ကိုဗစ်တိုက်ဖျက်ဖို့ အရပ်ထဲက လူအားလုံးကို ပြောင်းရွှေ့နေရာချ

ဗီဒီယို ပုံစာ, မြို့ဆင်ခြေဖုံး ဘေစိုင် အရပ်မှာ ရှိတဲ့ ဒေသခံအားလုံးကို ညအချိန်မှာ မြို့ကနေ ဘတ်စကားတွေနဲ့ ထုတ်ပြီး ရွှေ့ပြောင်းနေရာချ
    • ရေးသားသူ, ရော်ဘင် ဘရန့်
    • ရာထူးတာဝန်, BBC News၊ ရှန်ဟိုင်း
  • ရေးသားခဲ့သည်။

ကိုဗစ် လှိုင်းအသစ်တခု စလာတာကို တားဆီးဖို့ ပြင်းထန်တဲ့ လုပ်ဆောင်ချက်တွေကို တရုတ်အာဏာပိုင်တွေက လုပ်ဆောင်နေပြီး ရှန်ဟိုင်းမြို့မှာရှိတဲ့ ရပ်ကွက် အတော် များများက လူတွေအားလုံးကို ပြောင်းရွှေ့ နေရာချတာတွေ လုပ်နေကြပြီလို့ ဘီဘီစီကို ပြောကြပါတယ်။

မြို့မြောက်ပိုင်းက အရပ်တခုမှာ ဒေသခံ ကွန်မြူနစ်ပါတီ အရာရှိတွေက တရားဝင် အသိပေးချက်တခု ထုတ်ပြန်ထားပြီး အဲဒီထဲမှာ အဲဒီအရပ်နဲ့ မိုင် ၁၀၀ ကျော်ဝေးတဲ့ ကွာရန်တင်း စင်တာဆီကို အရပ်ထဲက လူတွေအားလုံး ပြောင်းရွှေ့ဖို့ အသေးစိတ်ညွှန်ကြား ထားပါတယ်။

ပင်းဝန် အရပ်က လူတွေအားလုံးဟာ သူတို့အိမ်နီးချင်းပြည်နယ်ဖြစ်တဲ့ ဇီကျန်းပြည်နယ်ထဲကို ရွှေ့ပြောင်းနေရာချခံရမှာ ဖြစ်ပြီး အဲဒီမှာ အနည်းဆုံး ရက်သတ္တပတ် နေကြရပါလိမ့်မယ်။ ညွှန်ကြားချက်အရ အသက်ကြီးသူတွေ၊ မသန်စွမ်းသူတွေ၊ ကလေးတွေကတော့ အဲဒီလို ရွှေ့ပြောင်းစရာမလိုဘဲ ကင်းလွတ်ခွင့်ရမယ်လို့ သိရပါတယ်။

ကိုဗစ်ပိုး ရှိ၊မရှိစစ်ဆေးရာမှာ ပိုးမတွေ့မှာသာ အခုလို ရွှေ့ပြောင်းမှာလည်း ဖြစ်ပါတယ်။ နက်ဂတစ်ဖြစ်တဲ့သူတွေ ဘာလို့ ရွှေ့ပြောင်းခံရတာလဲ ဆိုတဲ့အပေါ်မှာတော့ အရပ်ထဲက လူတွေအနေနဲ့ ရှင်းရှင်းလင်းလင်း အဖြေမရနိုင်ပါဘူး။ အရပ်ထဲမှာ ကိုဗစ်ပျံ့နှံ့ကူးစက်မှုနှုန်း ကျဆင်းသွားဖို့၊ ကူးစက်သူမရှိ သုည ဖြစ်ဖို့ တွန်းနေတဲ့ ဖိအား အကြီးအမား အောက်ကို အစိုးရအရာရှိတွေ ရောက်နေပါတယ်။

Public health officials in hazmat suits in Shanghai
ဓာတ်ပုံ ပုံစာ, ရှန်ဟိုင်းမှာ လော့ခ်ဒေါင်းချထားတာ သီတင်း ၄ ပတ် ရှိလာပါပြီ

ရှန်ဟိုင်းက တခြား အရပ်တခုမှာ လူအားလုံးကို သူတို့အိမ်တွေကနေ ပြောင်းရွှေ့နေရာချထားပြီး ရက်ပိုင်းအကြာမှာ အခုအရပ်ထဲက လူတွေကို နေရာရွှေ့ပြောင်းတာပါ။

