ကိုယ်တိုင်အသည်းကွဲရာကနေ လမ်းခွဲပြတ်စဲရသူတွေကို ကူညီလမ်းညွှန်ပေးလာသူ

A collage of Sisi Lawyer smiling next to a large open book, with a colourful background

ဓာတ်ပုံ ရင်းမြစ်, Somsara Rielly

    • ရေးသားသူ, မက်ဂါ မိုဟန်
    • ရာထူးတာဝန်, ကျား-မ၊ အသွင်သဏ္ဍာန်ပိုင်းဆိုင်ရာ သတင်းထောက်
  • ရေးသားခဲ့သည်။

ချစ်သူနဲ့ ကွဲတဲ့အကြောင်းတွေကို TikTok ပေါ်တင်ပြီး ပြောကြဆိုကြတဲ့ အရေအတွက်က ၂၁ ဘီလျံကျော် ရှိတယ် ဆိုတာကို ကြည့်ခြင်းအားဖြင့် ကိုယ်အသည်းကွဲတဲ့ကိစ္စကို ရင်ဖွင့်ချင်သူတွေ၊ အကြံဉာဏ်တောင်းလိုသူတွေ ဘယ်လောက်တောင် များသလဲဆိုတာ တွေ့ရမှာပါ။ ဒီတော့ အာရွန်ကီ အိုမာမီ တို့လို အခကြေးငွေယူပြီး အသည်းကွဲဝေဒနာ ကုစားပေးသူတွေ ပေါ်လာရတာကလည်း အံ့သြစရာ မဟုတ်တော့ပါဘူး။

၁၉၉၃ ခုနှစ်တုန်းက အသက် ၃၅ နှစ်အရွယ် စီးပွားရေးရှေ့နေ အာရွန်ကီ အိုမာမီ ဟာ သူ့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲသွားစေမယ့် အသည်းကွဲ သင်ခန်းစာတစ်ခု ရခဲ့ပါတယ်။

လေးဂေါ့စ်မြို့က တရားရုံးတစ်ခုမှာ သူရောက်နေခဲ့ပါတယ်။ ဒီတစ်ခါကတော့ အမှုသည်အတွက် အမှုလိုက်ပေးဖို့ပါ။ မိဘနှစ်ပါး ကွာရှင်းပြတ်စဲဖို့ လုပ်နေတဲ့ သူငယ်ချင်း မေရီ (အမည်လွှဲ)ကို အားပေးဖို့ ဖြစ်ပါတယ်။

မေရီရဲ့ အမေက မေရီရဲ့ အဖေကို ခုံတန်းကို ကျော်ပြီး လှမ်း လှမ်းကြည့်နေတာကို အာရွန်ကီက သတိထားမိပါတယ်။

မသိမသာလေး ကြည့်တာ မဟုတ်ပါဘူး။ မေရီရဲ့ အဖေနဲ့ အကြည့်ချင်းဆုံအောင် လည်ပင်းကို ဆန့်ပြီးကို လှမ်းကြည့်တာပါ။

အဲဒီနောက်မှာ တရားသူကြီးက အားလပ်ချိန် ခဏပေးလိုက်တဲ့အချိန်မှာ မေရီနဲ့ မေရီရဲ့ အမေတို့ သူ့အဖေဆီ လျှောက်သွားနေတာကို တွေ့လိုက်တဲ့အခါမှာတော့ အာရွန်ကီတစ်ယောက် အံ့သြ မှင်သက်သွားမိခဲ့ပါတယ်။ တရားရုံးတစ်ခုလုံးလည်း တိတ်ဆိတ်သွားခဲ့ပြီး သူတို့မိသားစုကိုပဲ ဝိုင်းကြည့်နေကြပါတယ်။

အဲဒီနောက်ဖြစ်လာတဲ့ အဖြစ်အပျက်ကြောင့် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ပါတယ်။

မေရီနဲ့ သူ့အမေတို့ သူ့အဖေရှေ့မှာ ဒူးထောက် ထိုင်ချလိုက်ကြပြီး "မိသားစု မပြိုကွဲပါရစေနဲ့" လို့ ခေါင်းငုံ့ တောင်းပန် တိုးလျှိုးခဲ့ကြပါတယ်။

ဒါပေမဲ့ မေရီရဲ့ အဖေကတော့ မျက်နှာကို မော့ထားလိုက်ပြီး လူတွေအားလုံးရှေ့မှာ မေရီတို့ သားအမိကို စဆဲဆို ကြိမ်းမောင်းပါတော့တယ်။

Short presentational grey line

၁၉၆၇ ခုနှစ်တုန်းက ၉ နှစ်သမီးအရွယ် အာရွန်ကီ ကျောင်းကစားကွင်းထဲမှာ သူငယ်ချင်းတွေနဲ့ ကစားနေတုန်း ကျောင်းအုပ်ဆရာမကြီး သူ့ဆီကို လျှောက်လာတာ တွေ့ရပါတယ်။ အားလပ်ချိန်မျိုးမှာ ကျောင်းအုပ်ဆရာမကြီးကို ဒီလိုတွေ့ရလေ့ မရှိတတ်တာမို့ ထူးဆန်းတယ်လို့တော့ ထင်မိလိုက်ပါတယ်။

ကျောင်းအုပ်ဆရာမကြီးက အာရွန်ကီကို သူ့အဖေ ကျောင်းဂိတ်ဝမှာ စောင့်နေတယ်လို့ ပြောပါတယ်။ သူ့ကို လာခေါ်ဖို့ အဖေက စောင့်နေတာပါ။ တစ်ခုခု ဖြစ်တာတော့ သေချာနေပါပြီ။

