ယူကရိန်းစစ်ပွဲ-PTSD စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါရခဲ့သူ ယူကရိန်းစစ်သား

ယူကရိန်း၊ စစ်ပွဲ၊ စိတ်ကျန်းမာရေး၊ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ၊ PTSD

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယူကရိန်းစစ်ပွဲ
ရေးသားခဲ့သည်။

"PTSD (post-traumatic stress disorder)လို့ခေါ်တဲ့ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ ကျွန်တော့်မှာ ခံစားနေရတယ်ဆိုတာကို ကိယက်ဗ်မြို့က ဆရာဝန်တွေဆီကနေ ကျွန်တော်ကြားခဲ့ရတာပါ" လို့ ယူကရိန်းစစ်သားတစ်ဦးက ဘီဘီစီ ယူကရိန်း သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပြပါတယ်။

ယူကရိန်းနိုင်ငံမှာ PTSD စိတ်ဝေဒနာ ခံစားနေရတဲ့ စစ်သားတွေ၊ အရပ်သားတွေ ဘယ်လောက်ရှိနေသလဲ ဆိုတာကို တရားဝင် စာရင်းဇယားတွေ မရှိပါဘူး။ ဒါပေမဲ့ အတော်များများက PTSD စိတ်ဝေဒနာ ဖြစ်လာနိုင်မယ့် အန္တရာယ်ကြီးကြီးမားမား ရှိနေပြီး ကျွမ်းကျင်သူ ဆရာဝန်တွေနဲ့ ပြဖို့ လိုအပ်နေပါတယ်။

စစ်ပွဲရဲ့ ဆိုးကျိုးဒဏ်ကြောင့် ယူကရိန်းပြည်သူ ၁၅ သန်းလောက် စိတ်ပိုင်းဆိုင်ရာ ကူညီဖေးမမှုတွေ လိုအပ်နေပြီး အဲဒီထဲက ၂ သန်း၊ ၃ သန်းလောက်ဟာ ဆေးဝါးကုသမှု လိုအပ်နေတယ်လို့ ပြီးခဲ့တဲ့နွေရာသီတုန်းက ယူကရိန်း ကျန်းမာရေးဝန်ကြီး ဗစ်တာ လီယက်ရှ်ကို က ပြောပါတယ်။

ယူကရိန်းနိုင်ငံမှာ စစ်နဲ့ ထိတ်လန့်စရာဖြစ်ရပ်တွေရဲ့ အကျိုးဆက် စိတ်ဖိစီးမှုဒဏ်တွေကို ကျော်လွှားနိုင်ဖို့ အတွက်ရော၊ စိတ်ရောဂါ ဖြစ်မလာအောင် တားဆီးဖို့ အတွက်ပါ ဇွန်လတုန်းက ယူကရိန်း သမ္မတကတော် အိုလီနာ ဇလန်းစကီးက ကျန်းမာရေးဝန်ကြီးဌာန၊ မိတ်ဖက်ဌာနတွေနဲ့အတူ စိတ်ကျန်းမာရေးနဲ့ စိတ်လူမှုရေးပိုင်းတွေမှာ နိုင်ငံတဝန်း အကူအညီပေးရေး စီမံကိန်းတစ်ခုကို စတင်ခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲအတွင်း PTSD စိတ်ဝေဒနာခံစားရသူ ယူကရိန်း အမြောက်တပ်ဖွဲ့ဝင်တစ်ဦးရဲ့ အကြောင်း ဘီဘီစီက တင်ပြပေးမှာပါ။ လုံခြုံရေးအရ အဲဒီစစ်သားက သူ့အမည်ကို မဖော်ပြဖို့ ပြောပါတယ်။

သူကိုယ်တိုင် ပြောပြထားတဲ့ အကြောင်းအရာ ဇာတ်လမ်းဖြစ်ပါတယ်။

ကြိုတင်သတိပေးချက်-ဒီဆောင်းပါးထဲမှာ သေကြောင်းကြံစည်မှုနဲ့ ထိလွယ်ရှလွယ် စာသားတွေ ပါဝင်တဲ့အတွက် စာဖတ်သူတချို့ အတွက် စိတ်အနှောင့်အယှက် ဖြစ်ကောင်း ဖြစ်နိုင်တယ်ဆိုတာကို ကြိုတင် အသိပေးအပ်ပါတယ်။

