MH17 ကို ထိတဲ့ ဒုံးကျည် ရုရှားဘက်က လာတာလို့ဆို

ဓာတ်ပုံ ရင်းမြစ်, AFP
၂၀၁၄ ခုနှစ်က ယူကရိန်း အရှေ့ပိုင်းမှာ မလေးရှား လေကြောင်းပိုင် MH17 လေယာဉ်ကို ပစ်ချခဲ့တဲ့ ဒုံးကျည်ဟာ ရုရှား လိုလားတဲ့ သူပုန်တွေ ထိန်းချုပ်ရာ နယ်မြေထဲကနေ ပစ်လွှတ်ခဲ့တာ ဖြစ်တယ်လို့ နိုင်ငံတကာ စုံစမ်း စစ်ဆေးရေးအဖွဲ့က ပြောလိုက်ပါတယ်။
ရုရှားလုပ် ဘက်ခ် ဒုံးကျည်နဲ့ ဒုံးကျည်ပစ်တဲ့ ယာဉ်ကို ရုရှားထဲကနေ ယူဆောင်ခဲ့တာ ဖြစ်ပြီး နောက်တစ်ရက်မှာ ရုရှားဘက်ကို ပြန်ပို့ခဲ့တာ တွေ့ရတယ်လို့လည်း စုံစမ်း စစ်ဆေးရေး အဖွဲ့က ပြောပါတယ်။
အမ်စတာဒမ် ကနေ ကွာလာလမ်ပူ ကို ပျံသန်းတဲ့ အဲဒီ MH17 ခရီးသည်တင် လေယာဉ်ပေါ်မှာ ဒတ်ချ် နိုင်ငံသား အများစု ပါဝင်တဲ့ လူ ၂၉၈ ဦး လိုက်ပါခဲ့ပြီး၊ လေယာဉ်ကို ဒုံးကျည် ထိမှန်လို့ လေထဲမှာတင် ပေါက်ကွဲ ပျက်ကျခဲ့တာ ဖြစ်ပါတယ်။
အမှုလိုက်သူတွေ အနေနဲ့ လူ အယောက် ၁၀၀ လောက်ကို ဒီအမှုနဲ့ ပတ်သက်ပြီး စစ်ဆေးဖို့ ရှိတယ်လို့ ခရီးသည်တွေရဲ့ မိသားစုတွေက ဘီဘီစီကို ပြောပါတယ်။
ရုရှားကတော့ အဲဒီ ဒုံးကျည်ဟာ ခွဲထွက်ရေး သူပုန်တွေရဲ့ လက်ချက် ဆိုတဲ့ စွဲချက်ကို ငြင်းဆန် ထားပါတယ်။
ဒတ်ချ်တွေ ဦးဆောင်တဲ့ အဲဒီ စုံစမ်း စစ်ဆေးရေး အဖွဲ့မှာ နယ်သာလန်၊ သြစတြေးလျ၊ ဘယ်လ်ဂျီယံ၊ မလေးရှားနဲ့ ယူကရိန်း နိုင်ငံတွေက အမှုလိုက်သူတွေ ပါဝင်ပါတယ်။




