မာရီယူပိုလ်မြို့-ပိတ်ဆို့ခံထားရတဲ့ ယူကရိန်းစစ်သား ရာနဲ့ချီ ကယ်ထုတ်လာ

ယူကရိန်း၊ ရုရှား၊ မာရီယူပိုလ်မြို့၊ အဇော့ဗ်စတယ်လ် သံမဏိစက်ရုံ၀င်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရုရှားထောက်ခံတဲ့ တပ်ဖွဲ့တွေရဲ့ အစောင့်အကြပ်နဲ့ ယူကရိန်းတပ်ဖွဲ့ဝင်တွေကို အဇော့ဗ်စတယ်လ် သံမဏိစက်ရုံဝင်းထဲကနေ ဘတ်စ်ကားတွေနဲ့ ကယ်ထုတ်လာ
    • ရေးသားသူ, ယာရော့စလက်ဗ် လူကော့ဗ်နဲ့ မက်တ် မာဖီ
    • ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
  • ရေးသားခဲ့သည်။

မာရီယူပိုလ်မြို့ အဇော့ဗ်စတယ် သံမဏိစက်ရုံဝင်းထဲမှာ ၂ လကျော်ကြာ ပိတ်မိနေတဲ့ ယူကရိန်းတပ်ဖွဲ့ဝင် ရာနဲ့ချီ ကယ်ထုတ်လိုက်နိုင်ခဲ့ပြီလို့ ယူကရိန်းအစိုးရက အတည်ပြုပြောပါတယ်။

ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားတဲ့ စစ်သား ၅၃ ယောက်ကို ရုရှားထောက်ခံတဲ့ သူပုန်တွေ သိမ်းထားတဲ့ နိုဗိုယာဇော့ဗ်မြို့ဆီ ကယ်ထုတ်သွားပြီလို့ ယူကရိန်း ဒုတိယ ကာကွယ်ရေးဝန်ကြီး ဟန်နာ မလီယာက ပြောပါတယ်။

နောက်ထပ် ၂၁၁ ဦးကိုလည်း သူပုန်တွေသိမ်းထားတဲ့ နောက်မြို့တစ်မြို့ဖြစ်တဲ့ အိုလီနစ်ဗ်ကာမြို့ဆီ လူသားချင်းစာနာတဲ့အနေနဲ့ ဖွင့်ထားပေးတဲ့ လမ်းကြောင်းတစ်ခုကနေ ကယ်ထုတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

ဒဏ်ရာရစစ်သားတွေကို ကယ်ထုတ်ရေး အတွက် သဘောတူချက်တစ်ခု ရနိုင်ခဲ့တယ်လို့ အစောပိုင်းက ရုရှားဘက်ကပြောပါတယ်။

ရုရှားတွေ ဝိုင်းထားတဲ့ အဲဒီ သံမဏိစက်ရုံအောက်က ဥမင်လှိုက်ခေါင်းတွေထဲမှာ ပုန်းအောင်းနေကြတဲ့ ယူကရိန်းစစ်သားတွေကို သယ်ဆောင်သွားတဲ့ ဘတ်စ်ကား ၁၀ စီး ကျော်လောက် တနင်္လာနေ့ ညနေမှာ မာရီယူပိုလ်မြို့ စက်မှုဝင်းကြီးထဲကနေ ထွက်ခွာသွားတာ တွေ့ရတယ်လို့ ရိုက်တာစ် သတင်းမှာ ဖော်ပြထားပါတယ်။

ဒဏ်ရာရ ယူကရိန်း စစ်သားတွေကို အဇော့ဗ်စတယ်လ် စက်ရုံ၀င်းကနေ ကယ်ထုတ်သွားနေတယ်ဆိုတဲ့ ပုံတွေကို ရုရှားအစိုးရ သတင်းမီဒီယာတွေမှာလည်း ဖော်ပြခဲ့ကြပါတယ်။

ဖမ်းမိထားတဲ့ ရုရှားစစ်သားတွေနဲ့ အဲဒီယူကရိန်းစစ်သားတွေကို အလဲအလှယ် လုပ်မှာ ဖြစ်တယ်လို့ မစ်စ် မလီယာက ပြောပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက စစ်သားတွေ ကယ်ထုတ်ရေး လုပ်ဆောင်မှုထဲမှာ ယူကရိန်း စစ်ဘက်၊ ထောက်လှမ်းရေးနဲ့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့တွေနဲ့အတူ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့နဲ့ ကုလသမဂ္ဂ အဖွဲ့တွေပါ အတူပါ၀င် ဆောင်ရွက်ခဲ့ကြတယ်လို့ အင်္ဂါနေ့ ယူကရိန်းဒေသစံတော်ချိန် ညသန်းခေါင်ကျော်မှာ ထုတ်လွှင့်တဲ့ သူ့ရဲ့ ဗီဒီယို မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

