နီပေါရေကြီးမှု - အိပ်မက်ခရီးစဥ်အတွင်း ပျောက်ဆုံးခဲ့ရသူတွေ

ဓာတ်ပုံ ရင်းမြစ်, Sudipto Bhattacharya
- ရေးသားသူ, Soutik Biswas
- ရာထူးတာဝန်, India correspondent
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၇
ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက် ဗုဒ္ဓဟူးနေ့ မနက်စောစောမှာ ဆူဒစ်ပ်တို ဘတ္တချာရာ ဟာ ဇနီးဆီကနေ နောက်ဆုံး မက်ဆေ့ချ်တွေ လက်ခံရရှိခဲ့ပါတယ်။
မနက် ၇နာရီ ၅၇ မိနစ်မှာ ဇနီးသည်ရဲ့ နိုင်ငံကူးလက်မှတ်ထဲက ထွက်ခွာခွင့်တံဆိပ် ရိုက်နှိပ်ထားတဲ့ ဓာတ်ပုံတစ်ပုံ သူ့ဆီမှာ လက်ခံ ရရှိပြီး နီပေါနယ်စပ်မှာ လူဝင်မှုကြီးကြပ်ရေး စာရွက်စာတမ်းကိစ္စ ပြီးသွားပြီ ဆိုတဲ့ သဘောဖြစ်ပါတယ်။
နောက် ခြောက်မိနစ်အကြာ မနက် ၈နာရီ ၃ မိနစ်မှာတော့ "ကျွန်မတို့ တရုတ်ပြည်ထဲ ဝင်ဖို့ စောင့်နေပါတယ်" လို့ ရေးသားပေးပို့ခဲ့ပါတယ်။ အဲဒီနောက်တော့ မက်ဆေ့ချ် အဝင်တွေ ရပ်သွားခဲ့ပါတယ်။
ဆုဘရာရှရီ ချက်ကရာဘော်တီနဲ့ ခရီးသွားအဖွဲ့ဟာ ဘုရားဖူးခရီးစဉ် နောက်တစ်ဆင့်အနေနဲ့ တိဘက်ထဲကို ဝင်ဖို့ စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်ပါတယ်။
ဒီခရီးစဉ်မှာ ဟိန္ဒူနတ်ဘုရား သီဝရဲ့ သန့်ရှင်းမြင့်မြတ်တဲ့ ဟိမဝန္တာတောင်တန်းဒေသက ကိုင်လာရှ်တောင်ကို သွားရောက်တာ ဖြစ်ပြီး ဆုဘရာရှရီဟာ အဲဒီနေရာကို သွားဖို့ အရင် နှစ်တော်တော်ကြာကတည်းက အိပ်မက်မက်ခဲ့သူပါ။
အသက် ၄၃ နှစ်အရွယ် ဆုဘရာရှရီဟာ အခုအခါ တိဘက်နဲ့ နီပေါနယ်စပ်တလျှောက် ဖြစ်ပွားခဲ့တဲ့ ရုတ်တရက်ရေကြီးမှုမှာ ပျောက်ဆုံးနေတယ်လို့ သတင်းပို့ခံထားရတဲ့ အိန္ဒိယနိုင်ငံသား အနည်းဆုံး အယောက် ၂၉၀ ဦး ရှိတဲ့ အနက် တစ်ယောက် ဖြစ်ပါတယ်။
အခုလို ပျောက်ဆုံးစာရင်းဝင် အများအပြားဟာ ဒီဘုရားဖူးခရီးစဉ်မှာ ပါဝင်နေသူတွေ ဖြစ်ပါတယ်။
ကိုဗစ်ကပ်ရောဂါနဲ့ အိန္ဒိယ-တရုတ် နှစ်နိုင်ငံအကြား တင်းမာမှုတွေကြောင့် ရပ်နားခဲ့ရတဲ့ ဒီခရီးစဉ်ကို မနှစ်ကမှ ပြန်စခဲ့တာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံသား ထောင်ပေါင်းများစွာဟာ ကိုင်လာရှ်တောင်သို့ ဘုရားဖူးသွားခဲ့ကြတာ နှစ်ပေါင်းများစွာ ရှိပါပြီ။