အာရွန်ကီရဲ့ အဖေက "သူတို့ အိမ်ပြန်မှာ မဟုတ်ဘူး၊ အဘွားအိမ်မှာ သူနေရမယ်" လို့ ပြောပါတယ်။ အဘွားအိမ်က မြို့ပြင် မိုင်နဲ့ချီ ဝေးတဲ့နေရာမှာ ရှိတာမို့ သူ့ကို ဘယ်သူမှ ကျောင်းပို့ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျောင်းကနေ ခွင့်တိုင်ထားတယ်လို့ အဖေက ပြောပါတယ်။

"အဖေနဲ့ အမေ သူ့ကို လာတွေ့မှာပါ၊ ဒါပေမဲ့ လောလောဆယ် သူတို့အကြား သီးသန့် ပြောဆိုစရာတွေ ရှိတာမို့ သူ့ကို ဒီမှာ လာပို့ထားတာ"လို့ အဖေက ရှင်းပြပါတယ်။ အာရွန်ကီက သိပ်တော့ နားမလည်ပေမဲ့ မေးခွန်းထုတ်ရမယ့်အချိန် မဟုတ်ဘူး ဆိုတာကိုတော့ သိနေခဲ့ပါတယ်။

အသည်းကွဲတာကို ကုစားဖို့ အာရွန်ကီရဲ့ အကြံပေးချက်များ( အောက်ဘက်ကို ဆက်ကြည့်ပါ)

  • ငိုချပစ်လိုက်ပါ - ငိုတာက နာကျင်မှု ဝေဒနာတွေ ပျောက်သွားစေဖို့ အထောက်အကူ အများကြီးပေးပါတယ်
  • ချစ်သူဟောင်းကို ဖုန်းဆက်တာမက်ဆေ့ဂျ် ပို့တာတွေ အနည်းဆုံး နှစ်ပတ်လောက် မလုပ်ပါနဲ့

နောက်သီတင်းပတ် အနည်းငယ်လောက်အကြာမှာ သူ့အဖေနဲ့ အမေ ရောက်လာပြီး မိသားစုဝင်အတော်များများနဲ့ တီးတိုး တီးတိုး ပြောဆိုနေတတ်ပါတယ်။ သူတို့ ပြောနေတာတွေ မကြားနိုင်အောင် အာရွန်ကီနဲ့ မောင်နှမတွေကို အခန်းထဲကနေ အပြင်ကို ခေါ်ထုတ်ခိုင်းတတ်ပါတယ်။

ညနေတိုင်း အဖေနဲ့ အမေ အိမ်ပြန်သွားတဲ့အခါမှာ သူတို့ကို အဘိုးအဘွားနဲ့ ထားရစ်ခဲ့ပါတယ်။ သူတို့ပိုင်တဲ့ အိမ်ကိုတော့ ရောင်းဖို့ စလုပ်နေပါပြီ။

အသည်းကွဲ၊ စုံတွဲ၊ အိမ်ထောင်ရေး၊ အချစ်ရေး

ဓာတ်ပုံ ရင်းမြစ်, Somsara Rielly

ဓာတ်ပုံ ပုံစာ, စုံတွဲကွဲတဲ့ သရုပ်ဖော်ပုံ

အာရွန်ကီဟာ အဘွားအိမ်မှာ ဝမ်းကွဲမောင်နှမတွေနဲ့ ကစားပါတယ်။ အဘွားကို ထမင်းဟင်း ကူချက်ပေးပါတယ်။ နှစ်ပတ်လောက် ကျောင်းမသွားရတော့ အကြိုက်တွေ့နေပါတယ်။ သူပျော်နေပါတယ်။ ဝမ်းနည်းတာတွေဘာတွေ မရှိခဲ့ပါဘူး။

တစ်လလောက်အတွင်း သူ့မိသားစုမှာ ပြောင်းလဲမှုသစ်တွေ ဖြစ်လာခဲ့ပါတယ်။

အဲဒီအချိန်တုန်းကတော့ သူတို့မိသားစုမှာက လူတွေအများကြီး ပါဝင်ပတ်သက်နေခဲ့တာ လို့ အာရွန်ကီက ဘီဘီစီကို ပြောပြပါတယ်။

"ကျွန်မကို အဖေဘက်ကရော၊ အမေဘက်ကရော အဘိုးအဘွားတွေ၊ ဦးလေး အဒေါ်တွေက ကူထိန်းပေးခဲ့ကြတာ။ ကျွန်မမိဘတွေကို သူတို့ အများကြီး ကူခဲ့ကြတယ်။"

အိမ်ကနေ သူ့အဖေထွက်သွားအပြီး အာရွန်ကီနဲ့ မောင်နှမတွေ အိမ်ကို ပြန်လာခဲ့ကြပါတယ်။ သူ့အဖေနဲ့အမေက တစ်ယောက်နဲ့ တစ်ယောက် ရင်းရင်းနှီးနှီး ဆက်နေခဲ့ကြပါတယ်။ ကလေးတွေရှေ့မှာ အချင်းချင်း ဝေဖန်ပြောဆိုတာတွေ မလုပ်ခဲ့ကြပါဘူး။ မိသားစုဘဝက ပြိုကွဲတာမျိုး မဖြစ်ခဲ့ပါဘူး။ အိမ်မှာ လူတစ်ယောက် လျော့သွားတဲ့ သဘောလောက်ပါပဲ။

