ယူကရိန်းမှာ ရုရှားက စစ်ရေးအရှိန်မြှင့်နေပေမယ့် အသာစီးမရသေး

လူဦးရေ နှစ်သောင်းလောက်ရှိတဲ့ ပေါ့ပါးစနားမြို့မှာ ဆိုရင် လူနေအိမ်တွေလည်း တိုက်ခိုက်ခံခဲ့ရ (ပုံ-ပေါ့ပါးစနားမြို့ သွား လမ်းမ)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူဦးရေ နှစ်သောင်းလောက်ရှိတဲ့ ပေါ့ပါးစနားမြို့မှာ ဆိုရင် လူနေအိမ်တွေလည်း တိုက်ခိုက်ခံခဲ့ရ (ပုံ-ပေါ့ပါးစနားမြို့ သွား လမ်းမ)
ရေးသားခဲ့သည်။

ယူကေနိုင်ငံ ထောက်လှမ်းရေးဌာနရဲ့ အဆိုအရ ရုရှားဟာ ဧပြီလ ၂၂ ရက်နေ့က စပြီး စစ်ရေး အရှိန်မြှင့်လာပေမယ့် သိသိသာသာ အသာစီးရတာမျိုး မရှိသေးဘူးလို့ ဆိုပါတယ်။

အခုလို ရုရှားက စစ်ရေး အရှိန်မြှင့်သလောက် အသာစီးမရတဲ့ အပိုင်းက ကုန်းတွင်းပိုင်းမှာသာမက လေတပ်နဲ့ ရေတပ် အပိုင်းမှာပါ ဖြစ်နေတယ်လို့လည်း ယူကေထောက်လှမ်းရေး အဆိုအရ သိရပါတယ်။

ဒါပေမဲ့ ရုရှားကတော့ သူတို့ရဲ့ ယူကရိန်းရဲ့ စစ်ရေးပစ်မှတ်တွေကို လေကြောင်းကနေ ပစ်မှတ်ထားတိုက်ခိုက်မှု အောင်မြင်တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အရပ်သားအခြေအနေ အနေနဲ့ ကတော့ မာရီယူပိုးမြို့မှာ ပိတ်မိနေတဲ့ အရပ်သား တသိန်းလောက်အထိ ရှိနိုင်သေးပြီး သူတို့ ဘေးကင်းစွာ ထွက်ခွာနိုင်ရေးမှာ ကုလသမဂ္ဂ အကူအညီ လိုနိုင်တယ်လို့ ယူကရိန်း ဒုဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။

ရုရှားဟာ ယူကရိန်းအရှေ့ပိုင်း ဒွန်းဘတ်စ် ဒေသသာမက ယူကရိန်းတောင်ပိုင်းတခုလုံးကို သိမ်းပိုက်ဖို့ လည်း ရည်မှန်းနေတယ်လို့ ရုရှားထိပ်တန်း ဗိုလ်ချုပ်တဦးက ပြောကြားထားပါတယ်။

အခုလို ရုရှားက သိမ်းပိုက်နိုင်သွားမယ်ဆိုရင် သူတို့ ၂၀၁၄ ကတည်းက ယူကရိန်းဆီက ဖဲ့ယူထားတဲ့ ကရိုင်းမီးယားနယ်နဲ့လည်း ယူကရိန်းတောင်ပိုင်းတို့ ကုန်းလမ်း ချိတ်ဆက်မိသွားမှာ ဖြစ်တယ်လို့ အဲဒီ ဗိုလ်ချုပ်က ဆိုပါတယ်။

