ယူကရိန်းစစ်ပွဲ- စစ်ပွဲကို အဆုံးသတ်ရမယ်လို့ ကုလအတွင်းရေးမှူးချုပ် ရုရှားကိုပြော

ဓာတ်ပုံ ရင်းမြစ်, EPA
ရုရှားနိုင်ငံမှာ ရောက်ရှိဆွေးနွေးနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဆွေးနွေးပွဲအစမှာ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့ကို ယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ ဖြတ်နိုင်သမျှအားလုံးကို လုပ်ရမယ်လို့ အလေးထားပြီး ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့လည်း တွေ့ဖို့ရှိတဲ့ ဂူတာရက်စ်က တွေ့ဆုံဆွေးနွေးဖို့၊ အပစ်ရပ်ဆဲဖိုနဲ့ ငြိမ်းချမ်းရေးအတွက် အခြေအနေတွေဖန်တီးပေးဖို့ ကူညီချင်တယ်လို့ ပြောပါတယ်။
အပစ်ရပ်စဲဖို့ မြန်နိုင်သမျှမြန်မြန်လုပ်ဖို့ လိုအပ်နေတယ်လို့ သူက ပြောပါတယ်။
ယူကရိန်းမှာ လူတွေ ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် ဦးစားပေးဖို့လည်း သူက ပြောပါတယ်။
လေယာဥ်ပစ်လက်နက်တွေ ဂျာမနီက ယူကရိန်းကို ပို့ဖို့ အဆင်သင့်ဖြစ်ပြီလို့ဆို
ဂျာမန်အစိုးရက ယူကရိန်းကို ရွှေ့ပြောင်းနိုင်တဲ့ လေယာဥ်ပစ်လက်နက်တွေ ပို့ဖို့ရှိတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။
ကျားသစ်တင့်ကားကိုယ်ထည်မှာ ဂီပါ့တ် အမြောက်နှစ်လက်တပ်ထားတဲ့ စနစ်ကို ပေးပို့ဖို့ရှိပြီး အရေအတွက် ဘယ်လောက်ပို့မယ်ဆိုတာကိုတော့ မသိရသေးပါဘူး။ အဲဒါဟာ ဂျာမနီက ယူကရိန်းကို တိုက်ရိုက် ပေးမယ့် ပထမဆုံး လက်နက်ကြီးတွေ ဖြစ်လာနိုင်ပါတယ်။
မာဒါ ခြေလျင်တပ်သုံးကား အစီး ၁၀၀ နဲ့ ကျားသစ်တင့်ကားဟောင်းတချို့ လည်း ပေးပို့ဖို့ရှိတယ်လို့ ဂျာမန်မီဒီယာတွေမှာ ဖော်ပြကြပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ဂျာမနီက သူ့ရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ယူရိုငွေ ဘီလျံ ၁၀၀ အထိ တိုးမြှင့်ဖို့ ရှိပြီး အဲဒါဟာ အဓိက မူဝါဒ အပြောင်းအလဲ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bundeswehr-fotos
ညပိုင်းတိုက်ခိုက်မှုမှာ ယူကရိန်း စစ်သား ၅၀၀ သေဆုံးခဲ့တယ်လို့ ရုရှားပြော
ယူကရိန်းက စစ်ရေး ပစ်မှတ် ၈၇ ခုကို ညပိုင်းမှာ ပစ်ခတ်ခဲ့ရာမှာ ယူကရိန်း စစ်သား ၅၀၀ သေဆုံးခဲ့တယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဟာကိဗ်ဒေသက လက်နက်စခန်းနှစ်ခုလည်း ပစ်မှတ်တွေထဲမှာ ပါခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားက သိမ်းယူခဲ့တယ်ဆိုတဲ့ ယူကရိန်း စစ်တပ်တွေရဲ့ သိုလှောင်ပြုပြင် အခြေစိုက်စခန်းတစ်ခုရဲ့ ဗီဒီယိုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြပါတယ်။
အဲဒီ ဗီဒီယိုထဲမှာ တင့်ကားတွေနဲ့ တခြားယာဥ်တွေကိုလည်း တွေ့ရပါတယ်။
အဲဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ဘီဘီစီကတော့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
မာရီယူပိုးလ် စက်ရုံက ယူကရိန်းတပ်တွေကို ရုရှားဆက်ပိတ်ဆို့ထား

ယူကရိန်းတောင်ပိုင်း မာရီယူပိုးလ်မြို့က စက်ရုံထဲက ယူကရိန်းတပ်ဖွဲ့တွေကို ရုရှားစစ်သားတွေက ဆက်ပြီး ပိတ်ဆို့ထားတယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
