ယူကရိန်းစစ်ပွဲ - မြောက်ကိုရီးယားက ရုရှားကို လက်နက်တွေ ထောက်ပံ့ပေးနေတယ်လို့ အမေရိကန်သတင်းတွေမှာ ဖော်ပြ

ရေးသားခဲ့သည်။

စီးပွားရေးပိတ်ဆို့ခံနေရတဲ့ အခြေအနေတွေကြောင့် ရုရှားက မြောက်ကိုရီးယားနိုင်ငံကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ ကြိုးစားနေတယ်လို့ အမေရိကန်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။

ရုရှားဟာ မြောက်ကိုရီးယားကနေ သန်းပေါင်းများစွာတန်ဖိုးရှိတဲ့ အမြောက်ကျည်ဆံတွေနဲ့ ဒုံးကျည် တွေဝယ်ယူနေတယ်လို့ ထောက်လှမ်းရေးသတင်းတခုကို ကိုးကားပြီး နယူးယောက်တိုင်းစ်က သတင်းဖော်ပြခဲ့တာပါ။

ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ အခြေအနေကြောင့် ရုရှားဟာ မြောက်ကိုရီးယားကနေ လက်နက်တွေ မဖြစ်မနေ ဝယ်ယူရတဲ့ အခြေအနေရောက်လာတာလို့ အမေရိကန်အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ပြီးတော့ အီရန်ကဝယ်ထားတဲ့ ဒရုန်း ပထမဆုံးအသုတ်ကလည်း ပြီးခဲ့တဲ့တပတ်က ရုရှားကို ရောက်ရှိလာပြီလို့ သတင်းတွေမှာ ‌ဖော်ပြနေကြပါတယ်။

အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုခံထားရတဲ့ အီရန်နဲ့ မြောက်ကိုရီး ယားဟာ ဖေဖော်ဝါရီလက ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးနောက်ပိုင်းမှာ ရုရှားနဲ့ ဆက်ဆံရေး ပိုကောင်းလာအောင် ကြိုးပမ်းခဲ့ကြတာကို တွေ့ရပါတယ်။

အခုလို ရုရှားက ယူကရိန်းကို ဝင်တိုက်ရတာနဲ့ ပတ်သက်ပြီး ကင်ဂျုံအန်းရဲ့ မြောက်ကိုရီးယား အစိုးရက အမေရိကန်ကို အပြစ်တင်ခဲ့ပြီး အခြားနိုင်ငံတွေကို လွှမ်းမိုးချယ်လှယ်တဲ့ မူဝါဒကို အနောက်အုပ်စုက လုပ်ဆောင်နေတဲ့အတွက် ရုရှားက အင်အားသုံးရတယ်ဆိုပြီး အမေရိကန်ကို အပြစ်တင်ခဲ့ပါတယ်။

ရုရှားက အပြည့်အဝကျောထောက်နောက်ခံပြုထားတဲ့ ယူကရိန်းကနေခွဲထွက်ဖို့ကြိုးစားနေတဲ့ ဒွန်းနက်စ်ခ်နဲ့ လူဟန့်စ်ဒေသနှစ်ခုကို ရဲဘော်ရဲဘက်နိုင်ငံတွေအဖြစ် ရုရှားနဲ့အတူ အသိအမှတ်ပြု ထောက်ခံသွားမယ့် အကြောင်း ပြီးခဲ့တဲ့လက မြောက်ကိုရီးယားက ပြောထားတာရှိပါတယ်။

ရုရှားနဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံဆက်ဆံရေးကို ကျယ်ကျယ်ပြန့်ပြန့် အပြုသဘောဆောင်တဲ့ ဆက်ဆံရေးအဖြစ် တိုးချဲ့သွားမယ်လို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောတဲ့အကြောင်းလဲ မြောက်ကိုရီးယားအစိုးရပိုင် မီဒီယာက ဖော်ပြပါတယ်။

နယူးယောက်တိုင်းစ် သတင်းစာရဲ့ သတင်းဖော်ပြချက်ထဲမှာ မြောက်ကိုရီးယားက ရုရှားကို ရောင်းမယ့် လက်နက်ပမာဏကိုတော့ အတိအကျ ဖော်ပြထားတာမရှိပါဘူး။

ဒါပေမယ့် ရုရှားစစ်တပ်ဟာ ပို့ကုန်ထိန်းချုပ်မှုနှင့် ပိတ်ဆို့အရေးယူမှုတွေကြောင့် ယူကရိန်းစစ်ပွဲမှာ ဆိုးရွားပြင်းထန်တဲ့ ထောက်ပို့ ပစ္စည်းပြတ်လတ်မှုနဲ့ ဆက်တိုက် ကြုံတွေ့နေရတဲ့ အကြောင်း အမေရိကန်အရာရှိတစ်ဦးက အေပီသတင်းဌာနကို ပြောပါတယ်။