"ကျွန်တော့်အသက်က ၃၅ နှစ်ပါ။ ကျန်းမာရေးကြောင့် စစ်မှုထမ်းခွင့် ကင်းလွတ်ခံထားရတာကြောင့် ယူကရိန်းစစ်ပွဲ မတိုင်ခင်တုန်းက ကျွန်တော် စစ်တပ်ထဲမှာ တာဝန်မထမ်းဆောင်ခဲ့ပါဘူး။ ကျွန်တော့်အလုပ်က လုံးဝကွဲပြားတဲ့ နယ်ပယ်ကပါ။

ကျွန်တော်က ဘုရားတရား အယုံအကြည်မရှိပါဘူး။ ဒါပေမဲ့ လွတ်လပ်ခွင့်နဲ့ ဒီမိုကရေစီလို မမြင်နိုင်တဲ့ အရာတွေက ကျွန်တော့်အတွက် အရမ်း အရေးပါပါတယ်။ ပြီးတော့ ရုရှားလို မဟုတ်ဘဲ ကျွန်တော်တို့က စစ်အတွင်းမှာတောင် ဒီစံတန်ဖိုးတွေကို ကာကွယ်နိုင်ခဲ့ပါတယ်။

၂၀၁၄ ခုနှစ်တုန်းကလည်း ကျွန်တော် စစ်ထဲ ဝင်တိုက်သင့်ခဲ့တာပါ။ တကယ်တော့ စစ်ထဲ ဝင်တိုက်ဖို့ ကျွန်တော် လုပ်ခဲ့ပါသေးတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာ ကျွန်တော့်ဇနီးက ကိုယ်ဝန်ရှိသွားပါတယ်။ မိသားစုနဲ့ အကြာကြီး တိုင်ပင်အပြီးမှာ ဇနီး၊ ကလေးနဲ့ အတူ အိမ်မှာပဲ နေဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့ပါတယ်။ ကျွန်တော့်ဆုံးဖြတ်ချက်ကို ကျွန်တော် ခဏခဏ ပြန်မေးခွန်းထုတ်မိပါတယ်။ ကျွန်တော့်လို အခြေအနေမျိုးမှာ တခြားသူတွေ စစ်ထဲဝင်နိုင်ခဲ့ပြီး ကျွန်တော်ကတော့ ဘာကြောင့် မလုပ်နိုင်ခဲ့သလဲ ဆိုတာကိုပေါ့။

စစ်သားတွေနဲ့ မျက်လုံးချင်း ရင်ဆိုင်ဖို့ ကျွန်တော် ဝန်လေးခဲ့တယ်။ ကိုယ့်ကိုယ်ကို ရွံရှာမိခဲ့တယ်။ တကယ်လို့များ နောက်တစ်ခေါက် စစ်ထပ်ဖြစ်လာရင် ကျွန်တော် ဝင်တိုက်မယ် ဆိုပြီး ကိုယ့်ကိုယ်ကို ကတိပေးခဲ့တယ်။ ကျွန်တော့်ဇနီးကတော့ သိပ်မကြိုက်လှပါဘူး။ ဒါပေမဲ့ သူသဘောတူခဲ့ပါတယ်။

တက်ကြွစိတ်

မတ်လအစပိုင်းမှာ ကျွန်တော် စစ်တပ်ထဲ ကိုယ့်သဘောနဲ့ကိုယ် စဝင်ခဲ့ပါတယ်။ အဲဒီကနေ အမြောက်တပ်ထဲ ရောက်ပါတယ်။

စစ်လေ့ကျင့်ရေး သင်တန်းတွေ တက်အပြီး ဧပြီလ လဆန်းပိုင်းမှာတော့ စစ်မြေပြင်မှာ ရောက်နေပါပြီ။ ကျွန်တော် အရမ်းကို တက်ကြွခဲ့ပါတယ်။

ကျွန်တော် ပထမဆုံး လုပ်ခဲ့တဲ့ တိုက်ခိုက်ရေး တာဝန်ကို ကျွန်တော့်ဘဝ တစ်သက်လုံး အမှတ်ရနေမှာပါ။ ကြီးမားတဲ့ တက်ကြွစိတ်နဲ့ အပြေးအလွှား လုပ်ခဲ့ပါတယ်။ ငါတော့ ကလဲ့စားချေနိုင်တော့မယ် ဆိုတဲ့ ခံစားချက်နဲ့ပေါ့။ ပထမဆုံး လုပ်ခဲ့တဲ့ တိုက်ခိုက်မှုတာဝန်အပြီးမှာ ပြောမပြတတ်လောက်အောင် ပျော်ရွှင်မှုအပြည့်နဲ့ ပြန်လာခဲ့ပါတယ်။ အဲဒီလို အကြိမ်ကြိမ်အဖန်ဖန် လုပ်လာခဲ့ရာမှာ လုပ်ရိုးလုပ်စဉ်တစ်ခုလို ဖြစ်လာခဲ့ပါတယ်။

