မြေအောက်ဝက်ဘ်ဆိုက်တွေပေါ်က ရုရှားလက်နက်ပွဲစားအတုများ

ဓာတ်ပုံ ရင်းမြစ်, Anonymous
- ရေးသားသူ, မရီယာ ကော်ရန်ညွတ်၊ လူစီ ဆွင်းနန်း၊ ဂျက်ဂွတ်မန်း
- ရာထူးတာဝန်, World Service Disinformation Team
- ရေးသားခဲ့သည်။
ရုရှားမီဒီယာက ယူကရိန်းဟာ အမှောင်လောကထဲက ဝက်ဘ်ဆိုက်တွေမှာ လက်နက်တွေ ရောင်းနေတယ်လို့ ပြောပေမယ့် ရရှိထားတဲ့ အထောက်အထားတွေအရ အတုအယောင်တွေသာ ဖြစ်ပါတယ်။
ရုရှားနိုင်ငံပိုင် ရုပ်မြင်သံကြားနဲ့ ကရင်မလင်လိုလားတဲ့ တယ်လီဂရမ် ချန်နယ်လ်တွေမှာ ယူကရိန်းတွေက အမေရိကန်ပြည်ထောင်စုက လှူဒါန်းထောက်ပံ့ထားတဲ့ လက်နက်တွေကို အမှောင်လောကထဲက ဝက်ဘ်ဆိုက်တွေမှာ ရောင်းချနေတယ်လို့ ဆိုပါတယ်။
ဘီဘီစီက ဒါနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးခဲ့ပါတယ်။ အမှောင်ကမ္ဘာက ဈေးကွက်ထဲမှာ လက်နက်ရောင်းနေသူတွေဆီကို ဟန်ဆောင်ဝယ်လက်နဲ့ စုံစမ်းပြီး အထောက်အထားတွေ စုဆောင်းခဲ့ရာမှာ လက်နက်ရောင်းမယ်လို့ ဆိုထားတဲ့ ကြော်ငြာတွေဟာ အတုအယောင်တွေ ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။
ယူကရိန်းတွေကို ရုရှားတွေက အတိုကောက်ခေါ်ကြတဲ့ နာမည် Ukrops တွေက Javelin တင့်ကားဖျက် လက်နက်တွေကို မှောင်ခိုလောကမှာ ရောင်းချနေပြီ၊ နေတိုးက ထောက်ပံ့ပေးထားတဲ့ စစ်လက်နက်ပစ္စည်းတွေကို ယူကရိန်းတပ်တွေက ပြန်ရောင်းချနေပြီလို့ ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က ကရင်မလင် လိုလားတဲ့ ASB Military News ရဲ့ အကောင့်မှာ အင်္ဂလိပ်ဘာသာနဲ့ ဖော်ပြထားသလို တွစ်တာနဲ့ တယ်လီဂရမ်တွေမှာပါ တင်ထားပါတယ်။
အဲဒီ အကောင့်ကို မကြာသေးခင်ကပဲ တွစ်တာက ပိတ်ပစ်ခဲ့ပါတယ်။ ဒါပေမယ့် တယ်လီဂရမ်မှာတော့ ဆက်ရှိနေဆဲဖြစ်ပြီး သူ့ဆီမှာ ပုံမှန်ဖတ်ရှုတဲ့ ပရိသတ် ၁၀၀,၀၀၀ ကျော်ရှိနေဆဲ ဖြစ်ပါတယ်။
အဲဒီနေ့ တနေ့တည်းမှာပဲ ဖတ်ရှုသူ ၇၀၀,၀၀၀ ရှိတဲ့ နောက်ထပ် ကရင်မလင်ယိမ်း တယ်လီဂရမ် ချန်နယ်လ် တခုကလည်း ဘိုင်ဒင်နဲ့ ယူကရိန်းရဲ့ ဥရောပ မိတ်ဆွေတွေကို ကျေးဇူးနဲ့ Javelin တွေ၊ စက်သေနတ်တွေနဲ့ တင့်ကားတွေ မကြာခင်အတောအတွင်း ကမ္ဘာတဝန်းက အကြမ်းဖက်သမားတွေနဲ့ ရာဇဝတ်ကောင်တွေ လက်ထဲမှာ မြင်လာရတော့မယ်လို့ ရေးထားပါတယ်။