"ဘယ်လောက်ပဲ ကောင်းအောင်လုပ်လုပ်၊ အချစ်က အမြဲတမ်း မမြဲနိုင်ဘူး ဆိုတာကို ကျွန်မ သဘောပေါက်ခဲ့တယ်" လို့ အာရွန်ကီက ပြောပါတယ်။ "တစ်ယောက်ကို တစ်ယောက် ထိခိုက်လိုတဲ့ စိတ်ကလေးတော့ ဖြစ်လာတတ်ပါလိမ့်မယ်။ ဒါပေမဲ့ ဂုဏ်သိက္ခာရှိရှိနဲ့ ဇာတ်လမ်းကို အဆုံးသတ်နိုင်တာက ကိုယ့်အနာဂတ်အတွက် ပိုကောင်းစေပါလိမ့်မယ်။"

  • သူငယ်ချင်း ဒါမှမဟုတ် ဆွေမျိုး တစ်ယောက်ယောက်ကို ရင်ဖွင့်ပါ။ အမြဲ ဆက်သွယ်နိုင်မယ့်သူ တစ်ယောက်ယောက်ပေါ့။
  • ကိုယ်ဝမ်းနည်း ပူဆွေးနေတယ် ဆိုတာကို သတိရပါ။ ဝမ်းနည်းပူဆွေးတယ်ဆိုတာက ကိုယ့်ကိုယ်ကို ညှိယူတဲ့ အချိန်ကာလပါ။

သူ့မိဘတွေရဲ့ အိမ်ထောင်ရေး ဘာ့ကြောင့် အဆုံးသတ်ခဲ့ရတာလဲ ဆိုတာကို အာရွန်ကီ ဘယ်လိုမှ နားမလည်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ အကြောင်းမဟုတ်ပါဘူး။ သူ့ရဲ့ ကျန်တဲ့ ကလေးဘဝက ပျော်စရာကောင်းခဲ့ပါတယ်လို့ အာရွန်ကီက အခိုင်အမာ ပြောပါတယ်။ ဒါပေမဲ့ အချစ်ရေးနဲ့ ပတ်သက်လို့ သူနောက်ထပ်ရခဲ့တဲ့ သင်ခန်းစာကတော့ နာကျင်စရာ ဖြစ်ခဲ့ပါတယ်။

အသည်းကွဲ၊ စုံတွဲ၊ အိမ်ထောင်ရေး၊ အချစ်ရေး

ဓာတ်ပုံ ရင်းမြစ်, Somsara Rielly

ဓာတ်ပုံ ပုံစာ, မျက်ရည်စက်တွေနဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံကို လက်ထပ်လက်စွပ် မျက်နှာဖုံးပါ စာအုပ်တစ်အုပ် ပစ်ထားတဲ့ အမှိုက်ပုံးနဲ့အတူ သရုပ်ဖော်ထားပုံ

အာရွန်ကီ ၁၈ နှစ်အရွယ်မှာ ဥပဒေကျောင်းမှာ ပညာသင်ကြားပါတယ်။ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း ကောင်လေးကို စိတ်ဝင်စားမိပါတယ်။ သူတို့က တစ်တန်းတည်းသားတွေပါ။ တစ်ယောက်နဲ့ တစ်ယောက် စရာ နောက်ရာကနေ တဖြည်းဖြည်းနဲ့ ချိတ်တိတ်တိတ် ဖြစ်လာကြပါတယ်။ အဲဒီကနေ သူတို့နှစ်ယောက်အကြား ဆက်ဆံရေးက သံယောဇဉ်နဲ့ တွယ်တာတဲ့ ဆက်ဆံရေး ဖြစ်လာတယ်လို့ အာရွန်ကီက ယူဆခဲ့ပါတယ်။

အာရွန်ကီရဲ့ဘဝမှာ ပထမဆုံးအကြိမ် ချစ်မိသွားတာပါ။

ဒါပေမဲ့ ပြဿနာက ယောက်ျားလေးက အတူအိပ်ချင်တယ်လို့ တောင်းဆိုလာပါတယ်။ အာရွန်ကီက ဒီလိုလုပ်ဖို့ စိတ်မရဲသေးပါဘူး။

"လက်မထပ်ခင် အတူအိပ်တာကို ကျွန်မက လက်မခံပါဘူး။ ကျွန်မက အရမ်းရိုးခဲ့တယ်" လို့ အာရွန်ကီက ပြောပါတယ်။

အတူမအိပ်ပေမဲ့ လိုက်လျောနိုင်သမျှ လိုက်လျောပြီး ကြင်ကြင်နာနာ ယုယုယယ နေပေးခဲ့ပါတယ်။ တစ်နေ့မှာတော့ သူ့ရည်းစားကို အံ့သြသွားအောင် ကြိုပြောမထားဘဲ သူ့အိမ်ကို အာရွန်ကီ ရုတ်တရက် ရောက်သွားခဲ့ပါတယ်။ အဲဒီမှာ သူ့ရည်းစားကို နောက်အမျိုးသမီးငယ် တစ်ယောက်နဲ့ ဖက်ယမ်း နမ်းရှုံ့နေတာကို ပက်ပင်း တွေ့လိုက်ရပါတော့တယ်။