ဘေစိုင်က လူပေါင်း အနည်းဆုံး ၁၀၀၀ ကို အတင်းနေရာပြောင်းစေပြီး ယာယီခိုလှုံရာ နေရာတွေဆီကို ရွှေ့စေပါတယ်။ အဲဒါမှ မြို့ရဲ့အရှေ့ပိုင်း ပူဒေါင်ဧရိယာက ဆင်ခြေဖုံးဖြစ်တဲ့ အဲဒီအရပ်ကို အာဏာပိုင်တွေအနေနဲ့ ပိုးသတ်ဖို့ လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဒေသခံတွေအနေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကိုထုပ်သိမ်းသွားပါ၊ အဝတ်ဗီရိုတွေကို တံခါးဖွင့်ထားခဲ့ပါလို့ အစိုးရ ညွှန်ကြားစာမှာ ရေးထားပါတယ်။ သူတို့ရဲ့ အိမ်တံခါးတွေကိုလည်း ဖွင့်ထားခဲ့ပါလို့ ဆိုပါတယ်။ လူမှုမီဒီယာမှာ ပျံ့လာတဲ့ ဓာတ်ပုံတွေ အရ ခရီးဆောင် အိတ်တွေနဲ့ ညအချိန်မှာ လူတွေ စီတန်းနေတာ တွေ့နေရပြီး ဒီစီမံလုပ်ဆောင်ချက်ဟာ ဘယ်လောက် ကြီးမားတယ်ဆိုတာကို ဖော်ပြနေသလိုပါ။

"ရွှေ့ပြောင်းသွားစဉ်မှာ အသင်တို့ အိမ်မွေးတိရစ္ဆာန်တွေကို ခေါ်မသွားရပါဘူး၊ ဒါပေမဲ့ ကျန်ုပ်တို့ သူတို့ကို စောင့်ရှောက်ထားပါ့မယ်" ဆိုတာကိုလည်း မြို့နယ် ရောဂါပျံ့ပွားမှု ကာကွယ် တားဆီးရေးရုံးက ထုတ်ပြန်တဲ့ အဲဒီညွှန်ကြားချက်မှာ ပါဝင်ပါတယ်။

A volunteer carries daily necessities for residents at a residential community in Songjiang district amid the COVID-19 resurgence on April 17, 2022 in Shanghai,

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရှန်ဟိုင်းမြို့ခံအများစုဟာ အခုထိ ပေးပို့လာတဲ့ အစားအသောက်တွေ အပေါ်မှာ မှီခိုနေရဆဲပါ

ဒီတခေါက် ကိုဗစ်ပျံ့နှံ့မှုမှာ လူပေါင်း ၄၀၀,၀၀၀ ခန့်ကူးစက်ခံခဲ့ရတဲ့ ရှန်ဟိုင်းက ကူးစက်မှုတွေကို ရပ်တန့်ဖို့ လိုလားနေတဲ့ တရုတ် အစိုးရက ဒီလိုနည်းကို ပြန်သုံးလာတာကို ကြည့်ရ ရင် သူတို့ အပြင်းအထန်နည်းလမ်းတွေကို ပြန်သုံးတော့မယ်ဆိုတဲ့ လက္ခဏာကိုတွေ့ရပါတယ်။ မြို့လူဦးရေ ၂၅ သန်းထဲက အများစုဟာ တင်းကျပ်တဲ့ လော့ခ်ဒေါင်း စည်းမျဉ်းတွေ အောက်မှာ နေနေကြရတာ အခုဆိုရင် သီတင်းပတ် ၄ ပတ် တိုင်လာပါပြီ။

ဒီသီတင်းပတ်အတွင်း မြို့ဆိုင်ရာ အရာရှိတွေက ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ ၁၇ ယောက်ရှိပြီလို့ မှတ်တမ်းပြုထားပါတယ်။ သေဆုံးသူ အားလုံးနီးပါးဟာ အသက် အရွယ်ကြီးရင့်သူတွေဖြစ်ပြီး ကိုဗစ်ကာကွယ်ဆေးထိုးမထားရသေးတဲ့ သူတွေဖြစ်သလို တခြား ရောဂါအခံတွေလည်းရှိကြတယ်လို့ ဆိုပါတယ်။

ပီပီအီး အကာအကွယ်ဝတ်စုံတွေ အပြည့်ဝတ်ထားတဲ့ ကျန်းမာရေးလုပ်သားတွေ ဘေစိုင်က လမ်းတွေ၊ ပလက်ဖောင်းတွေတလျောက် ထုံးမှုန့်တွေဖြူးပြီး ဗိုင်းရပ်စ်တွေကို သတ်ဖို့ ကြိုးစားနေကြတာကို လူမှုမီဒီယာမှာ ပျံ့လာတဲ့ ဗီဒီယို တခုထဲမှာ တွေ့ရပါတယ်။ လူ ၈,၀၀၀ လောက်အထိ ကိုဗစ်ပိုးကူးစက်တာ ခံနေရတယ် ဆိုပြီး ပြောနေကြတဲ့ သတင်းက "သတင်းတု"လို့ ဒေသဆိုင်ရာ အစိုးအရာရှိတွေက ဆိုပါတယ်။