အဲဒီ ပို့စ်နဲ့အတူ တွဲတင်ထားတာက အမေရိကန်လုပ် တင့်ကားဖျက် ဒုံးစနစ် FGM-148 Javelin ကို ဒေါ်လာ ၃၀,၀၀၀ နဲ့ ရောင်းမယ်၊ ယူကရိန်း ပိုလန်နယ်စပ် သို့မဟုတ် ပြည်ပ တနေရာအထိ ပို့ပေးမယ်လို့ ဆိုထားတဲ့ ကြော်ငြာပဲ ဖြစ်ပါတယ်။
အချိန်ခဏလေး အတွင်းမှာပဲ အဲဒီ ပို့စ်ကို ယူကရိန်းဟာ အနောက်တိုင်းက ထောက်ပံ့တဲ့ လက်နက်တွေကို မှောင်ခိုဈေးကွက်မှာ ရောင်းနေတယ်ဆိုတဲ့ သတင်းမျိုးတွေကို မကြာခဏ တင်ပြလေ့ ရှိတဲ့ ရုရှား နိုင်ငံပိုင် ရုပ်မြင်သံကြားက ပြသပါတော့တယ်။
အဲဒါကြောင့်လည်း ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ ဘီဘီစီနဲ့ ဆက်နွှယ်ကြည့်လို့ မရနိုင်မယ့် လက်ပတော့တွေသုံးပြီး စုံစမ်းစစ်ဆေးကြည့်ခဲ့ပါတယ်။ အထူးပြုလုပ်ထားတဲ့ web browser ကနေတဆင့် လျှို့ဝှက်နိုင်လေ မကောင်းမှုတွေနဲ့ ပိုပတ်သက်နိုင်လေ ဖြစ်တဲ့ မှောင်ခိုလောကထဲက ဝက်ဘ်ဆိုက်တွေကို ဝင်ကြည့်ခဲ့ပါတယ်။
အဲဒီအခါမှာ ရုရှား နိုင်ငံပိုင် မီဒီယာတွေမှာ ဖော်ပြတဲ့ လက်နက်ရောင်းချသူတွေကို မှောင်ခိုဈေးကွက်မှာ တွေ့ခဲ့ရပါတယ်။ သူတို့က နေတိုးလက်နက်တွေ ရောင်းချမယ်၊ တည်နေရာကို ကိယဗ်လို့ ပြထားကြပါတယ်။ ဒါပေမဲ့ ယူကရိန်း ရဲ့ မြို့တော်နာမည်ကို ယူကရိန်းလို စာလုံးပေါင်းထားတာက မှားနေပါတယ်။
တကယ်တော့ ဒီလို အမှားမျိုးက ဒါတခုတည်း မဟုတ်ပါဘူး။
ယူကရိန်းဟန်ဆောင် ဆီးရီးယား ပစ္စည်း
ရုရှားမီဒီယာတွေမှာ မကြာခဏ ဖော်ပြလေ့ရှိတဲ့ လက်နက်ရောင်းချသူက Weapons Ukraine ပဲ ဖြစ်ပါတယ်။ သူက အမေရိကန်လုပ် ကာဘိုင်သေနတ်၊ ပစ္စတိုလ် နဲ့ တခြား ရိုင်ဖယ် သေနတ် တွေကို ၃၂ ကြိမ် အောင်မြင်စွာ ရောင်းချပြီး ယူကရိန်းထဲမှာပဲ ပို့ဆောင်ပေးပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ဘီဘီစီက တွေ့ရတဲ့ ပုံတွေထဲက လက်နက်တွေကတော့ သူပြောထားတဲ့ လက်နက်မျိုးတွေ မဟုတ်ပြန်ပါဘူး။
Your device may not support this visualisation
အနီရောင် သတိပေး လက္ခဏာသည် ပုံက ပုံဟောင်းဖြစ်သည် သို့မဟုတ် ပြုပြင်ထားသည် ဆိုသည်ကို ပြသည်။
ပြီးခဲ့တဲ့ ၂၀၁၄ အတွင်းက ရုရှားဝက်ဘ်ဆိုက်တခုမှာ တင်ထားတဲ့ M4 ကာဘိုင် သေနတ်ပုံကို သုံးထားပါတယ်။ နောက်ပြီး နောက်ထပ် သေနတ် ကြော်ငြာ တခုကတော့ ၂၀၁၄ အတွင်းက သေနတ် ဝါသနာရှင်များရဲ့ ဆိုက်မှာ တင်ထားတဲ့ သေနတ်ပုံတွေကို သုံးထားတာ တွေ့ရပါတယ်။