အခုလို လုပ်နိုင်ခဲ့မယ်ဆိုရင် မော်လ်ဒိုဗာနိုင်ငံက ရုရှားထောက်ပံ့ထားတဲ့ ခွဲထွက်ရေးတောင်းနေတဲ့ နယ်နဲ့လည်း ချိတ်ဆက်သွားမယ်လို့ အဲဒီဗိုလ်ချုပ်က ပြောဆိုခဲ့တဲ့အတွက် ရုရှားဟာ တခြားအိမ်နီးချင်းနိုင်ငံတွေကိုပါ ကျူးကျော်ဖို့ စီစဉ်နေတယ်လို့ ယူကရိန်းက စွပ်စွဲခဲ့ပြီး မော်လ်ဒိုဗာ နိုင်ငံကိုယ်တိုင်ကလည်း ရုရှားသံအမတ်ကို ခေါ်ယူ သတိပေးခဲ့ပါတယ်။

လူဟန့်စ်ခ်မှာ တောက်လျှောက်တိုက်ခိုက်နေ

ယူကရိန်းနိုင်ငံအရှေ့ပိုင်း လူဟန့်စ်ခ် ဒေသအတွင်းက မြို့တွေဟာ ရုရှားရဲ့ လက်နက်ကြီးနဲ့ တောက်လျှောက် ပစ်နေတဲ့ ဒဏ်ကို ခံနေရတယ်လို့ အဲဒီ ဒေသရဲ့ ယူကရိန်းအုပ်ချုပ်ရေးမှူးက ပြောကြားလိုက်ပါတယ်။

ရုရှားထိန်းချုပ်နယ်မြေနဲ့ ကပ်နေပြီး လူဦးရေ နှစ်သောင်းလောက်ရှိတဲ့ ပေါ့ပါးစနားမြို့မှာ ဆိုရင် လူနေအိမ်တွေလည်း တိုက်ခိုက်ခံခဲ့ရပြီး လမ်းပေါ် တိုက်ပွဲတွေလည်း ဖြစ်ပွားခဲ့ကာ အရပ်သားနှစ်ဦး သေဆုံးထားကြောင်း အတည်ပြုထားတယ်လို့ ဆိုပါတယ်။

အဲဒီ လူဟန့်စ်ခ် အုပ်ချုပ်ရေးမှူးရဲ့ အဆိုအရ ရုရှားတပ်တွေဟာ လျှပ်စစ်ဓာတ်အားပေး စက်ရုံကြီးတွေနဲ့ ရုံခွဲတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်နေရာမှာ ရေဖြန့်ရေဝေး ဓာတ်အားပေး စက်ရုံတခု တိုက်ခိုက်ခံရလို့ လျှပ်စစ်ကော ရေပါ ပြတ်လပ်သွားတဲ့ မြို့တွေ ရှိတယ်လို့လည်း ဆိုပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ရုရှားနဲ့ ယူကရိန်း ခေါင်းဆောင်တွေနဲ့ တွေ့မယ်

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ လက်ရှိ စစ်ရေးပဋိပက္ခမှာ ပိုမိုတက်ကြွစွာ ကြားဝင် ဖြေရှင်းဖို့ တွန်းအားပေးခံနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ လက်ရှိ စစ်ရေးပဋိပက္ခမှာ ပိုမိုတက်ကြွစွာ ကြားဝင် ဖြေရှင်းဖို့ တွန်းအားပေးခံနေရ

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတဲရက်စ်က သူဟာ လာမယ့် ရက်သတ္တပတ်မှာ ရုရှားခေါင်းဆောင် မစ္စတာ ပူတင်နဲ့ရော ယူကရိန်းခေါင်းဆောင် မစ္စတာ ဇလန်းစကီးနဲ့ ပါ တွေ့ဆုံမယ်လို့ ကြေညာလိုက်ပါတယ်။

လာမယ့် အင်္ဂါနေ့မှာ မစ္စတာ ဂူတဲရက်စ်က မစ္စတာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးရေး အစည်းအဝေးပြုလုပ်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီး မစ္စတာ လက်ဗရော့ဗ်နဲ့လည်း နေ့လယ်စာစားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