ဆုဘရာရှရီဟာ မိသားစုဝင်တွေ မပါဘဲ လူအယောက် ၃၀ ပါဝင်တဲ့ အဖွဲ့တစ်ဖွဲ့နဲ့ အတူ ခရီးထွက်ခဲ့ကြတာပါ။
မြို့ပေါ်က ဆေးရုံတစ်ခုမှာ အရေးပေါ်နဲ့ အထူးကြပ်မတ်ကုသရေးဌာနမှာ ဆေးဘက်ဆိုင်ရာ နည်းပညာရှင်အနေနဲ့ တာဝန်ထမ်းဆောင်နေသူဖြစ်တာကြောင့် အရေးပေါ် ကယ်ဆယ်ရေး ကိစ္စတွေနဲ့ ရင်းနှီးကျွမ်းဝင်မှု ရှိသူ ဖြစ်ပါတယ်။
သူဟာ နှလုံးနဲ့ အသက် ပြန်ရှူသွင်းနည်း (CPR) နဲ့ အထူးကြပ်မတ်ကုသရေး လုပ်ထုံးလုပ်နည်းတွေကို သိရှိကျွမ်းကျင်ပြီး ခင်ပွန်းသည်ရဲ့ ပြောကြားချက်အရ ကိုယ်ခန္ဓာကြံ့ခိုင် ကျန်းမာသူလည်း ဖြစ်ပါတယ်။
ဒီလို အခြေအနေမျိုးမှာ သူ နောက်ဆုံးမက်ဆေ့ချ် ပို့ပြီးနောက်ပိုင်း ဘာဖြစ်ခဲ့သလဲ ဆိုတာ ခင်ပွန်းသည် အနေနဲ့ ဆက်စပ်တွေးကြည့်လို့ မရသေးပါဘူး။
"မနက် ရှစ်နာရီ သုံးမိနစ်နောက်ပိုင်း ဘာဖြစ်ခဲ့တာလဲ။ ကျွန်တော်တို့ ဘာမှ မသိရပါဘူး" လို့ ခင်ပွန်းဖြစ်သူက ပြောသည်။

ဓာတ်ပုံ ရင်းမြစ်, Sudipto Bhattacharya
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆုဘရာရှရီ ဟာ ဒီခရီးစဉ်ကို နှစ်အတန်ကြာ စောင့်ခဲ့ရသူပါ။
သူ ပျောက်ဆုံးမသွားခင် ရက်ပိုင်းအတွင်းမှာ ခတ္တမန္ဒူမြို့က အိမ်ကို ပေးပို့ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ စိတ်လှုပ်ရှားဖွယ်အရာ တချို့ကို တွေ့ရပါတယ်။
ဓာတ်ပုံတစ်ပုံမှာဆိုရင် ဆုဘရာရှရီ ဟာ အပြာရောင်ဝတ်စုံ ဝတ်ထားပြီး သပ်ရပ်လှပတဲ့ ဘုရားကျောင်းထဲမှာ ရပ်ပြီး ကင်မရာကို ပြုံးကြည့်နေတာပါ။ တခြားဓာတ်ပုံတွေမှာတော့ သူဟာ အနီရောင်ဝတ်စုံကို ဝတ်ထားပြီး ခတ္တမန္ဒူချိုင့်ဝှမ်းရဲ့ သမိုင်းဝင် ဒါဘာရင်ပြင်က ရှေးဟောင်း အုတ်နဲ့ သစ်သား ဗိသုကာ လက်ရာနားမှာ ဓာတ်ပုံရိုက်ထားတာ ဖြစ်ပါတယ်။
ကျေးလက်ဒေသရဲ့ ရှုခင်းတွေဟာ လှပကြောင်း သူက ခင်ပွန်းသည်ကို ပြောပြခဲ့ပါတယ်။
အဲဒီတုန်းက "သူ အရမ်းစိတ်လှုပ်ရှားနေခဲ့ပါတယ်" လို့ အစိုးရဝန်ထမ်းတစ်ယောက် ဖြစ်တဲ့ ဘာတာချာရာ က ပြောပါတယ်။ "ဒါက သူတသက်လုံးစိတ်ကူးထားတဲ့ခရီးပါ"လို့ သူက ဆိုပါတယ်။
အဲဒီခရီးစဉ်ကို ပြီးခဲ့တဲ့ သြဂုတ်လ ၂၁ ရက် သောကြာနေ့မှာ စတင်ခဲ့ပါတယ်။