နောက်ထပ် လက်နက်ရောင်းတဲ့ Big Discounts On Weapons ဆိုတဲ့ ဆိုက်မှာတော့ မကြာသေးခင်ကမှာ ယူကရိန်းကို နေတိုး မဟာမိတ်တွေက ပို့ပေးထားတဲ့ အမေရိကန်လုပ် Javelin နဲ့ ဒရုန်းတွေ ရောင်းမယ်လို့ ကြော်ငြာထားပါတယ်။ သူတို့ကတော့ နည်းနည်းပိုပြီးကြိုးစားထားတာ တွေ့ရပါတယ်။
အဲဒီ ဆိုက်မှာ အရင်က ပုံအဟောင်းတွေကို ပြုပြင်ဖန်တီးပြီး တင်ထားပါတယ်။ အဲဒီထဲမှာ ဒရုန်းအပျက်တွေကိုတောင် သူကိုယ်တိုင် သွားဝယ်ထားသယောင် ပုံတွေတင်ပြထားပါတယ်။ နောက်ပြီး ဘယ်ဈေးကွက်မှာ ဆိုတာတောင် ပါလိုက်ပါသေးတယ်။
ဒါကြောင့်လည်း ယူကရိန်းရဲ့ အချက်အလက် မှန် မမှန် စစ်ဆေးတဲ့ StopFake နဲ့ ဆက်သွယ်ခဲ့ပါတယ်။ သူတို့ရဲ့ တွေ့ရှိချက်တွေအရ ဒီဒရုန်းကြော်ြငာတွေထဲက ဒရုန်းတွေက ပြီးခဲ့တဲ့ ၂၀၁၅ နဲ့ ၂၀၁၆ အတွင်း ဆီးရီးယားမှာ ပစ်ချ ခံခဲ့ရတဲ့ Switchblade 300 ဒရုန်းတွေနဲ့ နံပါတ်စဉ်က အစ တူနေပါတယ်။
လက်နက်ပွဲစားတွေ Google-translate သုံးကြသလား

ရုရှားမီဒီယာတွေမှာတော့ ဒီလက်နက်ရောင်းတဲ့ ကြော်ငြာတွေက ယူကရိန်းက ဖြစ်တယ်လို့ မကြာခဏ ပြောကြပါတယ်။ ဆိုတော့ အဲဒီ လက်နက်ရောင်းသူတွေကို ကိုယ်တိုင်ဆက်သွယ်ကြည့်ခဲ့ကြပါတယ်။
Javelin နဲ့ Switchblade 300 တွေရောင်းတဲ့ သူက သူတို့ကို မက်ဆေ့ချ် ပို့တဲ့ အက်ပ် တခုမှာ javelinusa ဆိုတဲ့ ယူဆာကို ဆက်သွယ်ဖို့ ပြောလာပါတယ်။ သူတို့ဆီက ဘယ်လို လက်နက် ဝယ်ယူလို့ ရမလဲ လို့ ဟန်ဆောင် မေးမြန်းခဲ့ကြပါတယ်။
အကောင့်ထဲကို ငွေထည့်ပါ။ ပြီးရင် စီမံသူကို ဒီ စကားစဉ်ထဲကို ဖိတ်ခေါ်ပါမယ်။ ရောင်းချသူဘက်က စည်းကမ်းတွေကို ကြေညာပေးပါမယ်။ ပြီးရင် ပစ္စည်းတွေကို ဘေးကင်းလုံခြုံစွာ ထုပ်ပိုးပြီး ပို့ပေးပါမယ်။ ရရှိတဲ့ အခါမှာ ရရှိကြောင်းနဲ့ ကျေနပ်မှု ရှိမရှိကို မက်ဆေ့ချ်ပို့ပြီး ပြောရမှာ ဖြစ်ပါတယ်။ အဲဒီအခါကျမှ စီမံသူက ငွေတွေကို သူတို့ အကောင့်ထဲကို လွှဲပေးမှာ ဖြစ်တယ်လို့ javelinusa က ယူကရိန်း ဘာသာနဲ့ မက်ဆေ့ချ်ပြန်ပို့လာပါတယ်။