လုပ်ရတဲ့ အလုပ်တာဝန်ကတော့ ရှုပ်ရှုပ်ထွေးထွေး မရှိလှပါဘူး။ အမိန့်ညွှန်ကြားချက်အတိုင်း လိုက်နာတာပါပဲ။ အဓိကကတော့ အမိန့်ကို ဂရုတစိုက် နားထောင်၊ ဘာမဆို အထပ်ထပ် စစ်ဆေး ဖို့ပါ။

ကျွန်တော်က ညှိနှိုင်းရေး အမြောက်တပ်ဖွဲ့ဝင်တွေနဲ့ အတူ တွဲလုပ်ရပါတယ်။ သူတို့နဲ့ အလုပ်လုပ်ရတာ ပျော်စရာကောင်းပါတယ်။ ခုချိန်ထိ ကျွန်တော်တို့ အဆက်အသွယ်ရှိနေကြဆဲပါ။

ယူကရိန်း၊ စစ်ပွဲ၊ စိတ်ကျန်းမာရေး၊ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ၊ PTSD

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယူကရိန်း အမြောက်တပ်ဖွဲ့

ဘဝအလှည့်အပြောင်း

ရုရှားတပ်တွေဘက်ကလည်း ကျွန်တော်တို့ကို အမြောက်တွေနဲ့ တိုက်ခိုက်ပါတယ်။ အသက်ဘေးကနေ သီသီလေး ကပ်လွတ်ခဲ့ရတဲ့အချိန် ကျွန်တော် နှစ်ကြိမ် ကြုံခဲ့ရဖူးပါတယ်။

အဲဒီလို အသက်အန္တရာယ်နဲ့ကြုံရတဲ့အချိန်မျိုးဆိုရင် ကိုယ့်ဘဝကို ဖျတ်ကနဲ ပြန်မြင်ယောင်တတ်တယ်လို့ ပြောကြပါတယ်။ ကျွန်တော့်အတွက်တော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ အဲဒီအချိန်မျိုးမှာ ကျွန်တော်ကတော့ ကျွန်တော့် ကလေးကို ပြေးမြင်မိပါတယ်။ ကျွန်တော့်မိသားစုကို နှုတ်ဆက်စကား ပြောနေတတ်ပါတယ်။

တွေးမိတွေးရာ တွေးပြီး ကြောက်စိတ်တွေလည်း ဖြစ်ခဲ့ပါတယ်။ ပစ်ခတ်ခံရရင် ဘာလုပ်ရမလဲ ဆိုတဲ့ စစ်သင်တန်းတွေ အကြိမ်တစ်သန်းလောက် လေ့ကျင့်ခဲ့ပေမဲ့ တကယ်တမ်း နဖူးတွေ့ဒူးတွေ့ ကြုံလာရချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တော့ပါဘူး။ ဘယ်အချိန်မှာ ဝပ်ရမလဲ၊ ဘယ်ကို ပြေးရမလဲ ဆိုတာ အဲဒီအချိန်မှာ အလိုအလျောက် ပေါ်လာတဲ့ စိတ်အတိုင်း လိုက်လုပ်သွားတာပါ။

ကျွန်တော် ကြောက်ခဲ့သလား လို့မေးလာရင် ကျွန်တော့်မှာ အမြဲပဲ ကြောက်စိတ် ရှိနေတတ်တယ်လို့ ပြောရမှာပါ။ ပြဿနာက အဲဒီကြောက်စိတ်ကို မထိန်းချုပ်နိုင်တော့တဲ့ အချိန်ပါပဲ။

ဒုတိယအကြိမ် အမြောက်ဒဏ်ပြင်းပြင်းထန်ထန် ခံရအပြီး ၆ ရက်အထိလောက်တော့ ကျွန်တော် ဘာမှမဖြစ်သေးပါဘူး။ ၆ ရက်မြောက်တဲ့နေ့မှာတော့ ကျွန်တော် ချုံးပွဲချငို ခဲ့မိပါတယ်။

