ရုရှားက ယူကရိန်းကို တရားဝင်စစ်ကြေညာပြီး တိုက်နိုင်သလား

Tanks in a victory day parade rehearsal

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားရဲ့ မေလ ၉ ရက် စစ်အောင်ပွဲနေ့မှာ စစ်ကြေညာနိုင်သလား
ရေးသားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ ယူကရိန်းနိုင်ငံကို မေလ ၉ ရက်နေ့မှာ တရားဝင် စစ်ကြေညာလာနိုင်ခြေ ရှိတယ်လို့ မီဒီယာဖော်ပြချက်တွေနဲ့ အနောက်နိုင်ငံ အစိုးရ အရာရှိတွေက ပြောဆိုနေကြပါတယ်။

ရုရှားကတော့ ယူကရိန်းကို တိုက်ခိုက်မှုဟာ အထူးစစ်ဆင်ရေးတစ်ရပ် ဆင်နွှဲတယ်လို့သာ ပြောဆိုထားပြီး စစ်ဆင်နွှဲခြင်းနဲ့ ကျူးကျော်ခြင်း စတဲ့ အသုံးအနှုန်းတွေကို ရှောင်ရှား တားမြစ်ထားပုံရပါတယ်။

အခုလို မဟုတ်တော့ဘဲ ယူကရိန်းကို တရားဝင် စစ်ကြေညာတယ်ဆိုတာ ဘယ်လို အဓိပ္ပာယ် သက်ရောက်သလဲ ဆိုတာနဲ့ စစ်ပြင်မှု ပုံစံ ဘယ်လို အပြောင်းအလဲ ဖြစ်သွားနိုင်သလဲ ဆိုတာကို လေ့လာကြည့်ရမှာ ဖြစ်ပါတယ်။

Rudal diangkut ke Moskow sebagai persiapan parade tanggal 9 Mei

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရုရှားရဲ့ မေလ ၉ ရက် စစ်အောင်ပွဲနေ့မှာ စစ်ကြေညာနိုင်သလား

ယူကေ ကာကွယ်ရေးဝန်ကြီး ဘန်ဝေါလေ့စ်ကတော့ ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းကို သူတို့ တိုက်ခိုက်ရာမှာ အထူးစစ်ဆင်ရေးဆိုတဲ့ စကားလုံးသုံးရာကနေ နောက်တစ်ဆင့်တက် ပုံစံပြောင်းတော့မယ်လို့ ယူဆကြောင်း အယ်လ်ဘီစီ ရေဒီယိုကို ပြောကြားခဲ့ပါတယ်။

မစ္စတာ ပူတင်အနေနဲ့ သူတို့ နာဇီတွေနဲ့ တိုက်ရတာ ဖြစ်သွားပြီ ဖြစ်တဲ့အတွက် ပြင်ဆင်ကြဖို့ လိုပြီ ဆိုပြီး စကားစဖို့ အရှိန်ယူနေတာလည်း ဖြစ်တယ်လို့ မစ္စတာ ဝေါလေ့စ်က ပြောပါတယ်။

ရုရှားဟာ ဒုတိယကမ္ဘာစစ်အတွင်းက နာဇီဂျာမနီကို အနိုင်ရတဲ့ အောင်ပွဲနေ့ကို မေလ ၉ ရက်နေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် ဆင်နွှဲနေတာလည်း ဖြစ်ပါတယ်။

Russian soldier in Donetsk

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပူတင်ဟာ ယူကရိန်းမှာ ရုရှားစစ်တပ်ရဲ့ အောင်မြင်မှုတွေကို သူတို့ရဲ့ စစ်အောင်ပွဲနေ့မှာ ကြေညာတာ ဒါမှမဟုတ် စစ်အရှိန်မြှင့်ကြောင်း ကြေညာတာတွေ လုပ်နိုင်

ရုရှားရဲ့ ယူကရိန်းစစ်ကြေညာနိုင်မှု အမေရိကန်တုံ့ပြန်ချက်

ယူကေနိုင်ငံလိုပဲ အလားတူ အမေရိကန်အစိုးရ အရာရှိတွေကလည်း ရုရှားဟာ ယူကရိန်းကို တရားဝင် စစ်ကြေညာနိုင်ခြေ ရှိတယ်ဆိုပြီး သုံးသပ်နေကြပါတယ်။

