အမေရိကန် အထက်လွှတ်တော်က ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် သေနတ်ထိန်းချုပ်ရေး ဥပဒေမူကြမ်းကိုထောက်ခံ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဂျော့ ဘရိုက် နဲ့ မက် မာဖီ
- ရာထူးတာဝန်, BBC News
- ရေးသားခဲ့သည်။
နှစ်ပေါင်း ၃၀ နီးပါးအတွင်း လက်နက်နဲ့ ပတ်သက်ပြီး အရေးပါအရာရောက်ဆုံးဖြစ်တဲ့ သေနတ်ထိန်းချုပ်ရေး ဥပဒေမူကြမ်းကို အမေရိကန် အထက်လွှတ်တော်က ထောက်ခံလိုက်ပါတယ်။
မူကြမ်းထဲမှာ သေနတ်ဝယ်မယ့် လူငယ်တွေကို ပိုပြီးတင်းတင်းကျပ်ကျပ် စစ်ဆေးဖို့၊ အန္တရာယ်ပြုနိုင်တဲ့ လူတွေဆီမှာ ရှိနေတဲ့ သေနတ်တွေကို ပြန်ရုပ်သိမ်းဖို့ စတဲ့ အချက်တွေ ပါဝင် ပါတယ်။
ဆီးနိတ်လွှတ်တော်ထဲမှာ ဒီမိုကရက်အမတ်တွေနဲ့အတူ ရီပတ်ပလီကန် အမတ် ၁၅ ယောက်ကလည်း ဒီမူကြမ်းကို ထောက်ခံခဲ့ပါတယ်။ ဥပဒေအထိ ဖြစ်လာဖို့ကတော့ အောက်လွှတ်တော်က ဒီမူကြမ်းကို ထောက်ခံဖို့ လိုပါသေးတယ်။
သူ့တောင်းဆိုချက်တွေအတိုင်း ဒီမူကြမ်းထဲမှာ အပြည့်အဝ ပါမလာပေမယ့်လည်း သမ္မတ ဂျိုး ဘိုင်ဒန်က "၂ပါတီလုံးက လက်ခံထားတဲ့ ဒီဥပဒေမူကြမ်း" ကို အမြန်မဲပေး အတည်ပြု ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
သူ့ရဲ့ ဒီမိုကရက်တစ်ပါတီ အမတ်တွေက လွှတ်တော် ၂ ရပ်လုံးမှာ စိုးမိုးထားတာဖြစ်ပြီး အောက်လွှတ်တော်အမတ်တွေ ဒီမူကြမ်းကို မဲပေးကြဖို့ကလည်း သိပ်မဝေးတော့ပါဘူး။
အရင်လအတွင်းက စုစုပေါင်း လူ ၃၁ ယောက် သေဆုံးခဲ့ရတဲ့ နယူးရော့ခ်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့က စူပါမားကက်တခုမှာ ပစ်ခတ်မှု ၊ တက်ဆက်ပြည်နယ် ယူဗဲလ်ဒီးမြို့က မူလတန်း ကျောင်း တကျောင်းမှာ ပစ်ခတ်မှု စတာတွေ ဖြစ်ပျက်ခဲ့ပြီးနောက်ပိုင်း အခုလို ဥပဒေပြဋ္ဌာန်းဖို့ ဖြစ်လာတာပါ။
"ဒီညမှာ ပြီးခဲ့တဲ့ ၂၈ နှစ်လုံးလုံး ဘာမှ မလုပ်နိုင်ခဲ့တဲ့ ၂ ပါတီလုံးက လွှတ်တော်အမတ်တွေဟာ နိုင်ငံတလွှားက မိသားစုတွေရဲ့ တောင်းဆိုချက်အတိုင်း အတူဆန္ဒရှိကြကာ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ ဖြစ်နေတဲ့ သေနတ်ကိုင် အကြမ်းဖက်မှုတွေကို ဖြေရှင်းနိုင်ရေးအတွက် ဥပဒေမူကြမ်းကို ထောက်ခံလိုက်ပါပြီ" လို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။