"အဲဒီမှာ ကျွန်မအသည်း ဟက်တက်ကွဲသွားတာပဲ။ သူကျွန်မအနောက်ကို လိုက်ချော့လိမ့်မယ်လို့ ထင်ပြီး အခန်းထဲကနေ ကျွန်မ ငိုယိုပြီး ထွက်သွားခဲ့တယ်။ သူလိုက်မလာခဲ့ပါဘူး။"

  • အချစ်ဟောင်းကို ကိုယ့်ဟာကိုယ် နာမည်သစ် ပေးလိုက်ပါ။ ဥပမာ သူ့နာမည်က စတီဗင် ဆိုရင် သူ့အကြောင်း ပြောတဲ့အခါ ရောဘတ်လို့ သုံးပြီး ပြောပါ။ ဒါဆိုရင် ဒေါသထွက်တာ နည်းသွားနိုင်ပါလိမ့်မယ်
  • လူမှုကွန်ရက်ပေါ်မှာ အချစ်ဟောင်းကို လိုက်ကြည့်မနေပါနဲ့၊ unfollow လုပ်လိုက်ပါ။ ကိုယ်နဲ့ ပြတ်သွားပြီးတဲ့နောက်ပိုင်း သူပျော်နေသလား ဆိုတာကို လိုက်ကြည့်နေရမယ့် အချိန်မဟုတ်ပါဘူး။

ရက်အတော်ကြာကြာ တိတ်နေပြီးတဲ့နောက် သူ့ရည်းစားဆီက စာတစ်စောင် ရောက်လာပါတယ်။

"ကျွန်မရည်းစားက သူအချစ်စစ်ကို တွေ့သွားခဲ့ပါပြီတဲ့၊ သူ့ဘဝမှာ ကျွန်မ မရှိတော့ပါဘူး ဆိုပြီး ရေးထားတယ်။"

အပစ်ပယ်ခံရလို့ အာရွန်ကီ ယူကြုံးမရ ဖြစ်ခဲ့ရပါတယ်။

"ကျွန်မ အရမ်းကို ရှက်မိတယ်။ ကျွန်မရဲ့ ကမ္ဘာကြီး အစိတ်စိတ်အမွှာမွှာ ပြိုလဲကျသွားပြီလို့ ခံစားမိခဲ့တယ်။"

သူ နှစ်ပတ်လောက် အတန်းမတက်ခဲ့ပါဘူး။ အိပ်ရာထဲမှာပဲ ငိုနေပါတယ်။ သူ့ရည်းစားနဲ့ မျက်နှာချင်းဆိုင် တွေ့ရမှာကို ကြောက်နေမိပါတယ်။ အိမ်တွင်းအောင်းနေခဲ့ပါတယ်။

သူ့သူငယ်ချင်းတွေ သူ့ကို လာတွေ့ကြပါတယ်။ ဒါ့ထက် သာတာ ရနိုင်ပါတယ်လို့ အားပေးစကားပြောကြပါတယ်။

အဲဒီနောက် တစ်နေ့မှာ မျက်လှည့်ပြလိုက်သလိုပဲ၊ သူ့စိတ်တွေ လန်းဆန်း တက်ကြွလာပါတယ်။ လက်တည့်စမ်းချင်စိတ်တွေ ပေါ်လာပါတယ်။ "ငါ ဥပဒေဒီဂရီဘွဲ့ ရအောင် လုပ်ရဦးမှာပဲ၊ သူငယ်ချင်းတွေနဲ့ ပျော်ရ ပါးရဦးမှာပဲ"လို့ အတွေးဝင်လာပါတယ်။ အိမ်တွင်းအောင်းနေရာကနေ အပြင်ကို ထွက်ခဲ့ပြီး ပုံမှန်ဘဝကို သူပြန်နေခဲ့ပါတယ်။

ဘယ်သူနဲ့မှ အတွေ့မခံဘဲ နေခဲ့တဲ့ အဲဒီနှစ်ပတ်က သူ့အတွက် ကောင်းကျိုး ဖြစ်စေခဲ့တာပါ။ အဲဒီနောက်မှာ ရည်းစားဟောင်းနဲ့တောင် သူငယ်ချင်းအဖြစ် ပြန်နေနိုင်ခဲ့ပါတယ်။

"ကျွန်မ ကြိုက်သလောက် ငိုပစ်ခဲ့တာကို ဝမ်းသာမိတယ်" လို့ အာရွန်ကီက ပြောပါတယ်။ "ဒါက သင်ခန်းစာ ကောင်းတစ်ခုပဲ၊ ကျွန်မအကြီးအကျယ်ကို ငိုပစ်ခဲ့တာ။"

အသည်းကွဲ၊ စုံတွဲ၊ အိမ်ထောင်ရေး၊ အချစ်ရေး

ဓာတ်ပုံ ရင်းမြစ်, Somsara Rielly

ဓာတ်ပုံ ပုံစာ, စုံတွဲတစ်တွဲ ကမ်းခြေနားမှာ လမ်းလျှောက်နေပုံကို အသည်းကွဲနေတဲ့ ဖဲချပ်တစ်ချပ်နဲ့ သရုပ်ဖော်ထားပုံ

နောက် ၁၇ နှစ်ကြာတဲ့အခါ လေးဂေါ့စ်မြို့က တရားရုံးမှာ မေရီရဲ့ အဖေက သူ့ရှေ့မှောက် ဒူးထောက် တိုးလျှိုးတောင်းပန်နေတဲ့ ဇနီးနဲ့ သမီးကို ဆဲဆိုကြိမ်းမောင်းနေတာကို အာရွန်ကီ ထိတ်လန့်စွာ မြင်တွေ့ခဲ့ရပါတယ်။

