ရှင်ဇိုအာဘေး - သေနတ်နဲ့ပစ်ခတ်ခံရတဲ့ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေဆုံး

ရေးသားခဲ့သည်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး မိန့်ခွန်းပြောနေစဉ် သေနတ်နဲ့ ပစ်ခံခဲ့ရအပြီး အခုအခါ သေဆုံးသွားပြီ ဖြစ်ပါတယ်။

အသက် ၆၇ နှစ်အရွယ် မစ္စတာ အာဘေးဟာ နိုင်ငံတောင်ပိုင်း နာရာမြို့က ရထားဘူတာရုံတစ်ခုရဲ့ အပြင်ဘက်မှာ ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုမှာ မိန့်ခွန်းပြောနေစဉ် အနောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

သေနတ်ပစ်ခံရအပြီး ချက်ချင်း လဲကျသွားခဲ့တဲ့ မစ္စတာ အာဘေးကို ဆေးရုံကို ခေါ်ဆောင်သွားခဲ့ပါတယ်။

အခုအခါ ဂျပန်ရေတပ်ဖွဲ့ဝင်ဟောင်း တစ်ဦးကို ဖမ်းဆီးထားပါတယ်။ ဘာ့ကြောင့် အခုလို ပစ်ခတ်ခဲ့တာလဲ ဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

သေနတ်သမားဟာ အသက် ၄၀ ပိုင်းလောက်အရွယ် အမျိုးသားတစ်ဦး ဖြစ်တယ်လို့ သိရပြီး ပစ်ခတ်မှု ဖြစ်ပွားပြီးပြီးချင်းမှာပဲ လုံခြုံရေးအစောင့်တွေက အတင်းဝင်လုံးပြီး ဖမ်းဆီးလိုက်တာပါ။

မစ္စတာ အာဘေးဟာ ၂၀၀၆ - ၂၀၀၇ ခုနှစ်၊ ၂၀၁၂-၂၀၂၀ ခုနှစ်တွေအတွင်း ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့ပြီး ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ် တာဝန်ကို သက်တမ်းအရှည်ဆုံး တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ သေနတ်နဲ့ အကြမ်းဖက် ပစ်ခတ်မှုက ဖြစ်လေ့ ဖြစ်ထ သိပ်မရှိလှပါဘူး။

မစ္စတာ အာဘေးဟာ ဂျပန်နိုင်ငံမှာ သက်တမ်းကာလအကြာဆုံး ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပြီး ဝန်ကြီးချုပ် ဒုတိယသက်တမ်း၂၀၂၀ ပြည့်နှစ်မှာ ကျန်းမာရေးကြောင့် ရာထူးကနေ နုတ်ထွက်ခဲ့ပါတယ်။

ဒါပေမဲ့ လက်ရှိအစိုးရအဖွဲ့ပေါ်မှာ သြဇာလွှမ်းမိုးနေဆဲ ဖြစ်ပါတယ်။

ဥပမာအားဖြင့် ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်ချိန်မှာ မစ္စတာ အာဘေးက လူထုရှေ့မှောက် ထွက်လာပြီး ဂျပန်နိုင်ငံအနေနဲ့ စစ်ဘက်ဆိုင်ရာ အသုံးစရိတ် တိုးမြှင့်ဖို့ လိုတယ်လို့ ပြောခဲ့ပါတယ်။

ဂျပန် ဒေသစံတော်ချိန် နေ့လယ် ၁၁ နာရီခွဲလောက်မှာ သူ သေနတ်ပစ်ခံရတယ် ဆိုတဲ့ သတင်းစထွက်လာချိန်မှာ လူတွေအကြီးအကျယ် အံ့သြတုန်လှုပ်သွားခဲ့ကြပါတယ်။

ဂျပန်နိုင်ငံမှာ အခုလာမယ့် တနင်္ဂနွေနေ့ကျရင် ပါလီမန် ရွေးကောက်ပွဲ ကျင်းပဖို့ ရှိရာမှာ မစ္စတာ အာဘေးဟာ အဲဒီမြို့က အမတ်လောင်းတစ်ဦးအတွက် မဲဆွယ် မိန့်ခွန်းပြောနေစဉ် အခုလို သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီမြို့ကို သူလာမယ် ဆိုတာကို ကြာသပတေးနေ့ ညနှောင်းပိုင်းမှ အတည်ပြုခဲ့တာ ဖြစ်တဲ့အတွက် သေနတ်သမားက ဒီအကြောင်း ဘယ်လို သိသွားသလဲ၊ လုပ်ကြံပစ်ခတ်ဖို့ ဘယ်လို ပြင်ဆင်ချိန်ရသလဲ ဆိုတာကတော့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။