မယ်မယ်ရရ အကြောင်းမရှိဘဲ ရုတ်တရက် အထိတ်တလန့်ဖြစ်ပြီး တောင်စဉ်ရေမရ ကြောက်စိတ်တွေ ပေါ်လာတတ်ပါတယ်။ ကျွန်တော့်လက်တွေ တုန်ပြီး သွေးတွေ တိုးလာတတ်ပါတယ်။

ကျွန်တော့်ကို ဆေးရုံပို့ခဲ့ပါတယ်။ ဆေးရုံမှာ တစ်ပတ်လောက်နေပြီး အလုပ်ပြန်ဝင်ခဲ့ပါတယ်။ အဲဒီအချိန်ဟာ တကယ့်ကို စိတ်ဆင်းရဲစရာပါ။ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်း မရှိပါဘူး။ စူးရှကျယ်လောင်တဲ့ အသံတွေကြားမိရင်ကို ကြောက်ရွံ့စိုးရိမ်မှုတွေ ဖြစ်လာတတ်ပါတယ်။ တချိန်လုံး အထိတ်တလန့်နဲ့ နေနေရတဲ့ ဘဝပါ။

အဲဒီအချိန်တုန်းက ကျွန်တော့်မှာ ပြဿနာတစ်ခု ရှိနေပြီဆိုတာကို သိနေခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ဝန်ခံဖို့ကတော့ အတော်ခက်ခဲခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ကျွန်တော်ဟာ ခေါင်းအေးအေးနဲ့ လုပ်တတ်သူ တစ်ယောက် မဟုတ်တော့ဘူး ဆိုတာကို ထုတ်မပြောချင်တာပါ။ ကလဲ့စားချေ လက်တုံ့ပြန်ဖို့၊ ပျော်ပျော်ကြီး တိုက်ပွဲဝင်ဖို့ စိတ်ကူးထားတာတွေအားလုံး အဆုံးသတ်သွားခဲ့ပါပြီ။

Presentational grey line

PTSD ရောဂါလက္ခဏာများ

  • စိတ်ထိခိုက်စရာ အတွေ့အကြုံတွေကို ဖျတ်ကနဲ ပြန်သတိရတတ်တာမျိုး၊ တစိမ့်စိမ့် တွေးနေတတ်တာမျိုး၊ အိပ်မက်ဆိုးတွေ ပြန်မက်တတ်တာမျိုး ဖြစ်တတ်
  • စိတ်ထိခိုက်စရာ အတွေ့အကြုံတွေနဲ့ ဆက်နွှယ်နေတဲ့ ရုပ်ပုံတွေ၊ အတွေးတွေ၊ နေရာတွေကို ရှောင်ရှားတတ်လာ
  • ကိုယ့်ခန္ဓာကိုယ်ပိုင်းကို ထိခိုက်အန္တရာယ်ပေးလာနိုင်တယ် ဆိုတဲ့ စိုးရိမ်စိတ်နဲ့ တချိန်လုံး သတိထားနေတတ်
  • ဆူညံသံ၊ အနံ့၊ လှုပ်ရှားမှုတွေကို လိုတာထက် ထူးထူးကဲကဲ တုံ့ပြန်တတ်
  • စိတ်ခံစားမှုကို ထုတ်ဖော်မပြတော့တာ
  • စိတ်တိုလွယ်တတ်လာ
  • စိတ်ဓာတ်ကျတတ်လာ

ဒီလိုလက္ခဏာမျိုးတွေ သင့်မှာ ဖြစ်နေရင် ကျွမ်းကျင်ရာဆရာဝန်တွေနဲ့ ပြသသင့်ပါတယ်။

Presentational grey line

တပ်မှူး

ဆေးရုံကနေ ကျွန်တော် ပြန်ဆင်းလာချိန်မှာ ကျွန်တော့်ကို ကိုင်နေကျ လက်နက် ပေးမကိုင်တော့ပါဘူး။ ကျွန်တော်သာ တပ်မှူးဆိုရင်လည်း အဲဒီလိုပဲ လုပ်မှာပါပဲ။ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်တဲ့ လူတစ်ယောက်ကို ဘာ့ကြောင့် သေနတ်ပေးထားမလဲ။