ဒါပေမယ့် သူတို့ ရေးနေတဲ့ ယူကရိန်း ဘာသာက သဒ္ဒါအမှားတွေ အများကြီး ဖြစ်နေပါတယ်။ ဘာကြောင့် ဒီလို ဖြစ်နေရသလဲလို့ မေးတော့ လက်နက်ရောင်းတဲ့သူက သူတို့က ပိုလန်က မို့လို့ပါဆို အကြောင်းပြန်ပါတယ်။ အဲဒီနောက် သူနဲ့ ပြောထားတာတွေကို ဘာသာဗေဒ ပညာရှင်ကို ပြပြီးစစ်ဆေးစေပါတယ်။
အဲဒီ မက်ဆေ့ချ်တွေကို ရေးတဲ့သူက ရုရှားစကားပြောတဲ့ လူပါလို့ ပိုလန်ဘာသာ ကျွမ်းကျင်သူ ဖြစ်တဲ့ ယူကရိန်း-ရုရှား-ပိုလန် ဘာသာပြန် Daria Lewicka က ပြောပါတယ်။ အဲဒီလူဟာ ရုရှားလို ရေးပြီး ယူကရိန်းလို အွန်လိုင်းဘာသာပြန်နဲ့ ပြောင်းထားတဲ့ အချက်တွေ တွေ့ရတယ်လို့ ဆိုပါတယ်။
လက်နက်ရောင်းဘက်က သုံးထားတဲ့ ယူကရိန်း စကားတွေထဲမှာ ရုရှားအသုံးတွေ အများကြီး တွေ့ရပေမယ့် ပိုလန်အသုံးတွေတော့ မတွေ့ရဘူး၊ ဥပမာအားဖြင့် လိုရင်းမပြောဘဲ ဝေ့လည်ကြောင်ပတ် လုပ်မနေနဲ့ ဆိုတဲ့ အဓိပ္ပါယ်မျိုးရတဲ့ "зуби не заговорюй" ဆိုတဲ့ စကားက ရုရှားလိုသုံးတာပဲ ရှိပြီး ပိုလန်ဘာသာမှာ ဒီလို အသုံးမျိုး မရှိဘူးလို့ ပြောပါတယ်။

နောက်ပြီး စာလုံးပေါင်းတွေလည်း မှားနေတာ တွေ့ရတယ်။ အဲဒါကြောင့် အွန်လိုင်း ဘာသာပြန် ဆော့ဖ်ဝဲက မပြန်နိုင်ဘဲ နဂို စကားလုံးတွေ အတိုင်း ချန်ထားခဲ့ပါတယ်။ အဲဒီ စကားလုံးတွေက ရုရှားစကားလုံးတွေ ဖြစ်ပါတယ်။ အဲဒီနောက်မှာ နောက်ထပ် လက်နက်ရောင်းတဲ့ Weapons Ukraine ကို ဆက်သွယ်ကြည့်ခဲ့ကြပါတယ်။
အွန်လိုင်းပေါ်က ချက်လုပ်ပြီး စကားပြောကြရာမှာလည်း သဒ္ဒါအမှားတွေ သုံးတာကို တွေ့ရပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် ဒီလက်နက်ရောင်းသူတွေဟာလည်း ဌာနေ ယူကရိန်း လူမျိုးတွေထဲက မဟုတ်ဘဲ ဘာသာပြန်ပြီး ပြောနေမှန်းကို သိသာနေပါတယ်။
နောက်ပြီး သူတို့ဆိုက်မှာ တင်ထားတဲ့ ဝယ်ယူသူတွေရဲ့ မှတ်ချက် စကားတွေကလည်း အမှားအယွင်းတွေ ပါနေပြန်ပါတယ်။ အများစုကို ပိုလန်ဘာသာနဲ့ တင်ထားတာ ဖြစ်ပြီး ဘာသာပြန် တင်ထားတဲ့ အရိပ်အယောင်တွေ တွေ့ရပါတယ်။
ဘာသာဗေဒ ပညာရှင် Lewicka ကတော့ တကယ့်လူတွေက အဲဒီလို စကားမျိုး မပြောကြဘူးလို့ ဆိုပါတယ်။
အီးယူ ပြည်သူ ပြည်သားတွေကို ခြိမ်းခြောက်နေသလား

ဓာတ်ပုံ ရင်းမြစ်, Channel 1
