အီဂျစ်လေယာဉ် နိုင်ငံတကာ ပူးပေါင်းရှာဖွေ

ဓာတ်ပုံ ရင်းမြစ်,
ပဲရစ်ကနေ ကိုင်ရိုကို ပျံသန်းတဲ့ အီဂျစ်ခရီးသည်တင် လေယာဉ်ပျောက်ဆုံးမှုကို အီဂျစ် ဂရိ ပြင်သစ်နဲ့ဗြိတိန်တို့က ကာပါသို ကျွန်းအနီးမှာ အကြီးအကျယ် ရှာဖွေနေကြပါတယ်။
အခုအချိန်အထိ လေယာဉ်အ ပျက်အစီးတွေကို ရှာလို့မရသေးပါဘူး။ စောစောက ကာပါသိုကျွန်းအနီးမှာတွေ့တဲ့ အသက်ကယ်အင်္ကျီတွေဟာ အဲဘတ်စ် အေ၃၂၀ အမျိုးအစားက မဟုတ်ဘူးလို့ဂရိမှ လေယာဉ်မတော်တဆဖြစ်မှု စုံစမ်းရေးအရာရှိ ကပြောပါတယ်။ ခရီးစဉ် MS 804မှာ ပါကြတဲ့ခရီးသည်အများစုကတော့ အီဂျစ်နဲ့ ပြင်သစ်တို့ကဖြစ်ပါတယ်။
အီဂျစ်သမ္မတ al Sisi ကတော့ အရပ်ဖက်လေကြောင်းဌာ၊ ကြည်းရေလေ ရှာဖွေ ကယ်ဆယ်ရေးဌာနတွေအနေနဲ့ လေယာဉ်ပျက်ကို အတတ်နိုင်ဆုံး ကြိုးစားရှာဖွေဖို့ညွှန်ကြားထားပါတယ်။ နောက်ပြီးလေယာဉ် ဘာကြောင့်ပျောက်ဆုံးတယ်ဆိုတာကိုလည်း အမြန်စုံစမ်းစစ်ဆေးဖို့ သမ္မရုံးက အမိန့်ပေးထားပါတယ်။ အီဂျစ်လေကြောင်းဌာနဝန်ကြီး Sherif Fathi ကစက်ချို့ယွင်းတာသိပ်မဖြစ်နိုင်ဘူး၊ အကြမ်းဖက်တိုက်ခိုက်မှု မျိုးဖြစ်ဖို့ပိုများတယ်လို့ သတင်းစာရှင်းပွဲမှာ ပြောသွားပါတယ်။
ဘီဘီစီသယ်ယူ ပို့ဆောင်ရေး သတင်းထောက် Richard Westcott ကတော့ အရေးပေါ်အကူညီတောင်းသံ မကြားပဲအခုလိုပျောက်ဆုံးတဲ့အပေါ် အကြမ်းဖက်မှုကြောင့်လို့ယူဆ စရာတွေရှိနိုင်ပါတယ်။ ဒါပေမယ့် လေယာဉ် ဘာကြောင့် ပျောက်တယ်ဆိုတာ ပြောဖို့စောနေပြီး မတော်တဆဖြစ်တာလား ဒါမှမဟုတ် ဒိထက်အခြေအနေ ဆိုးတဲ့ ပြဿနာလားဆိုတော့ ၂ခုစလုံးထည့်စဉ်းစားဖို့လိုတယ်လို့သုံးသပ်သွားပါတယ်။




