ယူကရိန်းရဲ့ အီးယူအိပ်မက် နီးစပ်လာ

ဥရောပ ကော်မရှင်က ယူကရိန်းကို ဥရောပသမဂ္ဂ အီးယူမှာ အဖွဲ့ဝင်လောင်းအဆင့် ပေးဖို့ အတွက် ထောက်ခံပေးလိုက်ပါတယ်။
ယူကရိန်းလိုပဲ မော်လ်ဒိုဗာကိုလည်း ဒီလိုပဲ သတ်မှတ်ပေးလိုက်ပါတယ်။ အရင် ဆိုဗီယက်နိုင်ငံဟောင်း ဂျော်ဂျီယာတော့ ဒီအထဲမှာ မပါခဲ့ပါဘူး။
အဲဒီအတွက် တခုတော့ ပြန်လုပ်ပြဖို့ လိုပါတယ်။ ဥရောပ ကော်မရှင်က ယူကရိန်းအနေနဲ့ ပြုပြင်ပြောင်းလဲရေးတချို့ လုပ်ဖို့လိုပြီး နိုင်ငံတကာ ဥပဒေတွေကိုလည်း လေးစားလိုက်နာကြောင်း ပြသဖို့ လိုတယ်လို့ ပြောပါတယ်။
ယူကရိန်း အလံက အရောင်တွေဖြစ်တဲ့ အပြာနဲ့ အဝါကို ဝတ်ဆင်ထားတဲ့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလိုင်ယန်ကလည်း သူ့မိန့်ခွန်းထဲမှာ ယူကရိန်းပြည်သူတွေဟာ သူတို့ရဲ့ ဥရောပ အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့ အသင့်ဖြစ်နေကြပါပြီလို့ ဆိုခဲ့ပါတယ်။
ဆက်လက်ပြီး ယူကရိန်းအနေနဲ့ ကိုယ့် အနာဂတ်ကို ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်ရှိတယ်လို့လည်း ပြောပါတယ်။
အီးယူ အဖွဲ့မှာ အဖွဲ့ဝင် ၂၇ နိုင်ငံရှိပြီး ယူကရိန်းကို အဖွဲ့ဝင်လောင်းအဆင့် ပေးဖို့ အတွက် အဖွဲ့ဝင် နိုင်ငံတွေ အားလုံး မီးစိမ်းပြဖို့ လိုပါတယ်။ လာမယ့် သီတင်းပတ်ထဲမှာ အီးယူခေါင်းဆောင်တွေရဲ့ ထိပ်သီးဆွေးနွေးပွဲမှာ ဒီကိစ္စကို ဆွေးနွေးကြဖို့ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ရုရှားနဲ့ အနောက်နိုင်ငံတွေ လွန်ဆွဲမှုအကြားက ယူကရိန်း
ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စုပြိုကွဲအပြီး ၁၉၉၁ ခုနှစ် အရောက်မှာ လွတ်လပ်ရေးရကာ အချုပ်အချာအာဏာပိုင်ဖြစ်လာတဲ့ နိုင်ငံဖြစ်ပါတယ်။
ဥရောပသမဂ္ဂ ဆိုတာကတော့ ၁၉၅၇ ခုနှစ်မှာ ရောမစာချုပ်နဲ့ ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ ဖြစ်ပြီး အဲဒီအချိန်က ဥရောပ စီးပွားရေး အသိုင်းအဝိုင်း လို့ ကနဦး အမည်ပေးထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီ အဖွဲ့အစည်းမှာဆိုရင် ခြောက်နိုင်ငံသာ ပါဝင်ပြီး ဘယ်လ်ဂျီယံ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ လတ်ဇင်ဘတ်ဂ်နဲ့ နယ်သာလန်တို့ ဖြစ်ကြပါတယ်။
၁၉၉၃ ခုနှစ်အရောက်မှာတော့ ၁၂ နိုင်ငံအထိ တိုးလာခဲ့ပြီး ၁၉၉၅ မှာ သြစတြီးယား၊ ဖင်လန်နဲ့ ဆွီဒင် တို့ထပ်မံ ပါဝင်ခဲ့ကြပါတယ်။
၂၀ဝ၄ မှာတော့ အရှေ့ ဥရောပက ၇ နိုင်ငံ အပါအဝင် ၁၀ နိုင်ငံ ထပ်တိုးလာခဲ့ပြန်ကာ ၂၀ဝ၇ နဲ့ ၂၀၁၃ ခုနှစ်တို့မှာ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနဲ့ ခရိုအေးရှားလို အရှေ့ ဥရောပနိုင်ငံတွေထပ်မံ ပါဝင်လာခဲ့ပါတယ်။
အခုလို အရှေ့ ဥရောပနိုင်ငံတွေ အီးယူအဖွဲ့ဝင် ဖြစ်လာမှုများလာတဲ့ ၂၀ဝ၄ နောက်ပိုင်းကာလမှာ ယူကရိန်းနိုင်ငံရေးမှာလည်း အပြောင်းအလဲတွေ ရှိခဲ့ပါတယ်။
၂၀ဝ၄ နောက်ပိုင်း ဆန္ဒပြပွဲတွေနဲ့အတူ တက်လာတဲ့ ယူကရိန်းသမ္မတ ဗစ်တာ ယူကာရှန်ကို ဆိုရင် ယူကရိန်းဟာ ဒီမိုကရေစီကျတဲ့ ဥရောပနိုင်ငံတစ်ခုဖြစ်တယ်လို့ ကြွေးကြော်ခဲ့သူ ဖြစ်ပါတယ်။
ဒါပေမဲ့ သူဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ ရုရှားဘက်ယိမ်းတဲ့ ယန်နူကိုဗစ်ချ်ကို ရှုံးနိမ့်ခဲ့ပြီး အဲဒီ ခေါင်းဆောင်သစ်က အီးယူနဲ့ သဘောတူညီချက်တွေကို ပယ်ချခဲ့ရာမှာတော့ လက်ရှိ ယူကရိန်း မတည်ငြိမ်မှုတွေရဲ့ အစ ဖြစ်လာခဲ့ပါတော့တယ်။
ယန်နူကိုဗစ်ချ်က ဆန္ဒပြပွဲတွေကြောင့် ပြုတ်ကျခဲ့အပြီးမှာတော့ ပြည်တွင်း မတည်ငြိမ်မှုတွေလည်း ဖြစ်လာခဲ့ပြီး ရုရှားက ကရိုင်းမီးယားဒေသကို ဖဲ့ယူမှုနဲ့အတူ ယခု လွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် ကြေညာလိုက်ကြပြီဖြစ်တဲ့ လူဟန့် က်စ်နဲ့ ဒွန်းနက်စ် ဒေသက ခွဲထွက်ရေးသမားတွေကိုလည်း ရုရှားက စတင်ထောက်ပံ့လာခဲ့ပါတယ်။
အဲဒီ ဒေသတွေဟာ ယူကရိန်းရဲ့ ကျောက်မီးသွေးနဲ့ သံမဏိ အစရှိတဲ့ စက်မှု လုပ်ငန်းတွေ ထွန်းကားတဲ့ နယ်ပယ်ဖြစ်ပြီး ယခင် ဆိုဗီယက်ပြည်ထောင်စု ရှိစဉ်က ရုရှားစကားပြော လုပ်သားတွေ လာရောက်လုပ်ကိုင်ကြတဲ့အတွက်လည်း ရုရှားနဲ့ နီးစပ်မှု ပိုရှိတဲ့ ဒေသတွေ ဖြစ်နေပါတယ်။