ဒီလို အမှားအယွင်းမျိုးစုံ ရှိနေပေမယ့်လည်း ရုရှား နိုင်ငံပိုင် မီဒီယာ ဆိုက် ဖြစ်တဲ့ RT က ဒီ ကြော်ငြာတွေ နဲ့ ဝယ်သူ့ မှတ်ချက်တွေကို ကြည့်ရင် ယူကရိန်း လက်နက်ကုန်သည် ပွဲစားတွေဟာ ပိုလန် နယ်ခြားစောင့် တပ်တွေနဲ့ ချိတ်ပြီး ပိုလန် နယ်စပ်ကို အခက်အခဲ မရှိ ဝင်ထွက် သွားလာ လုပ်နေကြတာကို ပြနေတယ်လို့ ဆိုထားပါတယ်။
ရုရှားရဲ့ Channel One သတင်းဌာနကလည်း Javelin တွေကလည်း လေယာဉ်တွေကို ပစ်ချလို့ရတယ်။ အမေရိကန်လုပ် လေကြောင်းရန် ကာကွယ်ရေး စနစ်ဖြစ်တဲ့ Stinger တွေသာ အကြမ်းဖက် သမားတွေ လက်ထဲ ရောက်သွားရင် ဥရာပက လေဆိပ်တွေအတွက် အန္တရာယ်ဖြစ်လာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
StopFake က အချက်အလက် စိစစ်သူ Serhiy Kharchenko ဟာ ရုရှားရဲ့ ဝါဒဖြန့်ချက်တွေကို ကိုင်တွယ်ရာမှာ အထူးကျွမ်းကျင်သူ လည်း ဖြစ်ပါတယ်။ သူက ကရင်မလင်က ဒီလို သတင်းတုတွေ ထုတ်ပြန်ပြီး ယူကရိန်းကို ယုံကြည်မှု နည်းလာအောင်နဲ့ ကိယဗ်အတွက် လက်နက် ထောက်ပံ့မှုတွေကို အနှောင့်အယှက် ဖြစ်အောင် လုပ်နေတာဖြစ်ကြောင်း ပြောပါတယ်။
သူတို့က ဒီလက်နက်တွေနဲ့ ဥရောပက ပြည်သူ တွေကို ပြန်ပြီး ဒုက္ခပေးလာနိုင်တယ်ဆိုပြီး ထိတ်လန့်လာအောင် လုပ်နေကြတာပါ။ ရုရှားက နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေကြသူတွေအပေါ် လွှမ်းမိုးမှု ရအောင် ရည်ရွယ်ပြီး ဒီလို လုပ်ကြံဖန်တီးနေတာ ဖြစ်တယ်လို့ Serhiy Kharchenko က ပြောပါတယ်။
အဲဒီလို လက်နက်ရောင်းတဲ့ သတင်းမျိုးတွေကို အင်္ဂလိပ်၊ ဂျပန်၊ ဗီယက်နမ်နဲ့ တခြား ဘာသာ တော်တော်များများနဲ့ ရေးသားပြီး ဝက်ဘ်ဆိုက် တော်တော်များများ တင်ထားတာကို ဘီဘီစီက တွေ့ခဲ့ရပါတယ်။ အဲဒီထဲမှာ တူရကီက တကယ့် မီဒီယာ သတင်းဌာနကြီးတွေနဲ့ အမေရိကန်ပြည်ထောင်စုက ဘလော့ဂ်တွေ၊ အငြင်းပွားဖွယ် လျှို့ဝှက်ကြံစည်မှု ကိစ္စတွေကို တင်တဲ့ ဆိုက်တွေမှာပါ တွေ့ရပါတယ်။
မှောင်ခိုဈေး တခုလုံးက ရုရှားရဲ့ လုပ်ကြံ ဖန်တီးထားမှုလား
ဆိုက်ဘာရာဇဝတ်မှု ဆိုင်ရာထောက်လှမ်းရေး ကုမ္ပဏီ KELA မှောင်ခိုဈေးကွက်ကို စုံစမ်းလေ့လာခဲ့ပါတယ်။ အဲဒီမှာ တင်ထားတဲ့ အရောင်းကြော်ငြာတွေကို ရုရှားယိမ်းတဲ့ ဝါဒဖြန့်တဲ့ သူတွေဆီက ထပ်ပြီး ကြော်ငြာပေးကြသလို သူတို့ ကိုယ်တိုင် ဖန်တီး တင်ထားကြတာလည်း ဖြစ်နိုင်ကြောင်း တွေ့ခဲ့ရပါတယ်။