"ယူကရိန်းအတွက် နိုင်ငံ့သူရဲကောင်းတွေ အသက်ရှင်ဖို့ လိုတယ်"လို့ သူက ပြောပါတယ်။ဒါပေမဲ့လည်း ယူကရိန်းတပ်ဖွဲ့တွေကို ခုချက်ချင်း လွတ်ပေးကောင်း လွတ်ပေးမယ့်ပုံ ရှိမှာ မဟုတ်ဘူးလို့ သူက ဆိုပြီး သူတို့ပြန်လွတ်လာရေး ညှိနှိုင်းပြောဆိုမှုတွေက အနုစိတ်ပြီး အချိန်ယူ လုပ်ဖို့လိုတယ်လို့ သတိပေးခဲ့ပါတယ်။

ရုရှားနဲ့ ရထားတဲ့ သဘောတူချက်အတိုင်း စစ်သားရေး ဆက်လုပ်ဖို့မှာ နိုင်ငံတကာ ကြက်ခြေနီအဖွဲ့၊ ကုလသမဂ္ဂ အဖွဲ့တို့ရဲ့ အကူအညီ မဖြစ်မနေ လိုအပ်တယ်လို့ ယူကရိန်း လွှတ်တော်အမတ် လီဆီယာ ဗက်ဆီလန်ကို က ဘီဘီစီကို ပြောပါတယ်။ မဟုတ်ရင် "ဒီယူကရိန်းစစ်သားတွေရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်မယ်ဆိုတာကို လုံးဝ မှန်းဆလို့ မရဘဲ ရုရှားတွေရဲ့ လက်ထဲမှာ မတွေးဝံ့စရာ အခြေအနေမျိုး ရောက်သွားလိမ့်မယ်" လို့ ဆိုပါတယ်။

ယူကရိန်း၊ ရုရှား၊ မာရီယူပိုလ်မြို့၊ အဇော့ဗ်စတယ်လ် သံမဏိစက်ရုံ၀င်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရုရှားထောက်ခံတဲ့ သူပုန်တွေ ထိန်းချုပ်ထားရာ နိုဗိုယက်ဇော့ဗ်မြို့ဆီ ဒဏ်ရာရ ယူကရိန်းစစ်သားတွေ ရောက်လာတဲ့ ပုံတွေလို့ဆို

မာရီယူပိုလ်မြို့ကို ရုရှားတပ်ဖွဲ့တွေ ဝိုင်းထားတဲ့ မတ်လ အစောပိုင်းကတည်းက စလို့ ယူကရိန်း အဇော့ဗ် တပ်ရင်း၊ လုံခြုံရေးတပ်ဖွဲ့ ၊ နယ်ခြားစောင့်တပ်ဖွဲ့၊ ရဲနဲ့ ပိုင်နက်နယ်မြေကာကွယ်ရေးတပ်ဖွဲ့တွေက တပ်ဖွဲ့ဝင် ရာပေါင်းများစွာနဲ့အတူ ကလေးငယ်တွေအပါအဝင် အရပ်သား အများအပြားဟာ အဲဒီစက်ရုံဝင်းအောက်က ဥမင်ကျင်းတွေမှာ ပုန်းအောင်း ခိုလှုံနေကြတာ ဖြစ်ပါတယ်။

စတုရန်း ၄ မိုင်အကျယ်လောက်ရှိတဲ့ အဲဒီစက်ရုံဝင်းမှာ နျူကလီယားစစ်ပွဲရန်ကို ကာကွယ်ဖို့ မြေအောက် ဥမင်လှိုဏ်ခေါင်း လမ်းကြောင်းကြီးတစ်ခု ဖောက်ထားပါတယ်။

ပြီးခဲ့တဲ့လတုန်းက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ရုရှားစစ်သားတွေ အကျအဆုံးများမှာကို စိုးရိမ်တဲ့အတွက် အဲဒီစက်ရုံဝင်းကို ထိုးစစ်ဆင်တိုက်ခိုက်ဖို့ စီစဉ်ထားတာကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကိုတော့ ဆက်တိုက်ဆိုသလို အပြင်းအထန် ဆက်လုပ်ခဲ့တယ်လို့ ယူကရိန်းတပ်မှူးတွေက ပြောပါတယ်။

ရုရှားတပ်တွေရဲ့ သီတင်းပတ်နဲ့ချီ ပိတ်ဆို့ခံထားရအပြီး ဒီလအစောပိုင်းတုန်းက အရပ်သား သုံး၊ လေးဆယ် လောက်ကို မာရီယူပိုလ်မြို့ကနေ ရုရှား ထိန်းချုပ်တဲ့ နယ်မြေဆီကိုရော ယူကရိန်း ထိန်းချုပ်တဲ့ နယ်မြေဆီကိုပါ ကယ်ထုတ်ခဲ့ပါတယ်။

