စင်္ကာပူ လေယာဉ် အရေးပေါ် ဆင်းသက်စဉ် မီးလောင်

ဓာတ်ပုံ ရင်းမြစ်, AP
စင်္ကာပူ ခရီးသည်တင် လေယာဉ် တစ်စီး အရေးပေါ် ဆင်းသက်ခဲ့စဉ် အင်ဂျင် မီးလောင်မှု ဖြစ်ပွားခဲ့ပါတယ်။
ဒေသစံတော်ချိန် မနက် ၂ နာရီ မှာ စင်္ကာပူ ကနေ အီတလီ မီလန် မြို့ကို ပျံသန်း နေတဲ့ လေယာဉ် အမှတ် SQ 368 မှာ အင်ဂျင်ပိုင်း ဆိုင်ရာ ချို့ယွင်းမှု ရှိခဲ့တာကြောင့် စင်္ကာပူ ဘက်ကို ပြန်လှည့်ပြီး အရေးပေါ် ဆင်းသက် ခဲ့ရတာ ဖြစ်ပါတယ်။
ဘိုးရင်း ၇၇၇ လေယာဉ် ရဲ့ ညာဘက် အင်ဂျင်ဟာ ဆင်းသက်ခဲ့ပြီး သိပ်မကြာခင် မှာပဲ မီးလောင်မှု ဖြစ်ပွား ခဲ့ပါတယ်။
ဒါပေမယ့် ခရီးသည် ၂၂၂ ယောက် နဲ့ လေယာဉ် အမှုထမ်း ၁၉ ယောက် တို့ကတော့ ဘေးမသီ ရန်မခ ကယ်တင် နိုင်ခဲ့ပါတယ်။
လေယာဉ် ပျံသန်းချိန် တစ်နာရီလောက်မှာ ဆီညှော်နံ့ ရရှိခဲ့တယ်လို့ လိုက်ပါ လာတဲ့ ခရီးသည် မစ္စတာ ချန်း က ဘီဘီစီကို ပြောပါတယ်။
ခဏနေတော့ လေယာဉ်မှူး ရဲ့ အသံ အင်တာကွန်း ကနေ ကြားခဲ့ရပြီး လေယာဉ် ကို စင်္ကာပူဘက် ပြန်လှည့်နေပြီဆိုတာ သိရတယ်လို့ မစ္စတာချန်း က ပြောကြား ခဲ့ပါတယ်။