"မေရီရဲ့အဖေ ပျစ်ပျစ်နှစ်နှစ် ဆဲဆိုနေတာ၊ ကျွန်မ ပြန်တောင် မပြောချင်တော့ဘူး၊ ကျွန်မခေါင်းထဲကနေ လုံးဝ ထုတ်ပစ်လိုက်တယ်၊ စကားလုံးတွေက ရင့်သီးလွန်းလှပါတယ်" လို့ အာရွန်ကီက ပြန်ပြောပြပါတယ်။

အဲဒီမတိုင်ခင်လေးမှာတင် အာရွန်ကီကိုယ်တိုင် သူ့ခင်ပွန်းသည်နဲ့ ကွာရှင်းခဲ့တာပါ။ ဒါပေမဲ့ အခုသူ့မျက်စိအောက်မှာ တွေ့နေရသလိုမျိုးတော့ လူရှေ့သူရှေ့ အရှက်တကွဲ အကျိုးနည်း မဖြစ်ခဲ့ပါဘူး။

အသက် ၆၀ ကျော်အရွယ် အမျိုးသမီးကြီးက သူ့ကို ပြောင်ပြောင်တင်းတင်း မောက်မောက်မာမာ ဆက်ဆံနေတဲ့ ယောက်ျားတစ်ဦးကို သူ့ကို ထားမသွားဖို ဘာ့ကြောင့် ဒူးထောက် တောင်းပန်နေရသလဲဆိုတာကို အာရွန်ကီ နားမလည်နိုင်အောင် ဖြစ်နေပါတယ်။

အဲဒီနောက် ရုတ်တရက် အတွေး ဝင်လာပါတယ်။

"ယဉ်ကျေးမှုထုံးစံကိုက ခင်ပွန်းသည်ကို ဇနီးက ဒူးထောက် အရှုံးပေးရတဲ့ အနေအထား ဖြစ်နေတာကိုး" လို့ အာရွန်ကီက ပြောပါတယ်။ "ဒါကို အရင်က ကျွန်မ သတိမထားမိခဲ့ဘူး။ အခုတော့ သတိထားမိသွားပြီ။"

line

ချစ်သူနဲ့ကွဲကြတဲ့အကြောင်းက ဒစ်ဂျစ်တယ်လ် ပလက်ဖောင်းပေါ်မှာ အသုံးများလာနေ

  • "ချစ်သူနဲ့ကွဲတာကို ဘယ်လို ကျော်ဖြတ်မလဲ" ဆိုတာကို ဂူဂဲလ် (Google)မှာ ရှာကြတာက ပြီးခဲ့တဲ့ ၅ နှစ်တာကာလအတွင်း နှစ်ဆ တိုးလာခဲ့ပြီး ၂၀၁၂ ခုနှစ်ကတည်းက ၃ ဆကျော် တိုးလာတယ်လို့ ဂူဂဲလ်က ဆိုပါတယ်။
  • "ချစ်သူနဲ့ကွဲတာကို ဘယ်လိုကျော်ဖြတ်မလဲ ဒါမှမဟုတ် ချစ်သူဟောင်းကို ဘယ်လိုမေ့ပျောက်မလဲ" ဆိုတဲ့ စာကြောင်းက အိုင်ယာလန်မှာ လွန်ခဲ့တဲ့ ၁၀ နှစ်တာကာလအတွင်း လူတွေ ရှာအကြည့်ဆုံး စာကြောင်းဖြစ်ပြီး နိုင်ဂျီးရီးယား၊ စင်္ကာပူ၊ အိန္ဒိယ၊ သြစတြေးလျ၊ ကင်ညာ၊ အမေရိကန်နဲ့ ယူကေနိုင်ငံတို့ဟာလည်း ဒီစာကြောင်းကို ရှာအကြည့်ဆုံး ထိပ်တန်း ၁၀ နိုင်ငံဖြစ်တယ်လို့ လူမှုကွန်ရက် ပလက်ဖောင်းအတော်များများမှာ လူတွေရှာလေ့ရှိတဲ့ စာလုံးတွေကို AI ဉာဏ်ရည်တုနဲ့ လေ့လာဆန်းစစ်တဲ့ KeywordTool.io က ပြောပါတယ်။
  • TikTok မှာဆိုရင်လည်း ချစ်သူနဲ့ကွဲတဲ့အကြောင်း တင်ထားတဲ့ အရေအတွက်က ၂၁ ဘီလျံ ကျော် ရှိပြီး ချစ်သူနဲ့ကွဲတာကို ဘယ်လိုကျော်ဖြတ်မလဲ ဆိုတဲ့အကြောင်းက ၈ သန်း ၇ သိန်းကျော် ရှိတာတွေ့ရပါတယ်။
  • ချစ်သူနဲ့ကွဲတာအပေါ် အကြံပေးတာ အပါအဝင် အချစ်ရေး လမ်းညွှန်မှုတွေ လုပ်ပေးနေတဲ့ စီးပွားရေးလုပ်ငန်းကနေ တစ်နှစ်ကို ဝင်ငွေ တစ်ဘီလျံကျော် ရှိတယ်လို့ ပုဂ္ဂိုလ်ပိုင်းဆိုင်ရာ တိုးတက်လာအောင် အကြံပေး လမ်းပြပေးတဲ့ စီးပွားရေးလုပ်ငန်း အဖွဲ့ချုပ် The International Coaching Federation အဖွဲ့ကြီးက ပြောပါတယ်။
line