ကျွန်တော်က တချိန်လုံး ကြောက်နေတတ်ပါတယ်။ ညဆို အိပ်မပျော်ပါဘူး။ စိတ်ငြိမ်ဆေးတွေ သောက်နေပေမဲ့ ဘာဆေးအာနိသင်မှ မခံစားရပါဘူး။

ဘာ့ကြောင့် ကျွန်တော့်မှာမှ ဒီလိုဖြစ်ရတာလဲ၊ တခြားလူတွေက ခံနိုင်ရည်ရှိပြီး ကျွန်တော်က မခံနိုင်တာ ဘာ့ကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေက ကျွန်တော့်ခေါင်းထဲမှာ တချိန်လုံး ရှိနေတတ်ပါတယ်။

ယူကရိန်း၊ စစ်ပွဲ၊ စိတ်ကျန်းမာရေး၊ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ၊ PTSD

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယူကရိန်းအမြောက်တပ်ဖွဲ့

တနေ့မှာတော့ ကျွန်တော့်ရဲ့ တပ်မှူး ကျွန်တော့်ဆီ ရောက်လာပြီး "မင်းအိမ်ပြန်ဖို့ အချိန်တန်ပြီ ထင်တယ်" ဆိုပြီး ညင်ညင်သာသာ ပြောပါတယ်။

သူဘာ့ကြောင့် ဒီလိုပြောတာလဲဆိုတာကို အခုချိန်မှာ ကျွန်တော် သဘောပေါက်ပါတယ်။ ကျွန်တော် မနည်းရုန်းကန် ရင်ဆိုင်နေရတာတွေကို သူတွေ့နိုင်ပါတယ်။

ကျွန်တော့်ရဲ့ တပ်မှူးဟာ အတွေ့အကြုံရင့်ကျက်သူ တစ်ဦးပါ။ သူလည်းပဲ အလားတူ ပြဿနာမျိုး ရင်ဆိုင်ခဲ့ရဖူးပြီး ၄ နှစ်ကြာ ကုခဲ့ရပါတယ်။

အရမ်းကောင်းတဲ့ တပ်ဖွဲ့ထဲမှာ ပါခဲ့ရတာဟာ ကျွန်တော့်အတွက် ကံကောင်းပါတယ်။ ဖေးမ အားပေး ခံနေရဆဲပဲလို့ ခုချိန်ထိ ခံစားမိပါတယ်။ ဒါပေမဲ့ အမြဲတမ်းတော့ မဟုတ်ပါဘူး။ အနိုင်ကျင့်ခံရတဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။ ဒါမှမဟုတ် တချို့တွေက "ဟေ့။ ပြန်ကောင်းအောင် ကိုယ့်ကိုယ်ကိုယ် ထိန်းပါဦး" လို့ ပြောသူတွေလည်း ရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ အားတင်းခံနိုင်ဖို့ထက် ကိုယ့်ကိုယ်ကို သတ်သေဖို့က ပိုလွယ်ပါတယ်။ ဆေးရုံကိုသာ ဒုတိယအကြိမ် ပြန်မပို့ဖြစ်ရင် ကျွန်တော် ဘယ်လောက်ကြာကြာ ခံခဲ့မလဲ ဆိုတာ မသိပါဘူး။

အကောင်းဘက်က တွေးပါ

ဆေးရုံမှာ ခြေပြတ် လက်ပြတ် ဖြစ်နေတဲ့သူတွေကို မြင်ရင်ကျွန်တော် မနာလို ဖြစ်မိပါတယ်။ သူတို့ရဲ့ ဒဏ်ရာတွေက မျက်မြင်တွေ့ရပြီး စာနာ နားလည်နိုင်တဲ့ ဒဏ်ရာတွေပါ။ ဒါပေမဲ့ ကျွန်တော့် ဒဏ်ရာက လူမသိ သူမသိ ဒဏ်ရာ ဖြစ်နေလို့ပါ။

ဒါ့အပြင် ကျွန်တော့်ကို မေးလာကြတဲ့ မေးခွန်းသစ်တွေကြောင့်လည်း စိတ်ဆင်းရဲခဲ့ရပါတယ်။ "စစ်မြေပြင်က စစ်သားတွေကို ထားပြီး ဘာ့ကြောင့် ထွက်လာတာလဲ" ဆိုတဲ့ မေးခွန်းမျိုးတွေပါ။

