ပုပ်ရဟန်းမင်းကြီး ဟာဗားနားမှာ ဆုတောင်းပွဲလုပ်

ဓာတ်ပုံ ရင်းမြစ်, AP
ပထမဆုံးလာရောက်တဲ့ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်ရဲ့ခရီးစဉ်အတွင်း ဟာဗနားမြို့တော်ရှိ တော်လှန်ရေးရင်ပြင်မှာ ဝတ်ပြုဆုတောင်းပွဲပြုခဲ့ပါတယ်။ ဒီနေရာဟာ ကွန်မြူနစ် လူထုအစည်းအဝေးပေါင်း မရေတွက်နိုင်အောင် လုပ်ခဲ့တဲ့နေရာလည်း ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကို ကက်သလစ် ဘာသာဝင်တွေ အပါအဝင် ကျူးဘားပြည်သူ သိန်းချီတက်ရောက်ကြပါတယ်။ ပုပ်ရဟန်းမင်းကြီးက ကျူးဘားပြည်သူတွေရဲ့ ဖေါ်ရွေမှု အလှအပ မြတ်နိုးမှုတွေကို ချီးကျူးလိုက်ပြီး အတွေးအခေါ် တမျိုးမျိုးကို ဉီးစားပေးမှုထက် လူအချင်းချင်း ကူညီယိုင်းပင်းကြဖို့ တိုက်တွန်း သွားပါတယ်။
သူကိုယ်တိုင်ပါဝင်ကြိုးပမ်းခဲ့တဲ့ ကျူးဘား အမေရိကန်သံတမန်ရေး လမ်းကြောင်းပြန်ပွင့်လာတာကို ကမ္ဘာကြီးရဲ့ ပြန်လည်စည်းလုံးမှုအဖြစ် ခေါင်းဆောင်တွေ ဆက်ထိန်းသိမ်းကြဖို့ ခရီးစဉ်အစမှာ တိုက်တွန်းခဲ့ပါတယ်။
ကက်သလစ် ဘာသာဝင် မဟုတ်တဲ့ ကျူးဘားသမ္မတ Raul Castro နဲ့အာဂျင်တီးနားသမ္မတ Cristina Fernandez de Kirchnerတို့လည်းဒီအခမ်အနားကို တက်ရောက်ကြပါတယ်။ ဒီဟောပြောပွဲမှာ ဆန့်ကျင်သူတချို့လည်းဖမ်းဆီးခံခဲ့ရပါတယ်။ ဒီဆုတောင်းပွဲကြီးဟာ အခုနှစ်အတွင်း ဟာဗားနားမှာ အကြီးဆုံး အခမ်းအနားကြီး ဖြစ်တယ်လို့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။