ဒီမူကြမ်းမှာ
- အသက် ၂၁ နှစ်အောက် လက်နက်ဝယ်မယ့်သူတွေကို နောက်ကြောင်းရာဇဝင် ပိုတင်းတင်းကျပ်ကျပ် စစ်ဆေးဖို့
- စိတ်ကျန်းမာရေးဆိုင်ရာ အစီအစဉ်တွေ၊ ကျောင်းလုံခြုံရေးတွေ မြှင့်တင်ရေးအတွက် ဖက်ဒရယ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၁၅ ဘီလျံ
- အန္တရာယ်ရှိတဲ့သူဆီက လက်နက်ကို သိမ်းဆည်းနိုင်တဲ့ "အလံနီ" ဥပဒေကို ပြည်နယ်တွေက အကောင်အထည်ဖော်ရေးမှာ အားပေးဖို့ အတွက် ရန်ပုံငွေ
- လက်ထပ်ခြင်းမရှိ အတူနေတဲ့ ကြင်ဖော်အပေါ် အနိုင်ကျင့်စော်ကားမှု ကျူးလွန်ထားသူတွေကို လက်နက်ရောင်းတာမလုပ်ပဲ ပိတ်ပင်ဖို့
စတာတွေ ပါဝင်ပါတယ်။
တက်ဆက်နဲ့ ဘတ်ဖဲလိုး လူအစုလိုက် ပစ်ခတ်မှုတွေမှာ သုံးကြတဲ့ ချေမှုန်းရေး ရိုင်ဖယ် စက်သေနတ်တွေမျိုးတွေကို ပိတ်ပင်တာ၊ သေနတ် ဝယ်နိုင်တဲ့ အသက် သတ်မှတ်ချက်ကို မြှင့်တင်တာ စတာတွေ အပါအဝင် အခု မူကြမ်းမှာ ပါဝင်တာထက် ပိုကျယ်ပြန့်တဲ့ ပြုပြင်ပြောင်းလဲရေးတွေလုပ်ဖို့ သမ္မတ ဘိုင်ဒန်က တိုက်တွန်းခဲ့ပါတယ်။
တက်ဆက်ပစ်ခတ်မှုကို လုပ်ခဲ့တဲ့ သေနတ်သမားက မောင်းပြန် ရိုင်ဖယ် ၂ လက်ကို သူ့ အသက် ၁၈ နှစ်ပြည့်ပြီး ရက်ပိုင်းအကြာမှာ ဝယ်ခဲ့တာလို့ နားလည်ရပါတယ်။
အရေးကြီးတဲ့ မှတ်တိုင်
မည်သို့ဆိုစေ ဒီဥပဒေမူကြမ်းဟာ အရေးပါလှပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြုပြင်ပြောင်းလဲရေး အဆိုပြုချက်ကို ဆယ်စုနှစ်ပေါင်းများစွာအတွင်း ဒီမိုကရက်ကရော၊ ရီပတ်ပလီကန် ကရော ၂ ဖက်စလုံးက ပထမဆုံးအကြိမ်အဖြစ် လက်ခံ သဘောတူခဲ့ကြတာမို့ပါ။
သမိုင်းကို ပြန်ကြည့်ရင်တော့ အမေရိကန်မှာ သေနတ်ကို ပိုထိန်းချုပ်တဲ့ ဥပဒေချမှတ်ဖို့ လုပ်ကြတဲ့ အခါတိုင်း ပိတ်ပင်ကြတာက ရီပတ်ပလီကန် ပါတီကပါ။
ဒီတခါမှာတော့ ဆီးနိတ် အထက်လွှတ်တော်မှာ အမတ် ၁၀၀ ရှိတဲ့အထဲ မဲရလဒ်က ထောက်ခံမဲ ၆၅ မဲ ကန့်ကွက်မဲ ၃၃ မဲ ပါ။