သူဟာ ကိုလ်ကတ္တားမြို့(ယခင်ကာလကတ္တားမြို့)က မီသီလာ အမြန် ရထားကို စီးပြီး ပြီးခဲ့တဲ့ သြဂုတ်လ ၂၂ ရက်မှာ ရက်ဆောလ်မြို့ ကို ရောက်လာခဲ့တာပါ။ အဲဒီနောက် ဘီရ်ဂွန်ဂျ် မြို့ကို နယ်စပ်ဖြတ်ကျော် ဝင်လာပြီး ဘတ်စ်ကားနဲ့ ခတ္တမန္ဒူကို အဲဒီညမှာတင် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
သူဟာ ခတ္တမန္ဒူမြို့မှာ သုံးညတိုင်တိုင် တည်းခိုပြီး အထင်ကရနေရာတွေကို လည်ပတ် ကြည့်ရှုခဲ့ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက် မနက်ပိုင်းမှာ သူတို့ ဘုရားဖူး အဖွဲ့ဟာ ခတ္တမန္ဒူ ကနေ ရှာဘရူဘေစီ အရပ်ကို ဘတ်စ်ကားနဲ့ ထွက်ခွာခဲ့တာပါ။
ရှာဘရူဘေစီ ဟာ ခတ္တမန္ဒူမြို့ မြောက်ဘက် ၁၂၂ ကီလိုမီတာ လောက်မှာရှိတဲ့ တောင်ပေါ်အခြေစိုက် ရွာငယ်တစ်ရွာဖြစ်ပြီး လန်တန် တောင်ကြား ဒေသမှာရှိတဲ့ တောင်တက်ခရီးစဉ်တွေရဲ့ အဓိကဝင်ပေါက်တစ်ခုလည်း ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ၁၂ နာရီနီးပါး ကြာမြင့်ခဲ့ပြီး အစစအရာရာ ချောမွေ့နေခဲ့တာတော့ မဟုတ်ပါဘူး။
မြေပြိုမှုတစ်ခုကြောင့် သူတို့ခရီးသွားရာ လမ်းကြောင်း လေးနာရီလောက် ပိတ်ဆို့မှုနဲ့ ကြုံခဲ့ပြီး နောက်ပိုင်းမှာ စစ်တပ်က လမ်းရှင်းလင်းပေးခဲ့ပါတယ်။
ဒါပေမယ့် ခင်ပွန်းသည်နဲ့ စကားပြောတဲ့အခါမှာ ကောင်းကင်ကြီးက ကြည်လင်နေတယ် သူက ဆိုပါတယ်။
ရှေ့ ဘာဖြစ်မလဲ ဆိုတာကို နိမိတ်ပြတဲ့ လက္ခဏာတွေ အနည်းအကျဉ်းသာ ရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Sudipto Bhattacharya
"ရာသီဥတုက ကောင်းနေတယ်လို့ သူက တချိန်လုံး ပြောနေခဲ့တယ်" လို့ ခင်ပွန်းဖြစ်သူက ပြောပါတယ်။ "နည်းနည်းပူတယ်၊ တစ်ခါတလေ မိုးလည်းရွာတယ်လို့ သူပြောခဲ့တယ်။"
နောက်တစ်နေ့ မနက် ပြီးခဲ့တဲ့ ဩဂုတ် ၂၆ ရက်မှာတော့ ဆုဘရာရှရီ ဟာ မနက် ၇ နာရီ ကျော်ကျော်မှာ ဟိုတယ်ကနေ ထွက်ခွာခဲ့ပါတယ်။
ဘတ္တချာဂျာ ဟာ သူနဲ့ ဖုန်းပြောပြီးနောက် နှစ်ဦးသား အပြန်အလှန် မက်ဆေ့ချ်တွေ ဆက်ပို့ခဲ့ကြပါတယ်။
နောက် တစ်နာရီလောက် အကြာမှာ သူက နီပေါ လူဝင်မှုကြီးကြပ်ရေး ကိစ္စတွေ ပြီးသွားပြီ။ သူတို့အဖွဲ့ တိဘက်ကို ဝင်ဖို့ စောင့်နေတယ်လို့ ပြောခဲ့ပါတယ်။