ရုရှားအနေနဲ့ သူတို့ရဲ့ စစ်အောင်ပွဲနေ့ကျမှ စစ်ကြေညာဖို့ ဆုံးဖြတ်မယ်ဆိုရင် တော်တော် အဆီအငေါ့ မတည့်သလို ဖြစ်နေမယ်လို့လည်း အမေရိကန်အစိုးရဌာန ပြောခွင့်ရသူ နက်ဒ် ပရိုက်စ်က ပြောဆိုထားပါတယ်။

ရုရှားက တရားဝင် ယူကရိန်းကို စစ်ကြေညာလိုက်ပြီဆိုရင် လက်ရှိမလုပ်နိုင်သေးတဲ့ စစ်သားစုဆောင်းမှုတွေ လုပ်ဖို့ အကြောင်းပြစရာ ရလာမယ်လို့လည်း သူက ဆိုပါတယ်။

စီအန်အန် သတင်းဌာနက ဆိုရင်လည်း ပူတင်ဟာ ယူကရိန်းမှာ ရုရှားစစ်တပ်ရဲ့ အောင်မြင်မှုတွေကို သူတို့ရဲ့ စစ်အောင်ပွဲနေ့မှာ ကြေညာတာ ဒါမှမဟုတ် စစ်အရှိန်မြှင့်ကြောင်း ကြေညာတာတွေ လုပ်နိုင်ပြီး အဲဒီ နှစ်မျိုးလုံးလည်း လုပ်နိုင်ခြေ ရှိတယ်လို့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး သတင်းဖော်ပြထားပါတယ်။

ရုရှားက တရားဝင် စစ်ကြေညာလိုက်မယ်ဆိုရင် လူထုထောက်ခံမှုများလာအောင် စုရုံးဖို့ အကြောင်းပြချက်လည်း ရသွားမှာ ဖြစ်ပြီး တပ်အရွှေ့အပြောင်းတွေကိုလည်း ပေါ်ပေါ်ထင်ထင် ကြေညာ လုပ်ဆောင်လို့ ရသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ရုရှားရဲ့ တုံ့ပြန်ချက်

ရုရှားအစိုးရ ပြောခွင့်ရသူ ဒီမီထရီ ပက်စကော့ဗ်ကတော့ အခုလို ရုရှားဘက်က ကြေညာချက်တွေ ထုတ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေဟာ အခြေအမြစ်မရှိဘူးဆိုပြီး ပြီးခဲ့တဲ့ မေလ ၄ ရက်နေ့က တုံ့ပြန်ထားပါတယ်။

ဒါပေမဲ့ မစ္စတာ ပက်စ်ကော့ဗ်ဟာ ယူကရိန်းကို ရုရှားက မကျူးကျော်ခင် သုံးရက်အလိုဖြစ်တဲ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဆိုရင်လည်း အခုလို အလားတူပဲ မဟုတ်ပါဘူးလို့ ငြင်းဆိုခဲ့ဖူးပါတယ်။

အဲဒီအချိန်မှာ သူက အခုလို ရုရှားက ကျူးကျော်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ သတင်းတွေဟာ တစ်ဖက်သားကို ဆွဖို့ ရည်ရွယ်ပြီး လူအများ ခြောက်ခြားအောင် လုပ်တာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ရုရှားအနေနဲ့ သမိုင်းမှာ ဘယ်နိုင်ငံကိုမှ မတိုက်ခိုက်ခဲ့တဲ့အပြင် လာတိုက်တဲ့ စစ်ပွဲတွေကိုလည်း ကြံ့ကြံ့ခံနိုင်ခဲ့ပြီး ဥရောပမှာ စစ်ဆိုတဲ့ စကားလုံးကိုတောင် မသုံးချင်ဆုံး နိုင်ငံဖြစ်တယ်လို့ ဆိုတဲ့အထိ မစ္စတာ ပက်စ်ကော့ဗ်က ပြောဆိုထားခဲ့ဖူးပါတယ်။

Russian president Vladimir Putin

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရုရှားသမ္မတ ပူတင်က ရုရှားကို ပြည်ပက ကျူးကျော်မှု ဖြစ်လာမှသာလျှင် စစ်အုပ်ချုပ်ရေး ဒါမှမဟုတ် အခြား နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာတာမျိုး လုပ်နိုင်တယ်လို့ ပြောကြားထားခဲ့