အာရွန်ကီ အိမ်ထောင်ကွဲခဲ့ရတာဟာ သူ့အလုပ်ပေါ်သူ အာရုံစိုက်လွန်းလို့ ဖြစ်ရမယ်ဆိုပြီး အာရွန်ကီ့ကို လူတွေပြောခဲ့တာကို ပြန်တွေးမိပါတယ်။ အဲဒီတုန်းကတော့ ဒါတွေက မလိုတမာ အတင်းအဖျင်းတွေပဲ ဆိုပြီး သူလစ်လျူရှုခဲ့ပါတယ်။ ဒါပေမဲ့ မခံစားရဘူးလား ဆိုတော့လည်း စိတ်ထိခိုက် ခံစားရတာ အမှန်ပါ။

သူ့မိဘ အိမ်ထောင်ကွဲတုန်းကလည်း သူ့အမေကိုပဲ ခင်ပွန်းသည် ကိုယ့်ကို စိတ်ပြန်လည်လာအောင် ဒီလိုလုပ်၊ ဟိုလိုလုပ်ဆိုပြီး အားလုံးက ဝိုင်းပြောခဲ့ကြပါတယ်။

အမျိုးသမီးတွေကို စိတ်မချမ်းမြေ့စရာ အိမ်ထောင်မျိုးမှာ၊ တချို့ဆို အနှိပ်စက်ခံရတဲ့ အိမ်ထောင်မျိုးမှာပဲ ဆက်နေဖို့ လူမှုအသိုင်းအဝိုင်းက တွန်းအားပေးတတ်ကြပြီး ဒီလိုအိမ်ထောင်မျိုးကို စွန့်ခွာပြီး သာယာဝပြောတဲ့ ဘဝမျိုး ဘယ်လို တည်ဆောက်ရမလဲဆိုတဲ့ လမ်းညွှန်ချက်မျိုးတော့ မပေးတတ်ကြပါဘူး။

အဲဒီနေ့က မေရီရဲ့ အမေ အိမ်ထောင် တရားဝင် ကွာရှင်းပြတ်စဲခွင့်ပြုလိုက်တဲ့ တရားခွင်ကနေ ထွက်လာချိန်မှာ အာရွန်ကီ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ အချစ်ရေး၊ အိမ်ထောင်ရေး ကံမကောင်းတဲ့သူတွေကို သူတို့ရဲ့ အိမ်ထောင်ရေးအဆုံးသတ်ကာလမှာ တတ်နိုင်သမျှ သိက္ခာရှိရှိ ကျော်ဖြတ်နိုင်အောင် သူအကူအညီပေးမယ် ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။

အဲဒီနောက် နှစ်အနည်းငယ်အတွင်းမှာ အာရွန်ကီဟာ မိသားစုဥပဒေနဲ့ အချစ်ရေး လမ်းညွန်မှုအကြောင်း လေ့လာသင်ယူရင်း သူ့ဘဝကို နှစ်မြှုပ်ထားခဲ့ပါတယ်။ သူ့သူငယ်ချင်းတွေက သူ့ကို "ရှေ့နေမလေး"လို့ ချစ်စနိုးခေါ်လေ့ရှိခဲ့ရာကနေ အခုတော့ "အိမ်ထောင်ကွဲတွေကို အကြံပေး လမ်းညွှန်ပေးသူ- ရှေ့နေမလေး"လို့ ပြောင်းခေါ်နေကြပါတယ်။

Short presentational grey line

၂၀၂၂ ခုနှစ်မှာတော့ "ရှေ့နေမလေး"အတွက် ပုံမှန်နေ့ ဆိုတာ မရှိတော့ပါဘူး။ ဥပဒေလုပ်သက် နှစ်ပေါင်း ၄၀ ကျော် ရှိလာနေပြီး အသိအမှတ်ပြုခံရတဲ့ အကြံပေးလမ်းညွှန်သူအဖြစ် အတွေ့အကြုံ လုပ်သက် ၁၀ နှစ်ကျော် ရှိလာခဲ့အပြီးမှာတော့ အာရွန်ကီဟာ မနက်မိုးလင်းလို့ မျက်စိနှစ်လုံး ဖွင့်ပြီ ဆိုတာတဲ့ ဖေ့စ်ဘွတ်ခ် ဒါမှမဟုတ် သူ့ရဲ့ chat box ထဲမှာ မက်ဆေ့ဂျ်တွေ နေ့စဉ် ဝင်လာမစဲ ဖြစ်နေတတ်ပါတယ်။ အများစုက အမျိုးသမီးတွေဆီက ဖြစ်ပြီး ချစ်သူနဲ့ကွဲတဲ့ ကိစ္စကို ဘယ်လိုမေ့ပျောက်ရမလဲလို့ အကြံတောင်းလာကြသူတွေ ဖြစ်ပါတယ်။

အခုဆိုရင် အာရွန်ကီဟာ ရည်းစားကွဲ၊ အိမ်ထောင်ကွဲလို့ ယူကြုံးမရဖြစ်နေသူတွေကို အကူအညီပေး လမ်းညွှန်ပြနေတဲ့ ဆက်ဆံရေးနည်းပြအဖွဲ့တစ်ခုမှာလည်း ပါဝင်ဆောင်ရွက်နေပါတယ်။