နီပေါ လူဝင်မှုကြီးကြပ်ရေး ဂိတ်ကို ဖြတ်ပြီးနောက် ဘုရားဖူးခရီးသွားတွေဟာ တရုတ်ပြည် ဘက်အခြမ်းက ဂျီရွန်း မှာရှိတဲ့ လူဝင်မှုကြီးကြပ်ရေး စခန်းသို့ ခြေလျင်ဖြတ်သွားကြရပါတယ်။
သဘာဝဘေးအန္တရာယ် ကျရောက်ချိန်မှာ သူ့ဇနီးသည်ဟာ တရုတ် လူဝင်မှုကြီးကြပ်ရေး အဆောက်အအုံအတွင်းမှာ ဒါမှမဟုတ် အနီးအနားမှာ ဖြစ်ဖြစ် ရှိနေခဲ့နိုင်တယ်လို့ ဘတ္တချာဂျာက ယုံကြည်ထားပါတယ်။
"တိဘက်ဘက်ခြမ်းမှာ ဆက်သွယ်ရေး အခက်အခဲတွေ ရှိနိုင်မယ်ဆိုတာ ကျွန်တော် သိပါတယ်" လို့ သူက ပြောပါတယ်။ "ဒါကြောင့် နောက်မက်ဆေ့ချ်ကို ကျွန်တော် စောင့်နေခဲ့ပါတယ်။" လို့ ဆိုပါတယ်။
နေ့လယ် ၃ နာရီလောက်မှာတော့ မီဒီယာတွေမှာ ရေကြီးတဲ့ သတင်းတွေကို တွေ့ရပါတယ်။ အဲဒီနောက် ဇနီးဖြစ်သူ ပါဝင်တဲ့ အဖွဲ့ထဲက ဘုရားဖူးတွေဆီ ဖုန်းခေါ်ခဲ့ပေမယ့် ဘယ်သူမှ မဖြေကြားခဲ့ကြပါဘူး။
သူက ခရီးစဉ် စီစဉ်သူဆီကို ဆက်သွယ် ကြိုးပမ်းခဲ့ပြီး အဖွဲ့နဲ့ အတူ လိုက်ပါလာတဲ့ တာဝန်ခံနှစ်ယောက် ဆီကိုလည်း ဆက်သွယ်ခဲ့ပါတယ်။ မည်သူမျှ အကြောင်းပြန်တာ မရှိခဲ့ပါဘူး။
အဲဒီ အချိန်က စလို့ မိသားစုဟာ ဆုဘရာရှရီ ဆီက ဘာသတင်းမှ မရခဲ့ပါဘူး။
"သူတို့ကို ကယ်နိုင်ပြီလား။ တရုတ်ဘက်မှာ ကယ်ဆယ်ခံရသူတွေထဲ ဇနီးဖြစ်သူပါတဲ့ ဘုရားဖူးအဖွဲ့ ပါသလား" လို့ ဘတ္တချာဂျာ မေးခွန်းထုတ်ခဲ့ပါတယ်။ "ကျွန်တော်တို့ ပိုပြီး သိချင်ပါတယ်။" လို့ သူက ဆိုပါတယ်။
ရေကြီးမှု မဖြစ်ခင် သူ့ဇနီးနဲ့ တခြားသူတွေဟာ တရုတ်ဘက်ကို ဖြတ်ကျော်ဝင်ရောက် သွားတာ ဖြစ်နိုင်တယ်လို့ သူက ယုံကြည်ထားပါတယ်။ ဒါပေမယ့် ဘယ်သူတွေ ဖြတ်ကျော်နိုင်ခဲ့လည်း ဒါမှမဟုတ် နောက်ပိုင်း ဘယ်လိုဖြစ်ပျက်ခဲ့သလဲ ဆိုတာတွေ အတည်ပြုချက် မရသေးပါဘူး။
"ကျွန်တော်ကို တရုတ်အစိုးရဆီက စာရင်း ပေးပါ" "ပျောက်ဆုံးသူတွေ၊ သေဆုံးသူတွေ၊ ကယ်ဆယ်ခံရသူတွေ စာရင်းပါ။ ကျွန်တော်တို့ နောက်ဆုံးအခြေအနေ သိချင်ပါတယ်။"လို့ သူကပြောပါတယ်။
အဲဒီနောက် အိမ်မှာ စောင့်ဆိုင်းနေသူတွေရဲ့ ဝေဒနာကို ထင်ဟပ်စေတဲ့ စကားတစ်ခု ထွက်ပေါ်လာပါတယ်။
"ဘယ်လိုပြောရမလဲ။ အိပ်မပျော်တဲ့ ညတွေပါပဲ၊ ဖုန်းနဲ့ ဟိုဆက် ဒီဆက် စုံစမ်းရတာပေါ့"