ရုရှားက ယူကရိန်းစစ်ပွဲနဲ့ ဆက်စပ်ပြီး ပြည်တွင်း အရေးပေါ် အခြေအနေ ကြေညာနိုင်သလား

ရုရှားသမ္မတ ပူတင်က ရုရှားကို ပြည်ပက ကျူးကျော်မှု ဖြစ်လာမှသာလျှင် စစ်အုပ်ချုပ်ရေး ဒါမှမဟုတ် အခြား နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာတာမျိုး လုပ်နိုင်တယ်လို့ ပြီးခဲ့တဲ့ မတ်လက ပြောကြားထားခဲ့ဖူးပါတယ်။

ရုရှားရဲ့ ဖက်ဒရယ် ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ စစ်အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေအရ တိုင်းတစ်ပါး ကျူးကျော်မှု လို့ အဓိပ္ပာယ်ဖွင့်လို့ရတဲ့ အခြေအနေ ခြောက်ခု ရှိပါတယ်။

အဲဒီ ခြောက်ခုကတော့ တိုင်းတပါးစစ်တပ် ကိုယ်တိုင် ကျူးကျော်မှု၊ လက်နက်နဲ့ လှမ်းပစ်မှု၊ ဆိပ်ကမ်းနဲ့ ကမ်းခြေ ပိတ်ဆို့မှု၊ ရုရှားစစ်တပ်ကို တိုက်ခိုက်မှု၊ ရုရှားကို တစ်ဆင့်ခံ တိုက်ခိုက်ဖို့ ကုန်းမြေ သုံးခွင့်ပေးမှုနဲ့ တရားဝင်စစ်သားမဟုတ်တဲ့ လက်နက်ကိုင် အစုအဖွဲ့တွေ ရုရှားကို စေလွှတ်မှု တို့ ဖြစ်ပါတယ်။

ရုရှားအနေနဲ့ တရားဝင်စစ်ကြေညာမှုတစ်ခု လုပ်ပြီးပြီ ဆိုရင် စစ်အုပ်ချုပ်ရေး ကြေညာတာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။

ရုရှားရဲ့ ဥပဒေအရ စစ်ကြေညာလိုက်တဲ့ အခြေအနေက ရုရှားဒေသအားလုံးနဲ့ သက်ဆိုင်ပြီး စစ်အုပ်ချုပ်ရေး ဆိုတာကတော့ ရုရှားအုပ်ချုပ်ရေးဒေသ တစ်ခုချင်းစီနဲ့ သက်ဆိုင်ပါတယ်။

ရုရှားရဲ့ ကာကွယ်ရေး ဥပဒေ အပိုဒ် ၁၈ မှာ ဆိုရင်တော့ ရုရှားပြည်ထောင်စုကို နိုင်ငံ တစ်နိုင်ငံ ဒါမှမဟုတ် နိုင်ငံတစ်စုက လက်နက်နဲ့ တိုက်ခိုက်တဲ့ အခြေအနေ ဒါမှမဟုတ် နိုင်ငံတကာနဲ့ သဘောတူညီထားချက် တစ်ခုခုအရ လိုအပ်လာတဲ့ အခြေအနေ တစ်ခုခုတို့ကြောင့် စစ်ကြေညာနိုင်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကြေညာတယ်ဆိုတဲ့ ကိစ္စတွေကို နိုင်ငံတကာဥပဒေကလည်း အကျုံးဝင်ပြီး ၁၉၀၇ ခုနှစ်ကတည်းက သဘောတူညီချက် ရထားတဲ့ နိုင်ငံတကာ ဥပဒေအရ စစ်ရေး လှုပ်ရှားမှုတစ်ခုကို နိုင်ငံတစ်နိုင်ငံက ပြတ်ပြတ်သားသား ကြိုတင် သတိပေးမှုမရှိဘဲ မလုပ်ရဘူးလို့ ပြဌာန်းထားပါတယ်။

အခုလို ကြိုတင် သတိပေးတယ် ဆိုတဲ့နေရာမှာ စစ်ကြေညာဖို့ ဆန္ဒရှိတယ်ဆိုတဲ့ ကြေညာချက် ဒါမှမဟုတ် စစ်ဆင်နွှဲဖို့ ခြိမ်းခြောက်ချက် တစ်ခုခုကို ဆိုလိုပါတယ်။