ဒီမိုကရက်တစ်ပါတီဘက်က ပါတီမှာ ရှေးရိုးစွဲအကျဆုံး အထက်လွှတ်တော်အမတ် ဂျိုး မန်ချင်း၊ ခရစ်စတန် စီနမ်မာ တို့အပါအဝင် ဆီးနိတ်က ဒီမိုကရက်အမတ် အားလုံးဖြစ်တဲ့ အမတ်ပေါင်း ၅၀ နဲ့အတူ ရီပတ်ပလီကန်ပါတီက ဆီးနိတ်လွှတ်တော်ခေါင်းဆောင် အမတ် မစ်ချ် မက်ကော်နဲလ်၊ သေနတ်ထိန်းချုပ်မှု လုပ်မှာကို ဆန့်ကျင်တဲ့ အရင်သမ္မတဟောင်း ဒေါနယ် ထရမ့်နဲ့ နီးစပ်သူ လင်းဆေး ဂရေဟမ်တို့အပါအဝင် ရီပတ်ပလီကန် အမတ်တချို့ကလည်း ပူးပေါင်းပါဝင်ကာ ဒီမူကြမ်းကို ထောက်ခံခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမယ့် ရီပတ်ပလီကန် ဆီးနိတ်လွှတ်တော်အမတ် စုစုပေါင်းရဲ့ ၃ ပုံ ၂ ပုံက ဥပဒေမူကြမ်းကို ကန့်ကွက်ပါတယ်။ ထောက်ခံတဲ့ သူတွေထဲက အမတ် ၂ ယောက်က လွဲလို့ ကျန် ရီပတ်ပလီကန် အမတ်တွေကလည်း နောက်တကြိမ် ပြန်အရွေးခံဖို့ ဆန္ဒမရှိတော့တဲ့ သူတွေရယ်၊ အရွေးခံစရာ မလိုတော့တဲ့ သူတွေ ရယ်ပါ။
၂၀၂၄ ရွေးကောက်ပွဲကျရင် ရီပတ်ပလီကန်ဘက်က သမ္မတလောင်းဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးနေကြတဲ့ တက်ဆက် ဆီးနိတ်လွှတ်တော်အမတ် တက် ခရုဇ်က "ကျွန်တော်တို့ရဲ့ ကလေးငယ်တွေအတွက် ကာကွယ်စောင့်ရှောက်ပေးရမယ့် အစီအမံတွေ လုပ်တာထက်စာရင် ဥပဒေနဲ့ အညီလိုက်နာနေထိုင်ကြတဲ့ နိုင်ငံသားတွေရဲ့ လက်ထဲက သေနတ်တွေကို ရုပ်သိမ်းဖို့လုပ်တာ" လို့ ဆိုကာ ဥပဒေမူကြမ်းကို ရှုတ်ချသွားပါတယ်။
၂၀၁၈ ခုနှစ် ဖလော်ရီဒါ ပြည်နယ် ပတ်ခ်လန်း စာသင်ကျောင်း ပစ်ခတ်မှုကနေ အသက်မသေဘဲ လွတ်မြောက်လာကြတဲ့သူတွေ စတင်ထူထောင်ခဲ့တဲ့ သေနတ်ဘေးကနေ လုံခြုံစိတ်ချ ကင်းဝေး စေရေး March For Our Lives အဖွဲ့က အခု မူကြမ်း ဖြစ်လာတာကို တိုးတက်မှုအနေနဲ့ ကြိုဆိုကြပါတယ်။
"ဒီ ကပ်ဘေးဆိုးကြီးကို အဆုံးသတ်နိုင်ဖို့အတွက် နောက်ထပ် အလုပ်တွေ အများကြီး လုပ်ဖို့လိုနေသေးတာကို ကျွန်တော်၊ ကျွန်မတို့ သိပါတယ်။ ဒါပေမယ့် ဒီညဟာ ကြိုးစားပမ်းစား လုပ်ခဲ့တာတွေရဲ့ ရလဒ်ပါ။ ကျွန်ုပ်တို့ ရပ်သွားမှာမဟုတ်သလို၊ နှုတ်ဆိတ်သွားမှာလည်း မဟုတ်ပါဘူး။ ကျန်ုပ်တို့ ဘဝ သက်တမ်းအတွင်း သေနတ်ကိုင် အကြမ်းဖက်တာတွေ အဆုံး သတ်စေဖို့ ဆက်တိုက်ပွဲဝင်သွားမယ်" ဆိုတဲ့ သတင်းစကားကို အဲဒီ အဖွဲ့က တွိဒ်လုပ်ပြီး ပါးပါတယ်။
နိုင်ငံလုံးဆိုင်ရာ ရိုင်ဖယ် အသင်း (National Rifle Association - NRA) ကတော့ ဒီဥပဒေမူကြမ်းကို ဆန့်ကျင်ပြီး ဒီဥပဒေဟာ အကြမ်းဖက်မှုတွေကို ရပ်အောင် လုပ်နိုင် မှာ မဟုတ်ဘူးလို့ သူတို့က ငြင်းချက်ထုတ်ထားပါတယ်။