"ရည်းစားကွဲ၊ အိမ်ထောင်ကွဲသူတွေကို သူတို့ မလွှဲမရှောင်သာ ကြုံတွေ့ခဲ့ရတဲ့ နာကျင်စရာ ဘဝအချိုးအကွေ့ကို ဂုဏ်မာနနဲ့ ပြန်ပြောင်းကြည့်နိုင်အောင် ဒီဆက်ဆံရေးနည်းပြတွေက အကူအညီပေးနိုင်ပါတယ်"လို့ အာရွန်ကီက ပြောပါတယ်။ "ရည်းစားကွဲ၊ အိမ်ထောင်ကွဲခဲ့ရသူတွေ နောက်ထပ် ကြင်ဖော်တစ်ယောက်ကို ချစ်တတ်လာအောင် ဒီဆက်ဆံရေးနည်းပြတွေက ကူညီပေးသလို ကိုယ့်ကိုယ်ကို ပြန်တန်ဖိုးထားတတ်လာအောင် ရည်းစားကွဲ၊ အိမ်ထောင်ကွဲ အကြံပေးလမ်းပြသူတွေက အကူအညီပေးပါတယ်။"

ဒီနည်းပြလုပ်ငန်းဟာ လူသိရှင်ကြား မဟုတ်ဘဲ သိုသိုဝှက်ဝှက်လုပ်တဲ့ လုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

"ကျွန်မကို ဆိုရှယ်မီဒီယာပေါ်မှာ ပြောင်ပြောင်တင်းတင်း မဆက်ဆံတဲ့ သူတွေဆီက မက်ဆေ့ဂျ်တွေ ကျွန်မ ရလေ့ရှိပါတယ်။ သူတို့က ရည်းစားကွဲ၊ အိမ်ထောင်ကွဲရတာကို ရှက်နေကြဆဲပဲဆိုပြီး ကျွန်မကို ပြောကြပါတယ်" လို့ အာရွန်ကီက ဆိုပါတယ်။

  • ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအသောက်တွေကို စားပြီး ထိုင်ငိုင်နေချင်စိတ် ပေါက်တတ်ပါတယ်။ ဒါပေမဲ့ ဒါက ပျော်ရွှင်မှုကို မပေးနိုင်ပါဘူး။ ကိုယ့်ရဲ့ စားသောက်မှုပုံစံပြောင်းဖို့နဲ့ လေ့ကျင့်ခန်းမှန်မှန် လုပ်ဖို့ စဉ်းစားပါ။
  • တချို့ အချစ်ရေး၊ အိမ်ထောင်ရေးတွေမှာ ငွေကြေး၊ အရင်းအမြစ်တွေ အတူခွဲဝေ သုံးစွဲတာမျိုးတွေ ရှိတတ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ထွက်ငွေတွေကို ပြန်ဆန်းစစ်ပါ။ လိုအပ်ရင် လျှော့သုံးတာမျိုးတွေ လုပ်တန်လုပ်ရပါလိမ့်မယ်။

ဒါပေမဲ့ အသည်းကွဲတာကို ပြေပျောက်သွားအောင် အကူအညီပေးတဲ့ လုပ်ငန်း စျေးကွက်တစ်ခုကတော့ အသေအချာ ရှိလာနေပုံ တွေ့ရပါတယ်။

အာရွန်ကီက ဒီလို အကြံပေး လမ်းညွှန်တဲ့ အကြိမ် ၃ ကြိမ်အတွက် အခကြေး နိုင်ဂျီးရီးယားငွေ နိုင်ရာ တစ်သိန်းငါးသောင်း (ပေါင်စတာလင် သုံးရာ) သတ်မှတ်ထားပါတယ်။ အာရွန်ကီ သူ့ရဲ့ ဖောက်သည်တွေကို သူတို့ဘဝ နဂိုပုံမှန် ပြန်ရောက်လာနိုင်ဖို့အတွက် မူဘောင်တစ်ခု ဆွဲပေးပြီး သူ့ရဲ့ လမ်းညွှန်မှုကို အစပြုလေ့ရှိတယ်လို့ ပြောပါတယ်။ ပထမသီတင်း နှစ်ပတ်က အရမ်းကို အရေးပါတယ်လို့ ဆိုပါတယ်။ သူတို့ကို ငိုချပစ်ဖို့ အားပေးပါတယ်။ ရည်းစားဟောင်း၊ ခင်ပွန်းဟောင်းကို ဆိုရှယ်မီဒီယာ အားလုံးကနေ အဆက်ဖြတ်လိုက်ဖို့ ပြောပါတယ်။ ရည်းစားဟောင်း၊ ချစ်သူဟောင်းကို ဖုန်းမခေါ်နိုင်အောင် တားပေးဖို့ ယုံကြည်စိတ်ချရတဲ့ သူငယ်ချင်းတစ်ယောက်ကို တာဝန်ပေးပါတယ်။