ရုရှားပြည်တွင်း စစ်အုပ်ချုပ်ရေး ဥပဒေ ကတော့ တခြား ဥပဒေအမျိုးမျိုးနဲ့ ဆက်စပ်နေတာ တွေ့ရပြီး ကာကွယ်ရေးဥပဒေ၊ စစ်ပြင်ဆင်ရေး ဥပဒေ၊ စစ်မှုထမ်း ဥပဒေ တို့ ဖြစ်ပါတယ်။

ဒီဥပဒေဟာ အစိုးရရဲ့ အခန်းကဏ္ဍ အာလုံးနီးပါးမှာလည်း အကျုံးဝင်နေပြီး အများပြည်သူ လူမှုဘဝ၊ စီးပွားရေး၊ မီဒီယာနဲ့ နိုင်ငံရေး ထိန်းချုပ်မှုတို့ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ယူကရိန်း အရေး နှောင့်ယှက်တဲ့ နိုင်ငံတွေကို တုံ့ပြန်မယ်လို့ ရုရှားပြော

စစ်အုပ်ချုပ်ရေး ကြေညာရင် ရုရှားစီးပွားရေးကို ဘယ်လို သက်ရောက်နိုင်မလဲ

စစ်အုပ်ချုပ်ရေး ကြေညာလိုက်ပြီဆိုရင် ရုရှားစီးပွားရေးကို ပြင်းပြင်းထန်ထန် သက်ရောက်မှုတွေ ရှိလာနိုင်ပါတယ်။

ကုမ္ပဏီတွေ အနေနဲ့ ကာကွယ်ရေးအတွက် လိုအပ်လာတဲ့ ပိုင်ဆိုင်မှုတွေကို အစိုးရကို ပေးအပ်ရမှာ ဖြစ်သလို အစိုးရကလည်း ထိုက်သင့်တဲ့ တန်ဖိုးကို ပေးလျော်ရမှာ ဖြစ်ပါတယ်။

နိုင်ငံသားတွေ အနေနဲ့ ဆိုရင်လည်း ထုတ်ပြန်လိုက်တဲ့ ဥပဒေအပေါ် မူတည်ပြီး စစ်တပ်အတွက် လုပ်ငန်းခွင်ထဲ ထည့်ခြင်း ခံရနိုင်ပါတယ်။

စစ်အုပ်ချုပ်ရေး ဥပဒေ အပိုဒ် ၈ အရ ဆိုရင်လည်း စီးပွားရေးဆိုင်ရာ ဘယ်လို သက်ရောက်မှုမျိုးမဆို လုပ်ဆောင်နိုင်တဲ့ စည်းကမ်း ထုတ်နိုင်တယ်လို့ ဆိုပါတယ်။

ဆိုလိုတာကတော့ စီးပွားရေးနဲ့ ဘဏ္ဍာရေး လုပ်ငန်း လည်ပတ်မှုတွေကို ရပ်ဆိုင်းတာနဲ့ ကုန်ပစ္စည်းတွေ တစ်နေရာက တစ်နေရာ လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်မှုကို ရပ်ဆိုင်းတာမျိုး ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ဗလာဒီမီယာပူတင်က ယူကရိန်း လူမျိုးတွေ တည်ရှိနေမှုကို ဖျောက်ဖျက်ချင်တာပို ထင်ရှားလာတယ်လို့ဆို

ရုရှားသမ္မတနဲ့ အစိုးရအဖွဲ့တို့မှာ ဘယ်လို အပိုဆောင်း အာဏာတွေ ရှိထားသလဲ

ရုရှား သမ္မတနဲ့ အစိုးရအဖွဲ့တို့ဟာ နိုင်ငံအရေးပေါ် အခြေအနေတခုမှာ နိုင်ငံရေး ပါတီတွေကို တားမြစ် ပိတ်ပင်နိုင်ပြီး သွားလာလှုပ်ရှားမှုကိုလည်း တားမြစ်နိုင်တဲ့ ထပ်ဆောင်း အာဏာ ရှိကြပါတယ်။

ဒါ့အပြင် ညမထွက်ရ အမိန့်လည်း ထုတ်ပြန်နိုင်သလဲ စစ်တပ်က လိုအပ်လာရင် အချိန်မရွေး နေအိမ်သိမ်းနိုင်တဲ့ အာဏာလည်း ရှိထားကြပါတယ်။

