ယူကေက ပေးတဲ့ လက်နက်နဲ့ ရုရှားကို ယူကရိန်း ပစ်နိုင်ပြီ

ဓာတ်ပုံ ရင်းမြစ်, Reuter
ဂျာမနီနိုင်ငံမှာရှိတဲ့ အမေရိကန် လေတပ်အခြေစိုက်တဲ့ ရန်စတင်းမှာ (Ramstein) ဥရောပသမဂ္ဂ(အီးယူ)နဲ့ နေတိုးလို့ခေါ်တဲ့ မြောက် အတ္တလန်တိတ် သဘောတူ စာချုပ်အဖွဲ့ဝင် နိုင်ငံတွေက ကိုယ်စားလှယ်တွေ အပါ အဝင် နိုင်ငံ ၄၀ က ကိုယ်စားလှယ်တွေ တွေ့ဆုံပြီး ယူကရိန်းကို လက်နက် ထောက်ပံ့ဖို့ ဆွေးနွေးခဲ့ပါတယ်။
ဒီလိုဆွေးနွေးပြီးတဲ့နောက် ယူကရိန်းကို စစ်လက်နက်တွေ အကူအညီ ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဖေဖော်ဝါရီလ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးတဲ့နောက် ဒေါ်လာ သန်းရာနဲ့ ချီတန်တဲ့ စစ်ရေး အကူအညီတွေကို အနောက်နိုင်ငံတွေက ပေးခဲ့ပြီး ဖြစ်ပါတယ်။
စစ်ဖြစ်နေတဲ့ နေရာတွေကို လက်နက်ကြီးတွေ မပို့ပေးရဘူးဆိုတဲ့ မူဝါဒကို ကိုင်စွဲထားတဲ့ ဂျာမနီကလည်း ဂျီပတ် ဖလတ်ပန်ဇာ (Gepard Flakpanzers)လို့ ခေါ်တဲ့ လေယာဥ်ပစ် တင့်ကား အစီး ၅၀ ရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ရုရှားရဲ့ ကျူးကျော်မှုကို တုံ့ပြန်ဖို့ မဟာမိတ်အနောက်အုပ်စုထံကနေ ယူကရိန်း သမ္မတ ဇလန်စကီးက လက်နက်တွေကို အမြဲတစေ တောင်းဆိုနေတာ ဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ယူကေရဲ့ ကာကွယ်ရေး ဝန်ကြီးဌာန တာဝန်ရှိသူ ဂျိမ်းစ် ဟိပေက ယူကရိန်း အနေနဲ့ အနောက်က ပေးတဲ့ လက်နက်တွေနဲ့ ရုရှား စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို တိုက်ခိုက်တာ လက်ခံနိုင်တယ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကေကလည်း ယူကရိန်းကို လေယာဥ်ပစ် စစ်ဘက်ဆိုင်ရာ ယာဥ်တွေ ပံ့ပိုးပေး သွားမယ်လို့ ထုတ်ပြန်လာပါတယ်။
ရုရှားရဲ့ နယ်မြေကို ယူကရိန်းတွေ တိုက်ခိုက်ဖို့ ယူကေက မြှောက်က်ပေးနေတယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးက စွပ်စွဲလိုက်ပါတယ်။
ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလဗ်ရောဗ့်က နေတိုးက ကိုယ်စား စစ်ပွဲကို ဆင်နွှဲနေတယ်လို့ ပြောပါတယ်။ ဒါ့အပြင် ရုရှားပိုင်နက် ဘဲလ်ဂရောက်မှာရှိတဲ့ ရေနံသိုလှောင်ရုံကို ယူကရိန်းက တိုက်ခိုက် တယ်လို့ ရုရှားက စွပ်စွဲပါတယ်။
လက်ရှိ အချိန်ထိ ဒီတိုက်ခိုက်မှုကို ယူကရိန်းက တစ်စုံတစ်ရာ ထုတ်ပြောတာ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, RUSSIAN EMERGENCIES MINISTRY/REUTERS
လက်ရှိ ယူကရိန်း အရှေ့ပိုင်း ဒွန်းဘတ်စ်ဒေသကို ရုရှားက အာရုံ စိုက်နေပြီး လုဟန့်စ်မှာရှိတဲ့ ကရီမီနာမြို့က ကျသွားပြီလို့ ယူကေ ကာကွယ်ရေး ဝန်ကြီးက ထုတ်ပြန်ပါတယ်။
အနောက်အုပ်စုက ယူကရိန်းကို ပေးတဲ့ စစ်လက်နက်တွေက ပိုအဆင့် မြင့်လာပြီး ပိုအားကောင်းလာတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။
ဧပြီ ၂၅ ရက်နေ့မှာ ယူကေ ကာကွယ်ရေး၀န်ကြီး ဘန်ဝေါလ်လေ့စ်က ယူကေက လေယာဥ်ပစ်ဒုံးတွေ တပ်ဆင်ထားတဲ့ Stormer ယာဥ်တွေ ယူကရိန်း ပေးပို့သွားမယ်လို့ ကြေညာပါတယ်။
ဒါဟာ ယူကရိန်းတပ်ဖွဲ့တွေ တာတိုပစ်လက်နက်တွေနဲ့ လေကြောင်းရန်ကို နေ့ရော ညပါ ကာကွယ်နိုင်မယ်လို့လည်း သူက ပြောပါတယ်။
ယူကရိန်းကို ယူကေက ထောက်ပံ့ပေးတဲ့ လက်နက်တွေထဲမှာဆိုရင် ပေါ့ပါးတဲ့ မျိုးဆက်သစ် တင့်ကားဖျက် လက်နက်တွေ၊ လေယာဥ်ပစ် လက်နက်တွေ ပါဝင် ပါတယ်။ ဒီအထဲက တချို့လက်နက်တွေကို ကြည့်ရအောင်ပါ။
၁။ NLAW ခေါ် မျိုးဆက်သစ် အပေါ့စားတင့်ကားဖျက်လက်နက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလက်နက်က အဓိကက တင့်ကားတွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင် ပါတယ်။ မီတာ ၈၀၀ အထိ ပစ်ခတ်နိုင်ပါတယ်။ ၁၂.၅ ကီလို အလေးချိန် ရှိပါတယ်။ ပေါ့ပါးတာကြောင့် ပုခုံးပေါ်တင်ပြီး ပစ်မှတ်တွေကို ပစ်ခတ် နိုင်ပါတယ်။ ယူကေနဲ့ ဆွီဒင်တို့ ပူးပေါင်း ထုတ်လုပ်တာ ဖြစ်ပြီး ၂၀၀၉ ခုနှစ်ကနေ စတင် ထုတ်လုပ်တာပါ။ အခု ရုရှားက ယူကရိန်းကို ကျူးကျော် ရာမှာ စတင် အသုံးပြုပါတယ်။ လက်နက် ၂၀၀၀လောက် ယူကရိန်းကို ပေးထားတယ်လို့လည်း ဆိုပါတယ်။ ရုရှားစစ်ဘက်ဆိုင်ရာ ယာဥ်တွေကို ဖျက်ဆီးရာမှာ ထိရောက်တာကြောင့် ယူကရိန်း စစ်တပ်က ဒီNLAW လက်နက်တွေကို ပိုတောင်းထားတယ်လို့ ဆိုပါတယ်။
၂။ ဂျဗလင် (Javelin)