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
အသက် ၅၄ နှစ်အရွယ် ရီနာ ဘန်နာဂျီရဲ့ မိသားစုအတွက် ကတော့ မသေချာမရေရာမှုတွေ ပိုများလာပါတယ်။
သူနဲ့ အဆက်အသွယ် ပြတ်တောက်သွားချိန်မှာ ဘယ်နိုင်ငံဘက် နယ်စပ် အခြမ်းမှာ သူရှိနေခဲ့သလဲ ဆိုတာကိုတောင် မသိကြပါဘူး။
ကိုလ်ကတ္တားမြို့မှာ အိမ်တွေမှာ စာလိုက်သင်ပေးတဲ့၊ အိမ်ထောင်မရှိသူ တစ်ယောက် ဖြစ်တဲ့ ရီနာဟာ ဆူဘရာရှရီ တို့ ဘုရားဖူးအဖွဲ့ရဲ့ တစိတ်တပိုင်းအဖြစ် ခရီးစီစဉ်သူနဲ့ အတူ တစ်ယောက်တည်း ခရီးထွက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီချိန်အထိ သူ့ခရီးစဉ် ချောချောမွေ့မွေ့ ရှိနေခဲ့တာကို မြင်တွေ့ရပါတယ်။ သူတူ ဒွိုင်ပါယန် မူခါဂျီက မိသားစုဟာ သူ ခတ္တမန္ဒူမှာ ရှိနေချိန် ဗီဒီယိုခေါ်ဆိုမှုတွေကတဆင့် စကားပြောခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီတုန်းက "သူ ပျော်နေတယ်" "ခရီးမသွားဘဲ အချိန်အတော်ကြာ နေပြီးကာမှ အခုလို ခရီး ထွက်တာပါ။" လို့ တူဖြစ်သူက ပြောပါတယ်။
ရီနာဟာ တောင်တန်းဒေသတွေနဲ့ အစိမ်းသက်သက်တော့ မဟုတ်ပါဘူး။ သူဟာ အရင်က တောင်ကုန်းဒေသတွေကို ခရီးသွားဖူးပြီး မိသားစုနဲ့ အတူ တောင်တက်ခရီးတွေလည်း သွားခဲ့ဖူးပါတယ်။
"သူက တော်တော်ကြံ့ခိုင်ပါတယ်" "ကျွန်တော်တို့ တောင်တက်ခရီးတွေ သွားဖူးတယ်။ တောင်တန်းဒေသတွေကို သွားရတာနဲ့ ရင်းနှီးမှုရှိနေပါပြီ။" လို့ မူခါဂျီက ပြောပါတယ်။
အရင်နေ့က လမ်းခရီးမှာ ကြုံရတဲ့ မြေပြိုမှုအကြောင်းကိုလည်း သူက ပြောပြခဲ့တယ်လို့ မူခါဂျီက ဆိုပါတယ်။ သူတို့အဖွဲ့ လေးနာရီလောက် ပိတ်မိနေခဲ့တယ်လို့ ရီနာက ပြောပြပါတယ်။
နောက်တစ်နေ့ မနက်မှာ ခရီးစဉ် စီစဉ်သူက အဖွဲ့လိုက်ဓာတ်ပုံတစ်ပုံ ပေးပို့ခဲ့ပြီး အဲဒီ ဓာတ်ပုံမှာ ရီနာကို နီပေါ လူဝင်မှုကြီးကြပ်ရေး ဌာနအပြင်ဘက်မှာ တွေ့ရပါတယ်။
ဆုဘရာရှရီ လိုဘဲ ရီနာလည်း ထွက်ခွာခွင့်တံဆိပ် ရရှိထားခဲ့တာလို့ မူခါဂျီက ပြောပါတယ်။
အဲဒီနောက် ဘာအဆက်အသွယ်မှ မရတော့ဘဲ တိတ်ဆိတ်မှုသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Dwaipayan Mukherjee