ဒါ့အပြင် စစ်အုပ်ချုပ်ရေး ဥပဒေ အပိုဒ် ၇ အရ လက်နက်အပါ အရာဝတ္ထု အမျိုးအစား တော်တော်များများကို ရောင်းချခွင့် ပိတ်နိုင်တဲ့ အာဏာလည်း ရှိထားပါတယ်။

ရုရှားရဲ့ စစ်အတွက် ပြင်ဆင်ရေး ဥပဒေ

ရုရှားအစိုးရအနေနဲ့ စစ်အုပ်ချုပ်ရေး ဥပဒေအရ စစ်အတွက် ပြင်ဆင်တဲ့ အမိန့်ထုတ်နိုင်ပြီး တစ်စိတ်တစ်ပိုင်း ဒါမှမဟုတ် ယေဘုယျ ဆန်တဲ့ စစ်ပြင်ဆင်ရေး အမိန့် တစ်ခုခု ဖြစ်နိုင်ပါတယ်။

အခုလို ထုတ်ရာမှာ တစ်နိုင်ငံလုံး ဖြစ်စရာမလိုပဲ တချို့နေရာဒေသတွေပဲ ကွက်ပြီး စစ်ပြင်ဆင်အမိန့်ထုတ်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

အခုလို စစ်ပြင်ဆင်တဲ့အမိန့်ဟာ စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်လိုက်တာနဲ့ တခါတည်း မသက်ရောက်ဘဲ တွဲလျက်ဖြစ်စေ စစ်အုပ်ချုပ်ရေး သက်သက်ပဲ ထုတ်ပြန်တာမျိုး ဖြစ်စေ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

စစ်ပြင်ဆင်တဲ့ အမိန့်ပါ ထုတ်ပြီဆိုရင်တော့ အစိုးရနဲ့တကွ စီးပွားရေးနဲ့ ကုန်ထုတ်လုပ်ရေး တစ်ရပ်လုံးကိုပါ သက်ရောက်မှု ရှိမှာဖြစ်ပြီး စစ်ပြင်ဆင်မှုအရ စုဆောင်းထားတဲ့ အရံတပ်သားနဲ့တကွ အရံထားတဲ့ အသုံးချနိုင်တဲ့ အရင်းအမြစ်တွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

ရုရှားရဲ့ တပ်သားသစ် စုဆောင်းတဲ့ ပုံစံ

ရုရှားမှာ စစ်ပြင်ဆင်တဲ့ ကြေညာချက် ထုတ်ပြန်ပြီဆိုရင် အဆင်သင့် အဖြစ်ဆုံး အနေအထားမှာ ရှိမယ့် ပထမ အုပ်စုကတော့ အစိုးရနဲ့ အထူးစာချုပ် ချုပ်ထားပြီးသား အရန်တပ်သား အင်အားစု ဖြစ်ပါတယ်။

ဒုတိယ အင်အားစုကတော့ အခြား စစ်မှုထမ်း လေ့ကျင့်ပြီးခါစ အရန်တပ်သားတွေ ဖြစ်ပါတယ်။

အခုလို စစ်ပြင်ဆင်လိုက်တဲ့အချိန်မှာ စုဆောင်းခံရသူတချို့အနေနဲ့ သူတို့ရဲ့ မူလအလုပ်တွေက ထုတ်ပယ်ခြင်း ခံရတာ မဟုတ်ပါဘူးဆိုတဲ့ အာမခံချက်လည်း ရရှိမှာ ဖြစ်ပြီး တိုင်းပြည်ရဲ့ စက်ရုံ အလုပ်ရုံတွေနဲ့ အစိုးရဌာနတွေ ဆက်လက် လည်ပတ်နေစေဖို့ ဖြစ်ပါတယ်။

ရုရှားက စစ်ကြေညာတာနဲ့ စစ်ပြင်ဆင်တာ နှစ်ခုစလုံး လုပ်ခဲ့မယ်ဆိုရင် စစ်အတွက် လူအင်အား လိုအပ်နေတဲ့ ပြဿနာနဲ့ တပ်သားတွေ စစ်သွားမတိုက်ချင်တဲ့ ပြဿနာ နှစ်ခုလုံးကို ရုရှားက ဖြေရှင်းပြီးသား ဖြစ်သွားမယ်လို့ ကျွမ်းကျင်သူတွေက ယူဆနေကြပါတယ်။

