ရိုနယ်ဒိုကို စွဲဆိုထားတဲ့ အဓမ္မပြုကျင့်မှု အမေရိကန် တရားသူကြီး ပယ်ချ

စွပ်စွဲချက်တွေအားလုံးကိုတော့ ရိုနယ်ဒို ငြင်းဆိုထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စွပ်စွဲချက်တွေအားလုံးကိုတော့ ရိုနယ်ဒို ငြင်းဆိုထား
ရေးသားခဲ့သည်။

မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုအပေါ် စွဲဆိုထားတဲ့ အဓမ္မပြုကျင့်မှု စွပ်စွဲချက်နဲ့ ပတ်သက်လို့ စွပ်စွဲသူရဲ့ ရှေ့နေက ပေါက်ကြားလာတဲ့ အချက်အလက်တွေ၊ ခိုးယူထားတဲ့ မှတ်တမ်းတွေအပေါ် အမှီပြုနေလို့ အဲဒီအမှုကို အမေရိကန် တရားသူကြီးတဦးက ပယ်ချလိုက်ပါတယ်။

တိုက်စစ်မှူး ရိုနယ်ဒိုဟာ ၂၀၀၉ ခုနှစ်က လက်စ် ဗီးဂတ်စ်မှာရှိတဲ့ ဟိုတယ်တခုမှာ သူ့ကို သားမယား ပြုကျင့်ခဲ့တယ်လို့ ကတ်သရင်း မိုင်ယောဂါက စွပ်စွဲထားတာပါ။

ရိုနယ်ဒိုကတော့ အဲဒီစွပ်စွဲချက်အားလုံးကို ငြင်းဆိုထားသလို သူ့အပေါ်နဲ့ တခါမှ အပြစ်ပေးခံရတာ မရှိခဲ့ပါဘူး။

တရားရုံးပြင်ပ နှစ်ဦးနှစ်ဖက်ကြား ပြေငြိမ်းမှုတခု ၂ဝ၁ဝ ခုနှစ်က ကတ်သရင်းဘက်က ရရှိခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေါ်ပေမယ့် သူရရှိခဲ့တဲ့ ဒေါ်လာ ၃၇၅,၀၀၀ ထက် ကျော်လွန်ပြီး ဒေါ်လာ သန်းနဲ့ချီ တောင်းခံနေတာ ဖြစ်ပါတယ်။

အဲဒီစွပ်စွဲမှုပြီး မကြာမီ ကျေအေးဖို့ သူသဘောတူလိုက်ချိန်မှာ အဲဒီတုန်းက သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာက ကြားဝင်စေ့စပ်တဲ့ လမ်းကြောင်းကို လုပ်ဖို့ သူ့ကို ခွင့်မပြုခဲ့ဘူး။ အဲဒီကမ်းလှမ်းမှုကို လက်ခံဖို့ သူဖိအားပေးခံခဲ့ရတယ်လို့ မစ္စ မိုင်ယောဂါ က ပြောပါတယ်။

သူ့ရဲ့ စွပ်စွဲချက်ကို အမှုဖွင့် မတိုင်ကြားခင် မစ္စ မိုင်ယောဂါရဲ့ ရှေ့နေ လက်စလီ စတိုဗယ်က လျှို့ဝှက်ထားတဲ့ အချက်အလက်တွေ၊ ရှေ့နေနဲ့အမှုသည်ကြား အသိပေးထားတဲ့ စာရွက်စာတမ်းတွေ၊ သတင်းအချက်အလက်တွေကို တရားမဝင် ရရှိခဲ့တယ်လို့ အမေရိကန် ခရိုင် တရားသူကြီး ဂျနီဗာ ဒေါဆေးက ရေးသားထားပါတယ်။

ဒီအမှုကို တရားစွဲဆိုဖို့အတွက် လျှို့ဝှက်သတင်းအချက်အလက် အထောက်အထားတွေကို ရှေ့နေဖြစ်သူက ထပ်တလဲလဲ ခိုးယူပြီး မရိုးမသားစိတ်နဲ့ မစ္စတာ ရိုနယ်ဒိုကို နစ်နာအောင်လုပ်ခဲ့တယ်လို့လည်း တရားသူကြီးက ဆိုပါတယ်။

စာမျက်နှာ ၄၂ မျက်နှာပါတဲ့ တရားရုံး စီရင်ချက်ကို သောကြာနေ့က ထုတ်ပြန်ခဲ့ပြီး AFP သတင်းဌာနက ရေးသားခဲ့ရာမှာ တရားသူကြီး ဒေါဆေးက မစ္စတာ စတိုဗယ်ဟာ နည်းမှန်လမ်းမှန် တရားစွဲဆိုမှုတခုကို ပြောင်ပြောင်တင်းတင်း ရှောင်လွဲခဲ့တယ်၊ မတော်တရော် လုပ်ခဲ့တယ်လို့ စွပ်စွဲထားပြီး အကျိုးဆက်အနေနဲ့ မစ္စ မိုင်ယောဂါဟာ ဒီအမှုကို ဆက်လက်တရားစွဲဆိုဖို့ အခွင့်အရေး ဆုံးရှုံးသွားခဲ့တယ်လို့ ပြောဆိုထားပါတယ်။