အခု မြေအောက်လှိုဏ်ခေါင်းတွေထဲမှာ လူဘယ်နှစ်ယောက် ဆက်ကျန်နေသေးလဲ ဆိုတာကိုတော့ လောလောဆယ် အသေအချာ မသိရသေးပါဘူး။

ကျန်နေသေးတဲ့သူတွေကို ကယ်ဆယ်နိုင်ဖို့ ယူကရိန်း စစ်တပ်၊ ထောက်လှမ်းရေး၊ လုံခြုံရေးတပ်ဖွဲ့နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်နေကြတယ်လို့ ယူကရိန်း ဒုတိယကာကွယ်ရေးဝန်ကြီး မစ်စ် မလီယာ က ပြောပါတယ်။

ဒါ့အပြင် ဒီသံမဏိစက်ရုံဝင်းကို ကာကွယ်ခဲ့ကြသူတွေကိုလည်း သူက ချီးကျူးပြောဆိုခဲ့ပြီး သူတို့တွေဟာ အထက်က အမိန့်ပေး ညွှန်ကြားတဲ့ လုပ်ငန်းစဉ်အားလုံးကို အပြည့်အဝ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဇော့ဗ်စတယ်လ် စက်ရုံဝင်းကို ရုရှားတို့ ပိတ်ဆို့ထားတာကို စစ်ရေးအရ တားဆီးဖောက်ထွက်ဖို့ မဖြစ်နိုင်တော့တဲ့အခါမှာတော့ သူတို့ရဲ့ အနေအထားက စက်ရုံဝင်းကို ဆက်ကာကွယ်နိုင်စွမ်း မရှိတော့ဘူးဆိုတာကို သူက အသိအမှတ်ပြု ပြောခဲ့ပါတယ်။

တနင်္လာနေ့ညက ဖေ့စ်ဘွတ်ပေါ်မှာတင်ထားတဲ့ ပို့စ်တစ်ခုမှာ ယူကရိန်း စစ်ဦးစီးချုပ်က အဲဒီစစ်သားတွေဟာ လက်ရှိခေတ်ရဲ့ သူရဲကောင်းတွေ ဖြစ်တယ်လို့ ဖော်ညွှန်းထားပြီး သူတို့တွေရဲ့ ကြိုးပမ်းမှုကြောင့်သာ နိုင်ငံတောင်ဖက်ခြမ်း ကာကွယ်နိုင်ရေးကို ယူကရိန်းအစိုးရက စီစဉ်လုပ်ဆောင်နိုင်ခဲ့တာ လို့ ဆိုပါတယ်။

အဇော့ဗ်စတယ်လ် သံမဏိစက်ရုံဝင်းမှာ ဆက်တပ်စွဲထားခြင်းအားဖြင့် ရန်သူ့တပ်တွေကို တပ်ဖွဲ့ဝင် နှစ်သောင်းလောက်ပါတဲ့ ဗျူဟာတပ်ဖွဲ့ ၁၇ ဖွဲ့လောက်ကို တခြားလမ်းကြောင်းတွေဆီ ရှေ့တိုး မတက်နိုင်အောင် တားဆီးနိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ဇက်ပိုရဇ်ဇီယာမြို့ကို အမြန်ဆုံးသိမ်းပိုက်ဖို့ အစီအစဉ်ကို ရုရှားတပ်တွေ အကောင်အထည် မဖော်နိုင်ဘဲ ဖြစ်ခဲ့တာပါ လို့ ယူကရိန်း စစ်ဦးစီးချုပ်က အဲဒီပို့စ်မှာ ရေးထားပါတယ်။

ဒီအတောအတွင်းမှာပဲ အဇော့ဗ် တပ်ရင်း၊ လက်ယာစွန်းဝါဒီတွေနဲ့ တစ်ချိန်က ဆက်နွှယ်ခဲ့ဖူးတဲ့ လုံခြုံရေးအစောင့်တပ်ဖွဲ့တစ်ဖွဲ့တို့က သူတို့တပ်ဖွဲ့ဝင်တွေ လက်နက်ချ အညံ့ခံဖို့ သဘောတူလိုက်ပြီလို့ အတည်ပြုလိုက်ပုံကိုလူမှုကွန်ရက်ပေါ်က ပို့စ်တစ်ခုမှာ တွေ့ရပါတယ်။

အဲဒီအုပ်စုရဲ့ တပ်မှူး ဒုဗိုလ်မှူးကြီး ဒီနစ်စ် ပရိုကိုပန်ကို ကတော့ "သူ့ရဲ့ အဓိက ဦးစားပေးချက်က စစ်မှုထမ်းတွေရဲ့ အသက်ကို ရသမျှ ကယ်ဖို့ ဖြစ်တယ်"လို့ ဆိုပါတယ်။

ဗီဒီယို ပုံစာ, ရုရှားစစ်သားတွေက အရပ်သားတွေကို သတ်ဖြတ်ခဲ့တဲ့ အထောက်အထားတွေ ဘီဘီစီ ရရှိထား