နောက်ပိုင်း သိခဲ့ရတာက ကျွန်တော့်ရဲ့ တပ်မှူးတင်မက ကျွန်တော့်ထက် အတွေ့အကြုံ ပိုရှိတဲ့ တခြားစစ်သားတွေလည်း အလားတူ ဝေဒနာမျိုး ခံစားခဲ့ကြရတယ် ဆိုတာပါ။ ဒီဝေဒနာက ကုလို့ မရတဲ့ ဝေဒနာ မဟုတ်ပါဘူး။ ကုလို့ ရပါတယ်။ ဒါပေမဲ့ အချိန်ယူရပါတယ်။ တချို့က တစ်နှစ်ကြာ ကုရုံနဲ့ ပျောက်ပါတယ်။ တချို့ကတော့ နှစ်ပေါင်းအကြာကြီး ကုရတတ်ပါတယ်။

ယူကရိန်းမှာ ဒီလိုရောဂါ ဝေဒနာမျိုးအတွက် ကျွမ်းကျင်သူ ဆေးပညာရှင် အတော်များများ မရှိပါဘူး။

ဒေသန္တရဆေးရုံ တစ်ခုကနေ နောက်တစ်ခုကိုအပြောင်းမှာ အဲဒီဆေးရုံက စိတ်ရောဂါကုဆရာဝန် တစ်ယောက်က ကျွန်တော့်ကို တခြားကမ္ဘာက ဂြိုဟ်သားတစ်ယောက်လိုမျိုး စိုက်ကြည့်နေတယ်လို့ ကျွန်တော် ခံစားမိပါတယ်။

နောက်ဆရာ၀န်တစ်ယောက်ကလည်း ကျွန်တော့်ရောဂါ ဝေဒနာဟာ သူ့အတွက် ပထမဆုံးအတွေ့အကြုံ ဖြစ်တယ်၊ ဒါပေမဲ့ သူကြိုးစားပြီး ကုပေးပါ့မယ် လို့ ပြောခဲ့ပါတယ်။ ဘာပဲပြောပြော၊ အခုလို ရိုးရိုးသားသား ဖွင့်ပြောတဲ့အတွက် အဲဒီဆရာဝန်ကို လေးစားမိပါတယ်။

ယူကရိန်း၊ စစ်ပွဲ၊ စိတ်ကျန်းမာရေး၊ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ၊ PTSD

ဓာတ်ပုံ ရင်းမြစ်, EPA-EFE

ဆေးလက်မှတ်တစ်ခုခု ရပြီးတာနဲ့ သူတို့ကိုယ်သူတို့ ကျွမ်းကျင်သူပညာရှင် ဆိုပြီး ဆေးကုပေးတဲ့ သူတွေ အတော်များများ ရှိပါတယ်။ အဲဒီလူတွေက အကျပ်အတည်းအခက်အခဲတွေကနေ ဖြေရှင်းပေးတဲ့ စိတ်ပညာရှင်တွေအဖြစ် သူတို့ကိုယ်သူတို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့ PTSD ဝေဒနာရောဂါအကြောင်း သူတို့ နားမလည်ကြဘူးလို့ ကျွန်တော် ထင်ပါတယ်။

သူတို့ထဲက တချို့က "အကောင်းဘက်က တွေးပါ၊ စစ်ပွဲကနေ ခပ်ဝေးဝေးနေပါ။ ပိုအိပ်ပျော်အောင် အိပ်ဖို့ လိုတယ်" စသဖြင့် ပြောလေ့ရှိပါတယ်။

ကိယက်ဗ်မြို့ကို ပြန်ရောက်တဲ့အခါ ကံကောင်းထောက်မစွာ PTSD ဝေဒနာရောဂါ ကုတဲ့ ဌာနမှာ ကျွန်တော် ဆေးကုသ ခံခဲ့ရပါတယ်။

အဲဒီမှာ ဆေးဝါးကုသမှုနဲ့ စိတ်ပိုင်းဆိုင်ရာ ဖေးမမှုတွေ ကျွန်တော် ရခဲ့ပါတယ်။ အဲဒီကလူတွေက တကယ့် မိတ်ဆွေ အရင်းအချာတွေလိုပါပဲ။

