ရွှေ့ပြောင်းလာသူတွေကို ဂရိကနေ ပုပ်ရဟန်းမင်းကြီး ခေါ်ဆောင်သွား

ဓာတ်ပုံ ရင်းမြစ်, AFP
ပုပ်ရဟန်းမင်းကြီးဟာ ဂရိနိုင်ငံ လက်စ်ဘို့ကျွန်းကအပြန်မှာ ဆီးရီးယားကနေ ရွှေ့ပြောင်းလာသူ ၁၂ဦးကို ဗာတီကန်ဆီ သူနဲ့အတူခေါ်ဆောင်သွားပါတယ်။
ဂရိနိုင်ငံ လက်စ်ဘို့စ်ကျွန်းက ရွှေ့ပြောင်းလာသူတွေကို ထိန်းသိမ်းထားတဲ့ စခန်းကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ် သွားရောက်အားပေးခဲ့ ပြီးတဲ့နောက် အခုလို ခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
ပုပ်ရဟန်းမင်းကြီးကို စခန်းအတွင်းက ရွှေ့ပြောင်းဒုက္ခသည်တွေက သူတို့ကို လွတ်လပ်ခွင့်ပေးဖို့ အော်ဟစ် တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဆီးရီးယားနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို ပုပ်ရဟန်းမင်းကြီးက ရင်းရင်းနှီးနှီး လက်ဆွဲ နှုတ်ဆက်ပီး ဆုတောင်းတာတွေ ပြုလုပ်ပေးခဲ့ပါတယ်။
ဒုက္ခသည် ထိန်းသိမ်းရေးစခန်းကို ရောက်နေတဲ့အချိန်မှာ ပုပ်ရဟန်းမင်းကြီးက ရွှေ့ပြောင်းသူတွေဟာ အဖော်မဲ့သူတွေ မဟုတ်ဘူးလို့ အားပေးစကား ပြောခဲ့ပါတယ်။ ဘဝသစ်ကိုစဖို့ ခံစားခဲ့ရတာတွေကိုလည်း နားလည်ထားကြောင်း ပြောကြားခဲ့ပါတယ်။
ဂရိနိုင်ငံကို လာရောက်စဉ် ပင်လယ်ပြင်ထဲမှာ သေဆုံးခဲ့သူတွေ အတွက်လည်း ပုပ်ရဟန်းမင်းကြီးနဲ့ ဒုက္ခသည်တွေက တစ်မိနစ် ငြိမ်သက်ပြီး ဆုတောင်းပေးခဲ့ကြပါတယ်။
လက်စ်ဘိုစ်ကျွန်းကို မလာခင်မှာ အခုခရီးစဉ်ဟာ ဝမ်းနည်းဖွယ် ခရီးစဉ်တစ်ခု ဖြစ်ကြောင်း သတင်းထောက်တွေကို ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။