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျဗလင် (Javelin)လို့ခေါ်တဲ့ သယ်ယူရလွယ်တဲ့ တင့်ကားပစ်လောင်ချာ ဖြစ်ပါတယ်။ မီတာ ၂၅၀၀ အထိ ပစ်ခတ်နိုင်ပြီး ၂၂.၃ ကီလို အလေးချိန် ရှိပါတယ်။ အမေရိကန်က တီထွင်ခဲ့တာပါ။ ၁၉၉၆ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အာဖဂန်နစ္စတန်၊ အီရတ်၊ ဆီးရီယား စစ်ပွဲတွေမှာ အသုံးပြုခဲ့ပြီး အခု ရုရှား-ယူကရိန်း စစ်ပွဲမှာလည်း အသုံးပြုနေပါတယ်။ နေတိုးကလည်း ဒီလောင်ချာတွေ ထောင်နဲ့ချီပြီး ယူကရိန်းကို ထောက်ပံ့ပေးထား တယ်လို့ ဆိုပါတယ်။ ဒီလောင်ချာတွေက တော်တော် ထိရောက်တယ်လို့လည်း ဆိုပါတယ်။
၃။ STARStreak

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူတွေသယ်ဆောင်ပစ်နိုင်တဲ့ လေကြောင်းရန် ကာကွယ်ရေး စနစ်ဖြစ်ပါတယ်။ ဗြိတိန်ကနေ ထုတ်လုပ်တာ ဖြစ်ပါတယ်။ လေယာဥ်တွေကို အဓိက ထားပစ်ခတ် နိုင်ပြီး မီတာ ၇၀၀၀ အထိပစ်ခတ်နိုင်ပါတယ်။ ၁၄ ကီလို လေးပါတယ်။ ၁၉၉၇ ခုနှစ်ကနေ စတင်အသုံးပြုပါတယ်။ ၂၀၂၂ ခုနှစ်မတ်လ ၁၆ ရက်က ယူကရိန်းကို ဒီလက်နက်တွေပေးမယ်လို့ ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒီလက်နက်ကို အသုံးပြုနိုင်ဖို့ ဗြိတိန် တပ်ဖွဲ့တွေက ယူကရိန်း စစ်သားတွေကို လေ့ကျင့်ပေးခဲ့ပါတယ်။ ဧပြီလမှာ ယူကရိန်းမှာ ဒီလက်နက်တွေကို စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။