ကျွန်တော် ဆေးကုသမှု ခံယူနေချိန်အတွင်းမှာ ကျွန်တော် ကိုယ့်ကိုယ်ကို သေကြောင်းကြံဖို့ စိတ်ကူးမိတဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ နောက်ထပ် ဆက်ခံနိုင်ရည်စွမ်း မရှိတော့လို့ တော်ပြီ၊ ဘဝကို ဆုံးခန်းတိုင်ဖို့ အချိန်ရောက်ပြီ ဆိုပြီး တွေးခဲ့မိဖူးပါတယ်။

အဲဒီမှာရှိတဲ့ စိတ်ပညာရှင်ဆရာဝန်တစ်ဦးနဲ့ ကျွန်တော့် မိတ်ဆွေတွေက အဲဒီအတွေးတွေ မတွေးမိအောင် ကျွန်တော့်ကို ကူညီပေးခဲ့ကြပါတယ်။

အလားတူ အတွေးမျိုး နောက်ဆုံး တွေးခဲ့မိတဲ့ အချိန်တုန်းက နှုတ်ဆက်စာတစ်စောင် ရေးပြီး သူငယ်ချင်းတစ်ယောက်ဆီမှာ သူပေးထားပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေပြီးတဲ့အခါ စာအိတ်ပေါ်က လိပ်စာအတိုင်း စာကို သွားပေးဖို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ နောက်ရက်ပိုင်းအကြာမှာ ကျွန်တော် ဆေးတွေကြောင့် ကျွန်တော့် ကျန်းမာရေး ပြန်ကောင်းလာပြီး အခြေအနေတွေ ပြောင်းသွားခဲ့ပါတယ်။ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် သတ်သေချင်စိတ် မရှိတော့ပါဘူး။

ဘယ်လိုမှ မခံစားရဘူး

မြို့ထဲကို တစ်ယောက်တည်း သွားရတာက ကျွန်တော့်အတွက် အခုချိန်ထိ စိတ်ပင်ပန်းနေဆဲပါ။ လမ်းတွေပေါ်မှာ တစ်ခုခုများ ဖြစ်ရင် ပုန်းခိုဖို့ အကွယ်အကာတွေ လိုက်ရှာမိနေတုန်းပါ။

အများပြည်သူသုံး ဘတ်စ်ကား၊ ရထားတွေ စီးရတာ ကျွန်တော့်အတွက် ငရဲခန်းလိုပါပဲ။ လူတွေအများကြီး အနားမှာရှိနေရင် ထိတ်လန့်ကြောက်ရွံ့စိတ်တွေ ပေါ်လာတတ်ပါတယ်။

ယူကရိန်း၊ စစ်ပွဲ၊ စိတ်ကျန်းမာရေး၊ စိတ်ဒဏ်ရာလွန် စိတ်ဖိစီးမှုရောဂါ၊ PTSD

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ယူကရိန်းစစ်ပွဲမှာ ကျဆုံးသွားတဲ့ စစ်သားတွေ

ဒါ့အပြင် လက်တွေ့ ကြုံတွေ့နေရတဲ့ ဆန့်ကျင်ဖီလာ အခြေအနေနှစ်ခုကလည်း ကျွန်တော့်အပေါ် စိတ်ဖိစီးမှုတွေ ပိုဖြစ်လာစေပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ စစ်ပွဲက ဖြစ်နေဆဲပါ။ ဒါပေမဲ့ လူအတော်များများက ဘာစစ်မှ မဖြစ်သလို သွားလာပြုမူနေကြတာ တွေ့ရပါတယ်။ တချိန်တည်းမှာပဲ ဒါကလည်း ပုံမှန်ဆိုတာကို ကျွန်တော့်အနေနဲ့ နားလည်ထားပေမဲ့ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အားလုံး ငြိမ်းချမ်းနိုင်ဖို့ ကျွန်တော်တို့ တိုက်ပွဲဝင်နေတာမို့ပါ။

ဒါ့အပြင် အပြစ်ရှိသလိုလည်း ခံစားမိပါတယ်။ ကျွန်တော်တို့ အခုဒီမှာ အေးအေးဆေးဆေး ထိုင်ပြီး ဘာဂါ စားနေချိန်မှာ စစ်သားတွေက အေးခဲနေတဲ့ ကတုတ်ကျင်းတွေထဲကနေ လေယာဉ်တွေကို ပစ်ခတ် တိုက်ခိုက်နေရတာ ဆိုတော့ ကိုယ့်ကိုယ်ကိုယ် ရွံရှာမိတာ အမှန်ပါပဲ။

