သီရိလင်္ကာမှာ သမ္မတအိမ်တော်ကို ဆန္ဒပြသူတွေ ဝင်စီး

sri lanka

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, နိုင်ငံအနှံ့အပြားက ဆန္ဒပြသူတွေက မြို့တော် ကိုလံဘိုကို ချီတက် ဆန္ဒပြ
ရေးသားခဲ့သည်။

သီရိလင်္ကာက ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ကိုလမ်ဘိုမှာရှိတဲ့ သီရိလင်္ကာ သမ္မတ ဂိုတာဘာရာ ရာဂျာပက်ဆားရဲ့ အိမ်တော်ဝန်းအတွင်းကို ဇူလိုင်လ ၉ ရက်နေ့မှာ ဝင်စီးခဲ့ကြပါတယ်။

နိုင်ငံရဲ့ စီးပွားရေး အကျပ်အတည်းကို ကိုင်တွယ်ပုံ မကောင်းတာနဲ့ ပတ်သက်လို့ သမ္မတဘက်က နုတ်ထွက်ပေးဖို့ လနဲ့ချီပြီး ဆန္ဒပြခံနေရာဖြစ်ပြီး နိုင်ငံအနှံ့အပြားက ဆန္ဒပြသူတွေက မြို့တော် ကိုလံဘိုကို ချီတက် ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

အခုလို နိုင်ငံအနှံ့အပြားကနေ ချီတက်လာကြရာမှာ ကားကြီး၊ ကားငယ်နဲ့တကွ ဘတ်စကားတွေအပါအဝင် ရထားတွေကိုပါ မြို့တော်ကို ဦးတည် မောင်းနှင်စေပြီး ရောက်လာကြတာ ဖြစ်တယ်လို့ အစိုးရအရာရှိတွေက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အခုလို ဆန္ဒပြသူတွေ သမ္မတ အိမ်တော်ကို ဝင်စီးကြတယ် ဆိုပေမဲ့ သမ္မတကိုယ်တိုင်ကတော့ လုံခြုံတဲ့ တနေရာကို ရွှေ့ပြောင်းပြီး ဖြစ်တယ်ဆိုတဲ့ သတင်းဖော်ပြချက်တွေလည်း ရှိနေပါတယ်။

လက်ရှိမှာ သီရိလင်္ကာနိုင်ငံဟာ မထိန်းသိမ်းနိုင် ဖြစ်နေတဲ့ ငွေကြေးဖောင်းပွမှုတွေ ကြုံနေရပြီး အစားအစာ၊ လောင်စာနဲ့ ဆေးဝါး တင်သွင်းဖို့လည်း ရုန်းကန်နေရပါတယ်။

ဗီဒီယို ပုံစာ, သီရိလင်္ကာ စီးပွားရေး အခက်အခဲကြောင့် နိုင်ငံရေး မတည်ငြိမ်မှုနဲ့ ကြုံနေရ

မြို့တော်မှာ ဆန္ဒပြမှု အခြေအနေ

နိုင်ငံအနှံ့အပြားက ရောက်လာတဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ကိုလံဘိုက အစိုးရရုံးများရှိရာ ဝန်းအတွင်း ဖြန့်ကျက်ရောက်ရှိလာကြရာမှာ (သမ္မတ) 'ဂိုတာ အိမ်ပြန်တော့' ဆိုတဲ့ ကြွေးကြော်သံတွေနဲ့အတူ ရဲတွေ တားထားတဲ့ အရံအတား အဆင့်ဆင့်ကို ကျော်ဖြတ်ပြီး သမ္မတ အိမ်တော်ကို ဝင်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

သီရိလင်္ကာရဲတွေက မိုးပေါ် သေနတ်ထောင်ပစ်ပြီး ဒေါသထွက်နေတဲ့ လူအုပ်ကြီးကို တားဆီးဖို့ ကြိုးစားခဲ့ကြပေမယ့် လူအုပ်ထဲက တချို့ကို အိမ်တော်ဝန်းအတွင်းကို ဝင်ရောက်နိုင်ခဲ့ကြပါတယ်။

ဒီအိမ်တော်ဝန်းအတွင်းကနေ ဖေ့စ်ဘွတ် တိုက်ရိုက်လွှင့်ချက်တွေအရ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေက အခန်းတွေနဲ့ လူသွားစင်္ကြံတွေမှာ ပြည့်နှက်ရောက်ရှိနေတာကို တွေ့ရပြီး အိမ်တော်ဝန်း အပြင်ဘက်မှာလည်း နောက်ထပ် ရာချီတဲ့ ဆန္ဒပြသူတွေ လှည့်လည်နေတာ တွေ့ရတယ်လို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

သီရိလင်္ကာဝန်ကြီးချုပ် ရာနီ ဝစ်ကရမ်မီ ဆင်းဂ် ကတော့ လက်ရှိအခြေအနေအတွက် သီရိလင်္ကာနိုင်ငံရေးပါတီ ခေါင်းဆောင်တွေကို အရေးပေါ် အစည်းအဝေးတရပ်ခေါ်ခဲ့ပြီး ပါလီမန် ဥက္ကဌကိုလည်း ပါလီမန် အစည်းအဝေးခေါ်ဖို့ တောင်းဆိုထားပါတယ်။