အဲဒီစက်ရုံကြီးက မာရီယူပိုးလ်မြို့မှာ ရုရှားလက်အောက် မကျဘဲ တစ်ခုတည်းကျန်နေတဲ့ နောက်ဆုံးနေရာ ဖြစ်ပါတယ်။
နေတိုးနဲ့ အီးယူ ကာကွယ်ရေးဝန်ကြီးတွေ ယူကရိန်းကို ထောက်ပံ့ရေးဆွေးနွေး
ယူကရိန်း နောက်ထပ် စစ်ရေးအကူအညီတွေ ပေးနိုင်ဖို့ နေတိုးနဲ့ ဥရောပသမဂ္ဂ ကာကွယ်ရေးဝန်ကြီးတွေ ဂျာမနီနိုင်ငံက အမေရိကန် လေတပ်စခန်းတစ်ခုမှာ တွေ့ဆုံဆွေးနွေးနေကြပါတယ်။
အနောက်နိုင်ငံတွေက လက်နက်တွေ ပိုပြီး ပံ့ပိုးပေးဖို့ ယူကရိန်းဘက်က တောင်းဆိုနေတာ လချီရှိနေပြီဖြစ်ပြီး လက်နက်အင်အားကောင်းလာရင် စစ်ရေးအခြေအနေပြောင်းသွားမယ်ဆိုပြီး ယူကရိန်းသမ္မတ ဇယ်လင်စကီးက တောင်းဆိုနေတာပါ။
နေတိုး နိုင်ငံတွေက ယူကရိန်းကို ကာကွယ်ရေးအတွက် လက်နက်တွေ ပံ့ပိုးပေးဖို့ ကတိပြုထားကြပေမဲ့ ပဋိပက္ခ ပိုမိုကျယ်ပြန့်လာမှာကို စိုးရိမ်မှုတွေကြောင့် ဒီထက်ပိုပြီး စစ်ပွဲမှာပါဝင်ဖို့ တွန့်ဆုတ်နေကြပါတယ်။
ယူကရိန်းကို ရုရှားရဲ့ ကျူးကျော်မှုနဲ့ ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေက ဖယ်ရှားလို့ မရဘဲ အစည်းအဝေးကို တက်လာတဲ့သူတိုင်းက ယူကရိန်းက စစ်ပွဲကို အနိုင်ရမယ်လို့ ယုံကြည်တဲ့ အကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီး လွိုဒ်အော်စတင်က အစည်းအဝေးအဖွင့်မှာ ပြောပါတယ်။
စစ်ပွဲကို ယူကရိန်း ဆက်တိုက်နိုင်ဖို့ အကူအညီတွေ ရှေ့မှာ ဆက်ပေးမှာ ဖြစ်ပြီး စစ်ပြီးရင်လည်း အကူအညီတွေ ထပ်ပေးမယ်လို့ မစ္စအော်စတင်က ဆိုပါတယ်။
တစ်ဆင့်ခံစစ်ပွဲ နေတိုးအဖွဲ့က ဆင်နွှဲနေတယ်လို့ ရုရှား စွပ်စွဲ
ကိုယ်စားစစ်ပွဲကို နေတိုးအဖွဲ့က ဆင်နွှဲနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက စွပ်စွဲလိုက်ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလာရောဗ့်က ယူကရိန်းကို အနောက်က ထောက်ပံ့ပေးနေတဲ့ လက်နက်တွေက တရားဝင်အထောက် အထားတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီပဋိပက္ခက တတိယကမ္ဘာစစ်ကို ဦးတည်သွားနိုင်တယ်လို့လည်း သူက ထပ်လောင်း ပြောဆိုခဲ့ပြီး စေ့စပ်လို့ရတဲ့ ငြိမ်းချမ်းရေး သဘောတူညီချက်နဲ့ အဆုံးသတ်ဖို့ မျှော်လင့်တယ်လို့လည်း ရုရှား အစိုးရပိုင် သတင်းဌာနကို ပြောပါတယ်။
စစ်အင်အားကို ဘယ်လိုအခြေအနေမျိုးမှာပဲ သုံးခဲ့သုံးခဲ့ အားလုံးကို စာချုပ်နဲ့ အဆုံးသတ်လို့ ရပါတယ်။ ရန်လိုမှုတွေ ဘယ်လောက်အဆင့်ရှိသလဲဆိုတာနဲ့ သတ်မှတ်ချက်ဘောင်တွေကို ဆုံးဖြတ်လိုက်မယ်ဆိုရင် ဒီစာချုပ်က အမှန်တကယ် ဖြစ်လာမှာပါလို့ သူက ပြောပါတယ်။
ရှုံးမယ်ဆိုတဲ့ အသိဝင်လာတာကြောင့် မစ္စတာ လာရောဗ့်က အနောက်အုပ်စုကို ခြိမ်းခြောက်နေတယ်လို့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမက်ထရို ကူလီဘာက ပြောပါတယ်။
ဗြိတိန်ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ဝန်ကြီး ဂျိမ်းစ်ဟိပိ က အနောက်အုပ်စုက ယူကရိန်းကို နှိုင်းဆ ထောက်ပံ့နေတာက မော်စကိုနဲ့ တိုက်ရိုက် ထိပ်တိုက်မတွေ့ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။