"ရည်းစားဟောင်း၊ ခင်ပွန်းဟောင်းကို ဖုန်းခေါ်ဖို့ လိုတယ်လို့ ဆင်ခြေတွေပေးပြီး ကိုယ့်စိတ်က လှည့်ဖျားလေ့ရှိတတ်ပါတယ်။ ဒါကို နားမယောင်ပါနဲ့၊ တကယ်လို့ ဖုန်းခေါ်ဖို့ လိုတယ် ဆိုရင်လည်း သူငယ်ချင်းကို ဖုန်းပေးပြီး ပြောခိုင်းလိုက်ပါ" လို့ အာရွန်ကီက အကြံပေးပါတယ်။

line

မိနစ်အလိုက် ဖြည်းဖြည်းချင်း ကျော်ဖြတ်ပါ

"အချစ်ရေး၊ အိမ်ထောင်ရေး ပြိုကွဲရတာဟာ ယူကြုံးမရ ဖြစ်စရာကောင်းလှပြီး ဒါကို ကျော်ဖြတ်ဖို့က အရမ်းကို ခက်ခဲလှပါတယ်။ အထူးသဖြင့် ဒါမျိုး တစ်ခါမှ မကြုံဖူးဘူး ဆိုရင်ပေါ့။ ဘာမှ ထုတ်ပြောစရာ မလိုပါဘူး၊ မိသားစု သူငယ်ချင်းတွေ အနားမှာ ရှိနေတာကိုက အထောက်အကူဖြစ်စေနိုင်ပါတယ်။ သိထားဖို့ အရေးကြီးတဲ့ အချက်တွေက ဒါကို တစ်ယောက်တည်း ကျော်ဖြတ်စရာ မလိုဘူး ဆိုတာရယ်၊ အချိန်တန်ရင် အသည်းဒဏ်ရာက ကျက်သွားမှာပဲ ဆိုတာရယ်ပါ။ ဒီခက်ခဲတဲ့ အချိန်ကာလက ကျော်လွန်သွားမှာပါ။ ဒါကို ဖြည်းဖြည်းချင်း ကျော်ဖြတ်ပါ။ မိနစ်လိုက်၊ နာရီလိုက် ကျော်ဖြတ်ရင်း တဖြည်းဖြည်းနဲ့ အသည်းကွဲ ဝေဒနာ သက်သာသွားမှာပါ။"

ဟော်လီ ရောဘတ်စ်၊ အချစ်ရေးအိမ်ထောင်ရေး အကူအညီပေးတဲ့ Relate ပရဟိတအဖွဲ့ရဲ့ နှစ်သိမ့်ဆွေးနွေးအကြံပေးသူ

line

ကြားနေကျ မဟုတ်တဲ့ အကြံပေးချက်တစ်ခုကတော့ ရည်းစားဟောင်း အကြောင်း ပြောတဲ့အချိန်မှာ သူ့နာမည်ကို ပြောင်းပြီး ခေါ်ဖို့ပါ။

"တကယ်လို့ သူ့နာမည်က စတီဗင် ဆိုပါတော့။ သူ့အကြောင်း ပြောတဲ့အခါမျိုးမှာ သူ့ကို ရောဘတ်လို့ ခေါ်ပါ။ ဒါဆိုရင် ရောဘတ်အကြောင်း ပြောနေတာ ဆိုတော့ ဒေါသထွက်တာ နည်းသွားပြီး အကောင်းဘက်က ပိုမြင်လာမယ့်ပုံ ရှိပါတယ်။"

အဲဒီနောက်မှာတော့ အာရွန်ကီက သူ့ရဲ့ ဖောက်သည်တွေကို ရေရှည်အတွက် ဘယ်လို နည်းဗျူဟာတွေ ချရမလဲဆိုတာကို ညွှန်ကြားပါတယ်။

"ငွေကြေးနဲ့ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာတွေက အချစ်ရေး၊ အိမ်ထောင်ရေးထဲမှာ ရောနှော ရှုပ်ထွေးနေတတ်ပြီး ဒါတွေကို သီးခြားစီ ခွဲထုတ်ဖို့ လိုအပ်ပါတယ်။ ဒီကိစ္စက ခက်ခဲတတ်ပြီး ဒီလိုလုပ်ဖို့ အကူအညီလိုအပ်ပါတယ်။"

"ဒီအမျိုးသမီးက အိမ်ထောင်တွေကို ကွဲစေချင်မှာပေါ့၊ သူက အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီးပဲလေ" ဆိုပြီး လူတွေက သူ့ကို အွန်လိုင်းပေါ်ကနေ ဝေဖန်တာမျိုး ကြုံရတတ်တယ်လို့ "ရှေ့နေမလေး" ကပြောပြပါတယ်။ ဒီလိုဝေဖန်တာတွေကို မမှုပါဘူးလို့ သူက ပြောပါတယ်။

အာရွန်ကီမှာ လက်တွဲဖော် ရှိပါတယ်။ ဒါပေမဲ့ သူ့မှာ အတွဲမရှိဘဲ တစ်ကိုယ်တည်းသမား ဖြစ်ရင်လည်း သူ့ကို ထိခိုက်မှာ မဟုတ်ပါဘူးလို့ ဆိုပါတယ်။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မကတော့ ပျော်ပါတယ်" လို့ အာရွန်ကီ ကပြောပါတယ်။ "ဒါက အဓိကအချက်ပဲ မဟုတ်လား၊ အမှောင်ပြီးရင် အလင်းလာစမြဲ ဆိုသလို အဆိုးပြီးရင် အကောင်းရောက်လာစမြဲပါပဲ။ တစ်ခါတလေ ချစ်သူနဲ့ကွဲတာ၊ အိမ်ထောင်ကွဲတာက ပိုကောင်းတဲ့ အချစ်ရေး၊ အိမ်ထောင်ရေးကို ရှေ့လျှောက် ဘယ်လို တည်ဆောက်ရမလဲဆိုတာကို သဘောပေါက်ဖို့ သတိပေးလိုက်သလိုပါပဲ။"