"သူတို့ နယ်စပ်ကို ဖြတ်ကျော်ခဲ့ကြသလား မကျော်ခဲ့ကြသလား ဆိုတာ ကျွန်တော် မသိပါဘူး" လို့ တူဖြစ်သူ မူခါဂျီက ပြောပါတယ်။ "သူတို့ တရုတ်ဘက်မှာ ရှိနေခဲ့ကြသလား၊ နီပေါဘက်မှာ ရှိနေခဲ့ကြသလား ဆိုတာကို ကျွန်တော်တို့ အခုထိ သိချင်နေဆဲပါ။" လို့ သူက ဆိုပါတယ်။
ဆုဘရာရှရီအတွက် နှစ်ပတ်ကြာ ခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံး ဘုရားဖူးခရီး ဖြစ်ပြီး နှစ်ပေါင်းတော်တော်ကြာအောင် ထိန်းသိမ်းထားခဲ့တဲ့ အိပ်မက်တစ်ခုလည်း ဖြစ်ပါတယ်။ ရီနာလည်း ဒီခရီးကို သွားချင်တာ ဟိုး အရင်ကတည်းက ဖြစ်ပြီး တောင်တန်းဒေသတွေနဲ့ အကျွမ်းတဝင်ရှိသူ ဖြစ်ပါတယ်။
ဘတ္တချာဂျာ အပြောအရ ဒီ အမျိုးသမီးနှစ်ဦးစလုံးဟာ "ခရီးသွားခြင်းကို အထူး မြတ်နိုးသူတွေ ဖြစ်တယ်။ ခရီးသွားခြင်း၊ နေရာသစ်တွေကို ရှာဖွေလေ့လာခြင်းနဲ့ တောင်တန်းဒေသတွေ သွားရတာကို နှစ်သက်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
သူတို့နှစ်ဦးစလုံးဟာ ဘဝတစ်လျှောက် အမှတ်တရဖြစ်မယ့် ဘုရားဖူးအတွက် အဖွဲ့တစ်ဖွဲ့နဲ့ အတူ လိုက်ပါခဲ့ကြတယ်။ သူတို့နှစ်ဦးစလုံးသည် နီပေါ လူဝင်မှုကြီးကြပ်ရေး ဂိတ်ကို ဖြတ်ကျော်ပြီးခဲ့ကြပုံရပြီး တရုတ်နယ်စပ်ထဲ အဝင်ဘက်ကိုလည်း ဖြတ်ကျော်ခဲ့ကြတယ်လို့ ယူဆရပါတယ်။
အခုတော့ သူတို့ နာမည်တွေက နီပေါအစိုးရရဲ့ တရားဝင် ပျောက်ဆုံးသူ ၅၃၇ ဦး စာရင်းမှာ ပါဝင်နေပါတယ်။ ဒါပေမယ့် ဒီကိစ္စအပေါ် ရှင်းလင်းသေချာမှု မရှိသေးပါဘူး။
သူတို့ မိသားစုတွေ ကတော့ သူတို့ ဘယ်ရောက်နေလဲ ဆိုတာနဲ့ ဘေးကင်းလုံခြုံမှု ရှိမရှိကို ဒီနေ့အထိ မသိကြသေးပါဘူး။ ကာလကတ္တား အခြေစိုက် ခရီးစဉ် စီစဉ်ရေးကုမ္ပဏီကလည်း သူတို့အဖွဲ့ရဲ့ ကံကြမ္မာနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တစ်စုံတစ်ရာ မရသေးဘူးလို့ ပြောကြားထားပါတယ်။
မိသားစုနှစ်စုစလုံးအတွက် ကတော့ ဒီခရီးစဉ်ဟာ တူညီပြီး အဖြေမရသေးတဲ့ မေးခွန်းတစ်ခုနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။
မေးခွန်းကတော့ "ဒီ အမျိုးသမီးတွေ နယ်စပ်ကို အမှန်တကယ် ဖြတ်ကျော်နိုင်ခဲ့ကြသလား" ဆိုတာပါဘဲ။
