ဒါပေမယ့် ကျယ်ပြန့်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေက ရုရှားရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှုဝင်ငွေကို အနည်းငယ်သာ ထိခိုက်စေတယ်လို့ Finnish Think Tank အဖွဲ့ရဲ့ စွမ်းအင်နဲ့ လေထုသန့်ရှင်းမှု ဆိုင်ရာ သုတေသနဌာနက အပြောအရ သိရပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီး ခြောက်လကြာ အချိန်အတွင်းမှာ ရေနံနဲ့ သဘာဝဓတ်ငွေ့ စျေးတွေမြင့်တက်လာတာကြောင့် ယူရို ၁၅၈ ဘီလျံ ဝင်ငွေ ရုရှားက ရရှိခဲ့တယ်လို့ ခန့်မှန်းထားပြီး ၊အဲ့ဒီကရတဲ့ ဝင်ငွေထက်ဝက်ကျော်ဟာ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေကို တင်သွင်းတာကနေ ရခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအခြေအနေမှာ ရုရှားအစိုးရဟာ သူတို့စစ်တပ်ကို လက်နက် အင်အားဖြည့်တင်းပေးဖို့ အားနည်းချက် ချို့ယွင်းချက်တွေနဲ့ ကြုံတွေ့နေရတယ်လို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ တာဝန်ရှိတဲ့လူတွေက လက်ခံထားကြပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က အီရန်လုပ်ဒရုန်းတွေ ပထမဆုံးအသုတ်အနေနဲ့ ရုရှားကို ရောက်သွားပြီလို့ အမေရိကန်အစိုးရ တာဝန်ရှိတဲ့သူတွေက အမေရိကန်မီဒီယာကို ပြောထားတာလည်း ရှိပါတယ်။

ပြီးတော့ Mohajer-6 နဲ့ Shahed ဒရုန်းတွေ လေ့ကျင့်ပျံသန်းဖို့ အတွက်လဲ ရုရှား အော်ပရေတာတွေ အီရန်ကို သွားခဲ့ကြတယ်ဆိုတဲ့ အချက်ကိုလည်း အမေရိကန်ထောက်လှမ်းရေး အရာရှိတွေက လက်ခံယုံကြည်ထားပါတယ်။

ဒါပေမယ့် အဲ့ဒီဒရုန်းအများစုဟာ ပို့လိုက်တဲ့အချိန်ကစပြီး စက်ပိုင်းဆိုင်ရာနဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေနဲ့ ကြုံနေရတယ်လို့ အမေရိကန်ထောက်လှမ်းရေးအရာရှိတွေက သတင်း ထောက်တွေကို ပြောပါတယ်။

ရုရှားနဲ့ ယူကရိန်း ဘယ်ဘက်ကိုမှ လက်နက်ပေးပို့ တာမရှိဘူးလို့ အီရန်က တရား ဝင်ငြင်းဆိုထားပေမယ့် အီရန်ဟာ ယူကရိန်းစစ်ပွဲမှာ သုံးဖို့ ဒရုန်းရာနဲ့ချီ ရုရှားကို ရောင်းဖို့ ပြင်ဆင်နေတယ်လို့ အမေရိကန်အမျိုးသား လုံခြုံရေးအကြံပေး Jake Sullivan က ဇူလိုင် လတုန်းက ပြောထားပါတယ်။

ယူကရိန်းတိုက်ပွဲမှာ သိသိသာသာဆုံးရှုံးမှုတွေ ကြုံနေရတဲ့အချိန်မှာ တိုက်ပွဲမှာ သုံးတဲ့ ဒရုန်းတွေ ပြုပြင်ထိမ်းသိန်းတာတွေအတွက် ရုရှားတပ်တွေ အခက်အခဲရှိနေတယ်လို့ ဗြိတိန်ကာကွယ်ရေးအရာရှိတွေ အင်္ဂါနေ့က ထုတ်ပြန်ခဲ့ပါတယ်။

"နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုကြောင့် ပစ္စည်းအစိတ်အပိုင်းတွေ ပြတ်တောက်လာတဲ့ အခြေအနေတွေ ရုရှားတပ်တွေရင်ဆိုင်နေရပြီး UAVs ဒရုန်းတွေအသုံးပြုဖို့ အတွက်လဲ အခက်အခဲတွေရှိလာနေပြီ"လို့ ဗြိတိန်ရဲ့ တနေ့စဥ်သတင်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

"ကင်းထောက် UAV ဒရုန်းတွေ အသုံးပြုဖို့ အကန့်အသတ်အခက်အခဲတွေရှိလာတာဟာ ရုရှား တပ်မှူးတွေအတွက် နည်းဗျူဟာဆိုင်ရာအခက်အခဲတွေရှိလာနိုင်ပြီး ရုရှားစစ်ဆင်ရေးတွေ အကောင်အထည်ဖော်ဖို့လည်း အဟန့်အတားတွေ ပိုရှိလာနိုင်တယ်"လို့ ယူကေအစိုးရ တာဝန်ရှိသူတွေက ထပ်ဖြည့်ပြောထားပါတယ်။