သေနတ်ထိန်းချုပ်ရေးက ဘာ့ကြောင့် သိပ်ကြီးမားတဲ့အလုပ် ဖြစ်နေတာလဲ
အမေရိကန်မှာ လက်ရှိ လက်နက်စုစုပေါင်း ၃၉၃ သန်း အများပြည်သူအကြားမှာ ရှိနေတယ်လို့ ခန့်မှန်းကြပါတယ်။
ကမ္ဘာ့ချမ်းသာတဲ့နိုင်ငံတွေအကြား လက်နက်ကြောင့် လူသေရတဲ့နှုန်းမှာ အမေရိကန်က အမြင့်ဆုံးဖြစ်နေပြီး ဒီနှစ်အတွင်း သေနတ်ကိုင် အကြမ်းဖက်မှုကြောင့် လူပေါင်း ၂၀, ၉၀၀ ကျော် သေဆုံးခဲ့ရပြီးပါပြီ။ ဒီစာရင်းထဲမှာ လူသတ်မှုတွေ၊ သတ်သေမှုတွေလည်း ပါဝင်ပြီး အန်ဂျီအို အဖွဲ့တခုဖြစ်တဲ့ Gun Violence Archive အဖွဲ့ရဲ့ စာရင်းတွေအရ သိရတာပါ။
ဒါပေမယ့် အမေရိကန်နိုင်ငံဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ဒုတိယအကြိမ် ပြင်ဆင်ချက်အရ လက်နက်ကိုင်ဆောင်ခွင့်ကို အခွင့်အရေးတခုအဖြစ် ကာကွယ်ပေးထားပြီး ဒါကို လက်ခံ နှစ်ခြိုက်ကြတဲ့ ပြည်သူအများအပြားရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
အရပ်သားတွေအတွက် ချေမှုန်းရေး ရိုင်ဖယ်တွေ မလုပ်ဖို့၊ ကျည်မဂ္ဂဇင်းဘောက်စ် တွေမှာ ကျည်တွေအများကြီး ထည့်လို့ရအောင် မလုပ်ဖို့ စတဲ့ ထုတ်လုပ်မှုတွေကို တားမြစ်တဲ့ သေနတ်ထိန်းချုပ်ရေး ဖက်ဒရယ် ဥပဒေတခု ၁၉၉၄ ခုနှစ်တုန်းက နောက်ဆုံး ပြဋ္ဌာန်းဖူးပါတယ်။ ဒါပေမယ့် အဲဒီ ဥပဒေက ၁၀ နှစ်သာ ခံတဲ့ ဥပဒေသာ ဖြစ်ခဲ့ပါတယ်။
ကြာသပတေးနေ့ကလည်း သေနတ်ကို ဘယ်သူက ဥပဒေကြောင်းအရ ကိုင်ဆောင်ခွင့်ရှိတယ်ဆိုတဲ့ အပေါ် ကန့်သတ်ထားတဲ့ နယူးရော့ခ် ဥပဒေတခုကို တရားရုံးချုပ်က ပယ်ဖျက်ခဲ့ ပါတယ်။ အဓိပ္ပါယ်ကတော့ သေနတ်ကိုင်ဆောင်ခွင့်ကို ချဲ့ထွင်ပေးလိုက်တာပါ။
လူထုစစ်တမ်းတွေအရ သေနတ်ကို ထိန်းချုပ်ဖို့ ကြိုးစားမှုတွေကို အမေရိကန် အများအပြားက ထောက်ခံကြတယ် ဆိုတာကို ညွှန်ပြနေပေမယ့် သေနတ်ကိုင်ခွင့်ကို အကြီးအမား ထောက်ခံကြတဲ့ ပြည်နယ်တွေကို ရီပတ်ပလီကန် အထက်လွှတ်တော် အမတ် အတော်များများက ကိုယ်စားပြုနေတာပါ။
ပါတီတွင်း သမ္မတလောင်းရွေးကောက်ပွဲတွေဖြစ်တဲ့ ပရိုင်မာရီ ရွေးကောက်ပွဲတွေမှာ အနိုင်ရဖို့ ရီပတ်ပလီကန် မဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို လိုနေတဲ့ အမတ်တွေအဖို့ ဒီပြုပြင် ပြောင်းလဲရေးကို ဆန့်ကျင်ကြတော့တာပါပဲ။












