သတင်းမှားတွေ တင်ထားတယ်ဆိုပြီး ဂူဂယ်လ်ကို ရုရှားက ဒေါ်လာ သိန်းချီ ဒဏ်ရိုက်

ဂူဂယ်လ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

သတင်းမှားတွေ တင်ထားတယ်ဆိုပြီး ဂူဂယ်လ်ကို ရုရှားက ဒေါ်လာ သိန်းချီ ဒဏ်ရိုက်

အငြင်းပွားဖွယ် ဗီဒီယိုတွေကို မဖယ်ရှားတဲ့အတွက် ဂူဂယ်လ် ကုမ္ပဏီ အယ်လ်ဖာဘတ်ကို ရုရှား တရားရုံးတစ်ခုက ဒေါ်လာ တစ်သိန်းသုံးသောင်းကျော် ဒဏ်ရိုက်လိုက်ပါတယ်။

ရုရှားတပ်ဖွဲ့ဝင်တွေဆုံးရှုံးရတယ်ဆိုတာနဲ့ ယူကရိန်းမှာ အရပ်သားသေဆုံးမှုတွေ အကြောင်း မတိကျတဲ့အချက်အလက်တွေ ဖြန့်ဝေမှုနဲ့ ဂူဂယ်လ်ကို ဒဏ်နှစ်ရပ် ချမှတ်ခဲ့ပါတယ်။

နိုင်ငံခြား ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်နဲ့ အင်စထာဂရမ်တို့ကို ရုရှားမှာ ပိတ်ပင်ထားပြီး ယူကျုကတော့ ဆက်ပြီးသုံးလို့ရနေပါသေးတယ်။

အရင်ကလည်း ရုရှားမှာ တရားမဝင်တဲ့ အချက်အလက်တွေ မဖျက်လို့ ဆိုပြီး ဂူဂယ်လ်ကို ဒေါ်လာ သန်း ၉၀ ဒဏ်ရိုက်ခဲ့ဖူးပါတယ်။

ယူကရိန်းစစ်လေယာဥ်တစ်စင်း နိုင်ငံတောင်ပိုင်းမှာ ပျက်ကျ

ပြုပြင်ထိန်းသိမ်းရေး ပျံသန်းမှုတစ်ခုမှာ ယူကရိန်းလေယာဥ်တစ်စင်း နိုင်ငံတောင်ပိုင်းမှာ ပျက်ကျခဲ့ပြီး ထိခိုက်ဒဏ်ရာရမှုတွေ ရှိခဲ့တယ်လို့ ဒေသအာဏာပိုင်တွေက ပြောပါတယ်။

AN-26 စစ်တပ် သယ်ယူပို့ဆောင်ရေးလေယာဥ် သောကြာနေ့မနက်ပိုင်းက ဇာပိုရီးရှားဒေသမှာ ပျက်ကျခဲ့တယ်လို့ အဲဒီဒေသစစ်တပ်က ပြောပါတယ်။

ပျက်ကျမှု အခြေအနေကို အတည်ပြုထားပြီး သတင်းဆက်ထုတ်ပြန်မယ်လို့ ပြောပါတယ်။

ယူကရိန်းတောင်ပိုင်း ဒွန်ဘက်စ်ကို အပြည့်အဝ ထိန်းချုပ်ဖို့ ကြိုးစားနေတယ်လို့ ရုရှားပြော

မြေပုံ

ယူကရိန်း ဒုတိယအဆင့်စစ်ဆင်ရေးရဲ့ လှုပ်ရှားမှုအဖြစ် ယူကရိန်းတောင်ပိုင်းက ဒွန်ဘတ်စ်မြို့ကို လုံးဝထိန်းချုပ်ထားနိုင်ဖို့ ရုရှားက ပြင်ဆင်နေတယ်လို့ ရုရှား ထိပ်ပိုင်းတပ်မှူးကြီးတစ်ဦးက ပြောတယ်လို့ သတင်းဖော်ပြချက်တွေအရ သိရပါတယ်။

ဒွန်ဘက်စ်နဲ့ ယူကရိန်းတောင်ပိုင်းကို လုံးဝထိန်းချုပ်ဖို့ ရုရှားရဲ့ အစီအစဥ်တွေထဲမှာပါပြီး အဲဒါက ရုရှားကျူးကျော်ထားတဲ့ ခရိုင်းမီးယားနဲ့ ကုန်းလမ်းပေါက်သွားစေမှာြဖစ်သလို ယူကရိန်း စီးပွားရေးကိုလည်း ကြီးမားတဲ့ ထိခိုက်မှုတွေ ရှိလာစေလိမ့်မယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ယူကရိန်းတောင်ပိုင်းကို ထိန်းချုပ်နိုင်ရင် ရုရှား တပ်တွေ အခြေပြုထားပြီးဖြစ်တဲ့ မော်လ်ဒိုဗာက ခွဲထွက် ထရန်နစ်ထရီးယားဆီကိုလည်း လမ်းပေါက်သွားစေမယ်လို့ ဆိုပါတယ်။

အဲဒီနယ်မြေမှာရှိတဲ့ ရုရှားစကားပြောလူမျိုးတွေဟာ အဖိနှိပ်ခံနေရတယ်လို့ ရုရှားကပြောနေတာဖြစ်ပါတယ်။ ဒီအကြောင်းပြချက်ဟာ ယူကရိန်းအရှေ့ပိုင်းနဲ့ ခရိုင်းမီးယားတို့ကို သိမ်းပိုက်ခဲ့တဲ့ အကြောင်းပြချက်တခုလည်း ဖြစ်ပါတယ်။