KELA က အဲဒီ ဈေးကွက်ထဲမှာ သိပ်ပြီး အလုပ်ဖြစ်တာမတွေ့ရဘဲ အရောင်းအဝယ် နည်းနည်းပဲ ရှိတာကို သံသယဖြစ်ကြောင်း ပြောပါတယ်။ နောက်ပြီး အမှောင်ဝက်ဘ်ဆိုက်တွေကို သွားရောက် ကြည့်ရှုလေ့ ရှိသူတွေထဲမှာတောင် ဒီဈေးကွက်ကို သိပ်ပြီး မသိကြဘူးလို့ ဆိုပါတယ်။
ပုံမှန်တော့ ဒီလိုဈေးကွက်မျိုးကို သိတဲ့သူက ရှာရမခက်ပါဘူး၊ ဒါပေမယ့် ဒီပလက်ဖောင်းနဲ့ ပတ်သက်လို့ ညွှန်းဆိုတာမျိုး မှတ်ချက်ပေးတာမျိုး လုံးဝမတွေ့ခဲ့ရဘူးလို့၊ ဒီဈေးကွက်အကြောင်း သိရဖို့ တော်တော် ခက်ခက်ခဲခဲ ရှာဖွေရတဲ့ အကြောင်း KELA ရဲ့ သုတေသနပိုင်း ဆိုင်ရာ အကြီးအကဲ ဖြစ်တဲ့ Irina Nesterovsky က ပြောပါတယ်။ ဆက်လက်ပြီး ရုရှား သတင်းသမားတွေက ဘယ်လို လွယ်လွယ်နဲ့ ရှာတွေ့ ခဲ့ကြသလဲ ဆိုတာကိုလည်း သူက မေးခွန်းထုတ်ပါတယ်။
အဲဒီ ကြော်ငြာတွေက ရုရှားယိမ်းသူတွေက ရည်ရွယ်ချက်ရှိရှိနဲ့ ဖန်တီးထားတာလား ဒါမှမဟုတ် တကယ်ရောင်းသူတွေလား ဒါမှမဟုတ် မှောင်ခိုလောကမှာ ကျင်လည်နေတဲ့လူလိမ်တွေက ဖန်တီးခဲ့တာကို ကရင်မလင် ယိမ်းသူတွေက ဆက်ခံသုံးစွဲ နေသလား ဆိုတာ မသဲကွဲဘူးလို့ Irina Nesterovsky က ပြောပါတယ်။ ဒါပေမယ့် ရုရှား နိုင်ငံပိုင် မီဒီယာ သတင်းဌာနတွေက တင်ပြလာကြတဲ့ အချိန်အခါအရတော့ သတင်းမှားတွေ ထုတ်ပြန်တဲ့ လှုပ်ရှားမှု တခုဖြစ်နိုင်တာကို တွေ့ရပါတယ်။
StopFake ရဲ့ အချက်အလက် စိစစ်သူ ဖြစ်တဲ့ Serhiy Kharchenko ကလည်း ဒါကို သဘောတူပါတယ်။ သူက ရုရှားရဲ့ ဝါဒဖြန့်ချိရေး သမားတွေက သတင်းတု သတင်းမှားတွေ ဖြန့်ဖို့ ဒီဈေးကွက်ကိုပဲ အသုံးချနေနိုင်တယ်လို့ ယူဆပါတယ်။
အခု ရုရှားဘက်က ယူကရိန်းဟာ လက်နက်တွေ ရောင်းနေတယ်လို့စွပ်စွဲပြီး လုပ်ကြံသတင်းတွေ ထုတ်နေပါတယ်။ နောက် မကြာခင်မှာ ဒီမှောင်ခိုဈေးကိုပဲ အသုံးချပြီး လက်နက်တွေ ရောင်းချတာမျိုး၊ တခြား ပစ္စည်းတွေ၊ ဝန်ဆောင်မှုပေးတာမျိုးတွေကို လုပ်ကြံ ဖန်တီးထားတဲ့ ပို့စ်တွေ တင်မလာကြဘူးလို့ မပြောနိုင်ကြောင်း တကယ်လို့သာ ဒီမှောင်ခိုဈေးကွက်ကို ရုရှားက ဖန်တီးခဲ့တာ ဆိုရင် ဒီလို ဆက်ပြီး အသုံးချနိုင်ကြောင်း ပြောပါတယ်။ ရုရှားက ယူကရိန်းတွေအပေါ် သံသယတွေ ဝင်လာစေဖို့နဲ့ ယူကရိန်းတွေကို သိက္ခာချဖို့ လုပ်နေတာဖြစ်တယ်လို့ Serhiy Kharchenko က ဆိုပါတယ်။