ဆေးဝါးတွေနဲ့ ကုပြီး သီတင်းပတ် အနည်းငယ်အကြာမှာ ကျွန်တော် ခံစားချက်တွေ ကင်းမဲ့လာပါတယ်။ ကြောက်စိတ်မရှိတော့ပါဘူး။ ဒါပေမဲ့ ပျော်ရွှင်မှု ဆိုတာလည်း မရှိတော့ပါဘူး။

ဥပမာ-ကျွန်တော့်ဇနီး ကလေးမွေးတဲ့အချိန်ပါ။ ဒီကလေးလေးကို တွေ့ရဖို့ အချိန်အကြာကြီး စောင့်ခဲ့ရပါတယ်။ ဒါပေမဲ့ တကယ်တမ်းတွေ့တဲ့အခါ ဘာအပျော် စိတ်ခံစားမှုမျိုးမှ မရှိခဲ့ပါဘူး။

အခုတော့ ကျွန်တော့်မှာ စိတ်ခံစားမှုတွေ ပြန်ရလာခဲ့ပါပြီ။

ကံကောင်းခဲ့သူ

အကြီးဆုံး ပြဿနာက PTSD ဆိုတာ ဘာလဲဆိုတာကို နားမလည်တဲ့သူတွေနဲ့ ဆက်ဆံပြောဆိုရတဲ့ ပြဿနာပါ။

စစ်မြေပြင်မှာ ရှိနေစဉ်တုန်းက ကျွန်တော့်ရဲ့ မိသားစု၊ ဇနီးအပေါ် ကျွန်တော် ပိုပိုပြီး တန်ဖိုးထားတတ်လာပါတယ်။ ကျွန်တော့်မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေကြောင့် ကျွန်တော် ဆက်ရှင်သန်နိုင်ခဲ့တာပါ။

စစ်ပွဲဟာ လူတစ်ယောက်ရဲ့ ပင်ကိုသဘာဝကို လှစ်ဟပြလိုက်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ကောင်းတဲ့သူတွေက ပိုကောင်းလာတယ်။ ဆိုးတဲ့သူတွေက ပိုဆိုးလာပါတယ်။

ဘုရားရဲ့ ကျေးဇူးတော်ပါပဲ။ ကံကောင်းထောက်မစွာနဲ့ ဒီတပ်ဖွဲ့ထဲမှာ ကျွန်တော်ပါခွင့်ရခဲ့တာပါ။ ကျွန်တော် ရောက်ခဲ့တဲ့ တပ်ဖွဲ့ထဲက လူအယောက်တိုင်းက စိတ်ထားကောင်းတဲ့ သူတွေချည်းပါ။

အခုဆိုရင် ဆေးသောက်နေရတဲ့အတွက် ကျွန်တော် အရက် လုံးဝ မသောက်တော့ပါဘူး။ အရက်က အရင်အခြေအနေကို ပြန်ရောက်သွားစေနိုင်ပါတယ်။ အဲဒီအခြေအနေကို ကျွန်တော် လုံးဝ ပြန်မရောက်ချင်ပါဘူး။

ဒီဝေဒနာကို ကုရာမှာ တွေ့ရတတ်တဲ့ ပြဿနာတစ်ခုက ရောဂါအမည် ဖော်တဲ့နေရာမှာပါ။ အတော်များများက ဒီဝေဒနာကို ပြဿနာတစ်ခုအဖြစ် သဘောမပေါက်ကြပါဘူး။ စိတ်ရောဂါအထူးကု ဆရာဝန်ဆီ သွားတွေ့ဖို့ ရှက်တတ်ကြပါတယ်။ ပြဿနာတစ်ခု ဖြစ်လာရင် ဒါကို အဖြေရှာဖို့ လိုအပ်ပါတယ်။ လွယ်တော့ မလွယ်ပါဘူး။

အားလုံးကိုခြုံပြောရရင် အဆင့်တိုင်းမှာ ကြုံခဲ့ရတဲ့ ဆရာဝန်တွေ ကောင်းခဲ့တဲ့အတွက် ကျွန်တော် ကံကောင်းခဲ့တာပါ။ ကျွန်တော့်သူငယ်ချင်းက တစ်ခါက ပြောဖူးတယ်။ မင်းက အရမ်းကံကောင်းတဲ့သူပဲတဲ့။ ဟုတ်ပါတယ်။ ကျွန်တော် ဖိုးကံကောင်းပါ။