စစ်ရေးပစ်မှတ် ၅၈ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားပြော

ရုရှားက ညပိုင်းမှာ ယူကရိန်းက စစ်ရေး ပစ်မှတ် ၅၈ ခုကို တိုက်ခိုက်ခဲ့ပြီး အဲဒီထဲမှာ ယူကရိန်း တပ်ဖွဲ့တွေရဲ့ နေရာတွေ၊ ဆီသိုလှောင်စခန်းတွေနဲ့ စစ်ပစ္စည်းတွေ ထားတဲ့နေရာတွေ ပါတယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ နောက်ဆုံး ထုတ်ပြန်ချက်အရသိရပါတယ်။

ပစ်မှတ် သုံးခုကို ပစ်မှတ်ကို အတိအကျပစ်နိုင်တဲ့ ဒုံးတွေသုံးတိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး အဲဒီထဲမှာ ယူကရိန်း S-300 လေကြောင်းရန်ကာကွယ်ရေး စနစ်တစ်ခုနဲ့ ယူကရိန်းတပ်ဖွဲ့တွေ အများအပြားနဲ့ သူတို့ရဲ့ စစ်ပစ္စည်းတွေလည်း ပါတယ်လို့ ဆိုပါတယ်။

ဒါကို ဘီဘီစီကတော့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

ယူကရိန်းစစ်သားတွေ လက်နက်ချရင် စက်ရုံထဲက ထွက်ခွင့်ပေးမယ်လို့ဆို

ရုရှားအဝိုင်းခံထားရတဲ့ မာရီယူပိုလ်း စတီးစက်ရုံက ယူကရိန်းစစ်သားတွေကို စက်ရုံက ထွက်ခွာခွင့်ပေးဖို့နဲ့ အတူရှိနေတဲ့ အရပ်သားတွေ ထွက်ခွာနိုင်ဖို့ အပစ်ရပ်ပေးဖို့ ရုရှားဘက်က စီစဥ်ထားတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနကို ကိုးကားပြီး အေအက်ဖ်ပီသတင်းမှာ ဖော်ပြထားပါတယ်။

ယူကရိန်း စစ်သားတွေ လက်နက်ချမယ်ဆိုရင် အရပ်သား ကယ်ဆယ်ရေးအတွက် စတီးစက်ရုံမှာ အပစ်ရပ်ပေးမယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအဆိုပြုချက်ကို ယူကရိန်းဘက်က မတုံ့ပြန်သေးပါဘူး။

မာရီယူပိုးလ်က ရုရှားထောက်ခံတဲ့ စစ်သားတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

နောက်ဆုံးရ သတင်းများ

  • ကြာသပတေးနေ့မှာ ရုရှားတပ်တွေ ထိုးဖောက်ဝင်ရောက်ပြီး ကျေးရွာ ၄၀ ကို သိမ်းယူခဲ့ပြီးနောက် ရုရှားတို့ နိုင်ငံအရှေ့ပိုင်းမှာ အသာရမှုတွေဟာ ယာယီမျှသာဖြစ်တယ်လို့ ယူကရိန်း သမ္မတ ဗလိုဒီမီယာ ဇယ်လင်းစကီးက ပြောပါတယ်။
  • ရုရှားတပ်တွေက ဟာကိဗ်မြို့တချို့အပိုင်းတွေကို ဆက်ပိတ်ဆို့ထားပြီး မြို့ထဲက ယူကရိန်းရဲ့နေရာတွေကို တိုက်ခိုက်နေတယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။
  • မာရီယူပိုးလ် စတီးစက်ရုံထဲမှာ ယူကရိန်းတပ်ဖွဲ့ဝင်တွေ ရာချီပိတ်မိနေပြီး ပူတင်ကလည်း သူတို့တွေ ထွက်မရအောင် ပိတ်ဆို့ထားဖို့ ညွှန်ကြားပါတယ်။
  • လူ တစ်သိန်းလောက် မာရီယူပိုးလ်မြို့ထဲမှာ ပိတ်မိနေသေးပြီး သူတို့အသက်တွေဟာ ပူတင့်လက်ထဲရောက်နေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။
  • ယူကရိန်းနိုင်ငံ စစ်ပွဲကနေ ပြန်ရုန်းထဖို့ ဒေါ်လာဘီလျံပေါင်း ရာချီလိုအပ်တယ်လို့ ယူကရိန်းသမ္မတ ဇယ်လင်းစကီးက နိုင်ငံတကာက ဘဏ္ဍာရေးဝန်ကြီးတွေကို ပြောလိုက်ပါတယ်။
  • ယူကရိန်းက အပျက်အစီးတွေဟာ ဒေါ်လာ ၆၀ ဘီလျံ ဖိုးလောက်ရှိနေပြီ ဖြစ်ပြီး ဆက်တိုးလာဦးမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ကနဦး ခန့်မှန်းချက်အရ သိရပါတယ်။
  • ဗြိတိန်က ထောက်ပံ့ထားတဲ့ သံချပ်ကာယာဥ်တွေကို သုံးနိုင်ဖို့ ယူကရိန်းစစ်သားဒါဇင်အနည်းငယ်ကို ယူကေမှာ လေ့ကျင့်ပေးနေတယ်လို့ ယူကေ ဝန်ကြီးချုပ် နဲ့ သူ့ရဲ့ လက်ထောက်တွေက ပြောပါတယ်။
  • အပစ်ရပ်ရေးအဆိုပြုချက်ကို ဒီသီတင်းပတ်ကုန်ရက်မှာ ရုရှားက ငြင်းဆန်ခဲ့ပေမဲ့ ယူကရိန်းဘက်ကတော့ မျှော်လင့်ချက် ဆက်ရှိနေသေးတယ်လို့ ပြောပါတယ်။