MH 17 ပျက်ကျမှုမှာ ကလေးတွေပါသွားပေမယ့် သမီးထပ်မွေး

 Violet May Maslin
ဓာတ်ပုံ ပုံစာ, မွေးဖွား လာတဲ့ Violet May Maslin
ရေးသားခဲ့သည်။

ယူကရိန်းမှာ MH17 မလေးရှား လေကြောင်းက လေယာဉ် ပစ်ချ ခံရတုန်းက ကလေး ၃ ယောက် ပါသွားခဲ့တဲ့ သြစတြေးလျ ဇနီး မောင်နှံမှာ သမီးလေး တယောက် ထပ်ပြီး ထွန်းကား ခဲ့ပါတယ်။

Anthony Maslin နဲ့ Marite Norris တို့ရဲ့ ကလေး ၃ ယောက်စလုံး သူတို့ အဘိုး Nick Morris နဲ့ အတူ ၂ဝ၁၄ ဇူလိုင်လက ယူကရိန်း အရှေ့ပိုင်းမှာ လေယာဉ် ပျက်ကျပြီး သေဆုံး ခဲ့ရပါတယ်။

သြစတြေးလျ အနောက်ပိုင်း ပါ့သ်မြို့က Anthony Maslin တို့ ဇနီး မောင်နှံဟာ ခုလို သမီးလေး တယောက် ထပ်မွေးလို့ မယုံနိုင်စရာ လက်ဆောင်ရသလို ခံစားရတယ် လို့ ပြောပါတယ်။

ချစ်ခြင်းတရားဟာ အမုန်းထက် ပိုပြီး စွမ်းအားကြီးကြောင်း သူတို့ရဲ့ ယုံကြည်မှုကိုမွေးဖွားလာတာက စမ်းသပ်လိုက်တာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

သူတို့မှာ ခုထိ ဖြေဆည်လို့ မရ သေးပေမယ့် ကလေး ၄ ယောက် စလုံး သူတို့နဲ့ အတူ ရင်ထဲမှာ အမြဲ ရှိနေမယ်လို့ သိထားရင် ဒီခံစားရမှုကနေ ရုန်းထွက်နိုင်မယ်လို့လည်း ပြောပါတယ်။

mh_17_

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ယူကရိန်းမှာ MH17 လေယာဉ် ပစ်ချ ခံရ

အမ်စတာဒမ်ကနေ ကွာလာလမ်ပူ သွားတဲ့ မလေးရှား လေယာဉ် ပစ်ချ ခံရတုန်းက သူတို့ ဇနီး မောင်နှံက အမ်စတာဒမ် မှာ နေနေကြပြီး အသက် ၈ နှစ်က ၁၂ နှစ်ထိ ရှိတဲ့ ကလေး ၃ ယောက်က အဘိုးနဲ့ အတူ သြစတြေးလျကို ပြန်ကြတာ ဖြစ်ပါတယ်။

လေယာဉ်ပေါ်ပါ လူ ၃ဝဝ နီးပါး သေဆုံးခဲ့စဉ်က ကလေးငယ် ၈ဝ ပါသွားခဲ့ပါတယ်။