ညွှန်းကြားချက်တွေကို လိုက်နာဆောင်ရွက်မှု အားနည်းတယ်ဆိုတာ ပေါ်ပေါက်တဲ့အတွက် စစ်စည်းကမ်းအရ အရေးယူနိုင်အောင် စစ်တရားရုံးဖွဲ့စည်း ဆောင်ရွက်သွားမှာဖြစ်ပါတယ် " လို့ ပြောခဲ့ပါတယ်။
အခုစစ်တရားရုံးဖွဲ့စည်းဆောင်ရွက်နေစဉ်မှာတော့ အသေးစိတ်ကိုတော့ ပြောပြမှာ မဟုတ်ဘူးပဲ စစ်ဆေးပြီးတဲ့အချိန်မှာတော့ အမိန့်ဘယ်လို ချမှတ်ခဲ့တယ် အရေးယူခဲ့တယ်ဆိုတာကို ထုတ်ပြန်မှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

ဒိုနီယန် ဟာရီကိန်း ဘဟားမားကျွန်းစုကို အရှိန်ပြင်းပြင်းဝင်ရောက်
ဒိုနီယန်လို့ နာမည်ပေးထားတဲ့ ဟာရီကိန်းမုန်တိုင်းဟာ အတန္တိတ် သမုဒ္ဒရာထဲက ဘဟားမား ကျွန်းစုနိုင်ငံ အနောက်မြောက်ပိုင်းကို ဒီကနေ့ အရှိန်ပြင်းပြင်းနဲ့ ဝင်ရောက်ခဲ့ပါတယ်။
လေပြင်းအားတစ်နာရီကို မိုင် ၁၈၀ ကျော်ပြင်းထန်တဲ့အတွက် အဆောက်အအုံတွေ ပျက်စီး၊ သစ်ပင်တွေ ပြိုလဲပြီး မော်တော်ကားတွေလည်း လွင့်စင်တိမ်းမှောက်ကုန်ပါတယ်။
ဒါ့အပြင် ရေကြီးတာတွေလည်း နောက်ဆက်တွဲ ပေါ်ပေါက်လာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဟာရီကိန်းဆိုင်ရာ ဌာနအဆိုအရ မှတ်တမ်းတင်ထားသမျှ အဲဒီဒေသကို ဝင်ရောက် တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာတော့ ဒီမုန်တိုင်းဟာ အပြင်းထန်ဆုံးပဲလို့ ဆိုပါတယ်။
အဲဒီဟာရီကိန်းဟာ ဘဟားမားကျွန်းစုမှာ နာရီ ၃၀ လောက် ဝင်ရောက်တိုက်ခတ်ပြီး အမေရိကန်ပြည်ထောင်စုကို ဦးတည်နေတာကြောင့် ဖလော်ရီဒါ ၊ ဂျော်ဂျီယာ တောင်နဲ့မြောက် ကယ်ရိုလိုင်းနား ပြည်နယ်တွေမှာ အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဟောင်ကောင်မှာ နှစ်ရက်ကြာ အထွေထွေသပိတ်စတင်
ဟောင်ကောင်မှာ ဒီမိုကရေစီ ပိုရရေးတောင်းဆိုသူတွေဟာ သြဂုတ်လ ၃၁ ရက်နေ့နဲ့ စက်တင်ဘာ ၁ ရက်နေ့မှာ ဆန္ဒပြပွဲတွေ ပြင်းပြင်းထန်ထန် ပြုလုပ်ခဲ့ကြပြီးတဲ့နောက် ဒီကနေ့ စက်တင်ဘာ ၂ ရက်နေ့က စလို့ နှစ်ရက်ကြား အထွေထွေသပိတ် စတင်နေပါတယ်။
သြဂုတ်လ ၃၁ ရက်နေ့တုန်းကတော့ ဆန္ဒပြပွဲကြီး တစ်ခုအပြီးမှာ ရဲတပ်ဖွဲ့တွေဟာ မြေအောက် ရထားဘူတာရုံတွေမှာ လူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက်တာတွေ မြင်ရပါတယ်။
ဒါ့အပြင် စက်တင်ဘာ ၁ရက်နေ့တုန်းကလည်း ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေက ဟောင်ကောင်နိုင်ငံတကာ လေဆိပ်ကိုသွားတဲ့လမ်းကို ပိတ်ဆို့ခဲ့ကြပါတယ်။
ဟောင်ကောင်မှာ အကြီးဆုံးဖြစ်တဲ့ ကေသီပစိဖိတ် လေကြောင်းလိုင်းကြီးကတော့ ဒီကနေ့ အထွေထွေသပိတ်မှာ ပူးပေါင်းမယ်ဆိုရင် အလုပ်ဖြုတ်ခံရနိုင်တယ် ဆိုပြီး သူ့ရဲ့ ဝန်ထမ်းတွေကို သတိပေးထားပါတယ်။
ကေသီပစိဖိတ်လေကြောင်းလိုင်းဟာ အစောပိုင်းဆန္ဒပြပွဲတွေမှာ ပါတဲ့ဝန်ထမ်းလေးဦးကို အလုပ်ဖြုတ်ခဲ့ပြီး ဖြစ်ပါတယ်။ ဟောင်ကောင်မှာ နွေကျောင်းပိတ်ရက်အပြီး ပညာသင်နှစ်ဝက်ကာလအတွက် တက္ကသိုလ်တွေ ပြန်ဖွင့်ပြီ ဖြစ်ပေမယ့် ဟောင်ကောင် ဒီမိုကရေစီပိုရရေး လှုပ်ရှားမှုမှာ အဓိက အင်အားစုဖြစ်တဲ့ ကျောင်းသားတွေကတော့ အတန်းမတက်ပဲ သပိတ်မှောက်ပွဲ လုပ်ဖို့ ပြင်ဆင်နေကြပါတယ်။
တရုတ်ပြည်မကြီးကို တရား ခံလွှဲပြောင်းမယ့် ဥပဒေမူကြမ်းကြောင့် ဟောင်ကောင်ရဲ့တရားရေး လွတ်လပ်မှု ယိမ်းယိုင်မယ်ဆိုပြီး အဲဒီဥပဒေမူကြမ်းကို ဖျက်သိမ်းဖို့ ဟောင်ကောင်ဒေသခံတွေ တောင်းဆိုရာ ကနေ အခုလို ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာတာ လချီကြာမြင့်နေပါပြီ။