ကြာသပတေးနေ့မှာတော့ မစ္စတာ ဂူတဲရက်စ်ဟာ အလားတူပဲ ယူကရိန်း သမ္မတ ဇလန်းစကီးနဲ့ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကူလေဘာ တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ လက်ရှိ စစ်ရေးပဋိပက္ခမှာ ပိုမိုတက်ကြွစွာ ကြားဝင် ဖြေရှင်းဖို့ တွန်းအားပေးခံနေရပြီး မစ္စတာ ဂူတဲရက်စ် အနေနဲ့ ယူကရိန်းမှာ ငြိမ်းချမ်းရေးရဖို့ လိုအပ်တဲ့ အဆင့်ဆင့် လုပ်ငန်းစဉ်မှန်သမျှကို လုပ်ဆောင်ဖို့ တိုက်တွန်းထားပြီး ဖြစ်ပါတယ်။

ယူကေ အထူးလေတပ်က ယူကရိန်းမှာ အဖျက်လုပ်ငန်းတွေ လာလုပ်နေတယ်လို့ ရုရှား စွပ်စွဲ

ယူကေ အထူးတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနယ်မြေအတွင်းက အဖျက်အမှောက်လုပ်သူတွေရဲ့ လုပ်ငန်းတွေကို ထိန်းကျောင်း သင်ကြား လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ ရုရှားမီဒီယာကဆို

ဓာတ်ပုံ ရင်းမြစ်, PA Media

ဓာတ်ပုံ ပုံစာ, ယူကေ အထူးတပ်ဖွဲ့ဝင်တွေဟာ ယူကရိန်းနယ်မြေအတွင်းက အဖျက်အမှောက်လုပ်သူတွေရဲ့ လုပ်ငန်းတွေကို ထိန်းကျောင်း သင်ကြား လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ ရုရှားမီဒီယာကဆို

ရုရှားရဲ့ ရီရာ နဗိုစတီ သတင်းဌာနာရဲ့ အဆိုအရ ယူကေရဲ့ အထူးလေတပ် တပ်ဖွဲ့ဝင် ၂၀ လောက်ဟာ အုပ်စုနှစ်ခုခွဲပြီး ရုရှား ထိန်းချုပ်တဲ့ ယူကရိန်းနယ်အတွင်းမှာ အဖျက်လုပ်ငန်းတွေ လုပ်နေကြတယ်လို့ စွပ်စွဲလိုက်ပါတယ်။

အဲဒီ ယူကေ အထူးတပ်ဖွဲ့ဝင်တွေဟာ ရုရှားထိန်းချုပ် ယူကရိန်းနယ်မြေအတွင်းက အဖျက်အမှောက်လုပ်သူတွေရဲ့ လုပ်ငန်းတွေကို ထိန်းကျောင်း သင်ကြား လုပ်ဆောင်ပေးနေတာ ဖြစ်တယ်လို့ ရုရှားမီဒီယာကဆိုပါတယ်။

ယူကရိန်းစစ်ရေး အရာရှိတွေကတော့ အဲဒီ ယူကေအထူးလေတပ် တပ်ဖွဲ့ဝင်တွေဟာ ဒေသခံ ယူကရိန်းတပ်တွေကို လာရောက် သင်တန်းပေးနေတယ်လို့ ပြောကြားခဲ့ပြီး ဒီသတင်းတွေကို ပြီးခဲ့တဲ့ အပတ်မှာ ဗြိတိသျှမီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ယူကေ အထူးလေတပ် တပ်ဖွဲ့ဟာ ဒုတိယကမ္ဘာစစ်အတွင်းက ဖွဲ့စည်းထားတာဖြစ်ပြီး အကြမ်းဖက် တိုက်ဖျက်ရေး၊ သတင်းထောက်လှမ်းရေးနဲ့ ဓားစာခံ ကယ်တင်ရေး အစရှိတဲ့ အထူးစစ်ဆင်ရေးတွေ လုပ်ဆောင်ဖို့ ဖွဲ့စည်းထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။