ဗီဒီယို ပုံစာ, ရုရှားထိုးစစ်ပြောင်းလဲလာပုံ အဆင့်ဆင့်

လက်ရှိ ရုရှားရဲ့ ယူကရိန်းကို တိုက်ခိုက်နေမှုပုံစံ

လက်ရှိအနေအထားမှာ စစ်ရေးစောင့်ကြည့်သူတွေရဲ့ အပြောအရ ရုရှားက ယူကရိန်းကို တိုက်ခိုက်နေတဲ့ ပုံစံက နှေးနှေးကွေးကွေး ရှိနေတယ်လို့ ဆိုပါတယ်။

အမည်မဖော်လိုတဲ့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန အရာရှိတစ်ဦးရဲ့ အဆိုအရ ဆိုရင်လည်း ရုရှားတပ်တွေဟာ ယူကရိန်း အရှေ့ပိုင်းက မြို့တွေ ဖြစ်တဲ့ အစ်ဇမ်နဲ့ ပေါ့ပက်စ်နာ မြို့တွေမှာ အနည်းငယ် အသာစီးရတယ်ဆိုပေမယ့် နှေးကွေးပြီး ဘက်ညီမှု မရှိတဲ့ တိုးတက်မှုမျိုးသာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်အရ ဆိုရင်လည်း ရုရှားတပ်တွေဟာ အထိအရှ နည်းအောင် တတ်နိုင်သမျှ ရှောင်နေပုံရပြီး လေကြောင်းရော ကုန်းကြောင်းအရပါ အကျအဆုံး နည်းအောင် သတိထား တိုက်ခိုက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ရုရှားရဲ့ တပ်သားသစ် ခေါ်ယူမှု အလားအလာ

ယူကေနဲ့ အမေရိကန် အစိုးရအရာရှိတွေရဲ့ ပြောဆိုချက်အရ ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ သူတို့ရဲ့ ကြည်းတပ် သုံးပုံ နှစ်ပုံလောက်အထိ အင်အားသုံးနေတယ်လို့ ဆိုပါတယ်။

အခုလို အနေအထားမှာ ရုရှားစစ်တပ်က တပ်သားသစ် လိုလာတဲ့ အနေအထားတွေကိုလည်း သွယ်ဝိုက် တွေ့မြင်နေရပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာနဆိုရင် ပြည်တွင်း အရပ်သား အလုပ်ရှာ ဝက်ဘ်ဆိုဒ်တွေ ဖြစ်တဲ့ Headhunter နဲ့ SuperJob တွေမှာ မတ်လ ကတည်းက တပ်သားခေါ်ယူဖို့ ကြိုးစားနေခဲ့တာကို တွေ့ရပါတယ်။

ရုရှားပြည်တွင်းမှာဆိုရင်လည်း စစ်အုပ်ချုပ်ရေး ကြေညာဖို့နဲ့ စစ်ပြင်ဆင်တဲ့ ကြေညာချက် ထုတ်ဖို့ ကိစ္စအတွက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဆွေးနွေးပြောဆိုတာတွေ များလာနေပါတယ်။

အခုလို လုပ်ဖို့အတွက် ရုရှားပြည်တွင်း စစ်ရေးကျွမ်းကျင်သူတွေနဲ့ ဘလော့ဂါ အများစုက ထောက်ခံနေကြတာကို တွေ့ရပြီး အဲဒီအထဲမှာ အတက်ကြွဆုံးတစ်ဦးကတော့ အီဂေါ စထရဲကော့ဗ် (အမည်ရင်း ဂီယာကင်) ဖြစ်ပြီး သူဟာ ၂၀၁၄ ဒွန်းဘတ်စ်ဒေသ တိုက်ခိုက်မှုတွေမှာ တက်တက်ကြွကြွ ထောက်ခံသူအဖြစ် နာမည်ကြီးသူ တစ်ဦး ဖြစ်ပါတယ်။

အခုလို စစ်ပြင်ဆင်တဲ့ ကြေညာချက်ထုတ်စေလိုသူတွေ အနေနဲ့ ရုရှားဟာ ယူကရိန်းကို လူအင်အား အဆပေါင်းများစွာ တိုးမဖိဘဲ မနိုင်နိုင်ဘူးလို့လည်း ယူဆနေကြပါတယ်။