မစ္စတာ စတိုဗယ်ရဲ့ လုပ်ဆောင်မှုတွေကြောင့် ဒီအမှုဟာ ပလပ်ခံရနိုင်တယ်လို့ ပြီးခဲ့တဲ့နှစ်ကလည်း အောက်တရားရုံး တရားလူကြီးတဦးက ထောက်ပြခဲ့ပါတယ်။

ဒါနဲ့ ပတ်သက်လို့ တစုံတရာ တုံ့ပြန်ချက်ရဖို့ မစ္စတာ စတိုဗယ်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အကြောင်းပြန်တာ မရှိသေးပါဘူး။

လက်တွေ့ကျတဲ့ သင်္ကာမကင်းဖြစ်မှု သံသယဖြစ်မှုတွေထပ် ပိုပြီး သက်သေမပြနိုင်တဲ့အတွက် ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ ခရစ္စတီယာနို ရိုနယ်ဒိုဟာ အပြစ်ပေးခံရမှာ မဟုတ်ဘူးလို့ ၂၀၁၉ ခုနှစ်က အမေရိကန် အစိုးရရှေ့နေတွေက ပြောပါတယ်။

လက်စ် ဗီးဂတ်စ်မှာ ရှိတဲ့ ကလက်ခ် ကောင်တီ ရှေ့နေရုံးကလည်း “မစ္စ မိုင်ယောဂါဟာ သူ မတော်မတရား ပြုကျင့်ခံခဲ့ရတယ်လို့ ၂၀၀၉ ခုနှစ်က တိုင်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်မှာ ဖြစ်ခဲ့တယ်၊ ဒါပေမဲ့ ဘယ်သူက ကျူးလွန်ခဲ့တယ်ဆိုတာကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ခဲ့တယ်။ ဒီတော့ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှု ပြည့်ပြည့်ဝဝ မလုပ်နိုင်ခဲ့ဘူး” လို့ ပြောပါတယ်။

ဒါပေမဲ့ ၂၀၁၈ ခုနှစ်မှာ သူ့ရဲ့ တောင်းဆိုမှုကြောင့် ဒီစွပ်စွဲမှုတွေကို နောက်ထပ်တကြိမ် စုံစမ်းစစ်ဆေးခဲ့ပါတယ်။

ဒီစွပ်စွဲမှုတွေနဲ့ ပတ်သက်လို့ လူထုကို ဘယ်တော့မှ ထုတ်ဖော်ပြောဆိုမှု မပြုပါဘူးဆိုတဲ့ သဘောတူညီမှုတခုအတွက် ခရစ္စတီယာနို ရိုနာဒိုနဲ့ မစ္စ မိုင်ယောဂါကြား တရားရုံးပြင်ပ ကျေအေးမှု တခု ၂၀၁၀ ခုနှစ်က ရရှိခဲ့တယ်လို့ ဂျာမနီ မဂ္ဂဇင်း ဒီးယား ရှပီဂယ်က ၂၀၁၇ ခုနှစ်မှာ ရေးသားခဲ့ပါတယ်။

အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုကို ဆန့်ကျင့်တဲ့ #MeToo လှုပ်ရှားမှုကြောင့် ဒီအမှုကို နောက်တကြိမ် ထပ်ဖွင့်ဖို့ မစ္စ မိုင်ယောဂါက ခွန်အားတွေ ရခဲ့တယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။

မစ္စတာ ရိုနယ်ဒိုဘက်ကတော့ သူတို့နှစ်ဦး ၂၀၀၉ ခုနှစ်က လက်စ် ဗီးဂတ်စ်မှာ တွေ့ဆုံခဲ့တယ်ဆိုတာကို ငြင်းဆိုမထားပါဘူး။ ဒါပေမဲ့ သူတို့ကြား ဖြစ်ပျက်ခဲ့တာတွေဟာ နှစ်ဦးနှစ်ဖက် သဘောတူ ကြည်ဖြူခဲ့တယ်လို့တော့ ဆိုပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှု ခံခဲ့ရသူတွေရဲ့ နာမည်ကို ဘီဘီစီ အနေနဲ့ ပုံမှန်အားဖြင့် တပ်အပ် ပြောဆိုတာ မရှိပေမယ့် မစ္စ မိုင်ယောဂါကတော့ သူ့နာမည်ကို လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခွင့် ပြုထားပါတယ်။