ဒေသခံတွေဟာ အရေအတွက် အများအပြားသော ကွာရန်တင်း စင်တာတွေ ဒါမှမဟုတ် ကွာရန်တင်း ဟိုတယ်တွေဆီကို ပြောင်းရွှေ့ခံနေရတယ်ဆိုတဲ့ သတင်းတွေထွက်လာပါတယ်။ ကွာရန်တင်းနေရာလုပ်ဖို့ ချောဆွဲခံထားရတဲ့ စာသင်ကျောင်း တကျောင်းဆီကို အပို့ခံလိုက်ရတဲ့ အသက် ၃၃ နှစ်အရွယ် အမျိုးသမီးတယောက်က "ညကပဲ ရောက်တယ်၊ ဆက်ပြီး မနေနိုင်တော့ဘူး၊ ငါ့အိမ်ကို ပြန်ချင် နေပြီ" လို့ လူမှုမီဒီယာပေါ်မှာ ရေးတင်ထားပါတယ်။

A child accompanied by their mother studies while receiving treatment in the quarantine zone at the Shanghai New International Expo Center on April 10, 2022 in Shanghai,

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကူးစက်နှုန်းနဲ့ လိုက်ပြီး ကွာရန်တင်း စင်တာတွေကို ပြင်ထား

ယာယီဆေးရုံတွေကို အရွှေ့ခံရတဲ့သူတွေထဲက တချို့ကတော့ အခြေအနေတွေက တိုးတက်လာတယ်လို့ ပြောပါတယ်။ တခြား လူအယောက် ၁၀၀ လောက်နဲ့ အတူ အဲဒီဆေးရုံတခုကို ရောက်လာတဲ့ အသက် ၄၀ ကျော်အရွယ် အိမ်တွင်းအလုပ်သမ တယောက်က အစားအသောက်တွေ ပိုကောင်းလာတယ်လို့ ဆိုပါတယ်။ အရင်တုန်းအချိန်ကတော့ အစိုးရဟာ "မုန်လာဥ ၂ တောင့်၊ ပုပ်နေတဲ့ ရွှေဖရုံသီးတလုံး၊ ပြောင်းဖူး ၂ ဖူး" သာပေးတဲ့အတွက် လူမှုမီဒီယာပေါ်မှာ တက်ပြီး မကျေနပ်ကြောင်း သူ တက်ရေးခဲ့ဖူးပါတယ်။

ကွန်မြူနစ်ပါတီက ထိပ်တန်းခေါင်းဆောင် တယောက် မြို့ကိုလာကြည့်ပြီး သိပ်မကြာခင်အချိန်မှာ မြို့ကလ လူဦးရေအမြောက်အမြားကို အခုလို ရွှေ့ပြောင်းနေရာချဖို့ ဆုံးဖြတ်ချက် ထွက်လာပုံ ရပါတယ်။ တရုတ်နိုင်ငံတလွှားမှာ ကိုဗစ်ပျံ့နှံ့တာကို တိုက်ဖျက်ဖို့အရေး အနေ့စဉ် စီမံမှုတွေကို ကွပ်ကဲနေတဲ့ ဒုတိယ ဝန်ကြီးချုပ် ဆန် ချွန်လန်း သူကိုယ်တိုင် ပြဿနာရဲ့ အတိမ် အနက်ကို လာကြည့်ပြီးတဲ့ နောက်တရက်မှာပဲ ဒီ ရွှေ့ပြောင်းနေရာချတာတွေ ဖြစ်လာတာပါ။

မစ္စ ချွန်လန်း က ရှန်ဟိုင်းအနီးအနားက အရပ်တခုကို လာကြည့်ခဲ့တဲ့ ဧပြီလ ၁၆ ရက်နေ့မှာ သူက "ချွင်းချက်မထားရဘူး"၊ "ကူးစက်ထားတဲ့ လူနာအားလုံးကို ကုသ၊ လူနာနဲ့ နီးနီး စပ်စပ် ရှိနေခဲ့သူအားလုံးကို ကွာရန်တင်းလုပ်" လို့ အရာရှိတွေကို ညွှန်ကြားခဲ့ပါတယ်။

ဗီဒီယို ပုံစာ, ပျံ့နေတဲ့ ဗီဒီယိုထဲမှာ ရှန်ဟိုင်းက လူတွေ ဒေါသထွက်နေတာ၊ စိတ်ပျက်နေတာတွေကိုတွေ့ရ

ဘီဘီစီက အဲဒီအရပ်ဒေသမှာရှိတဲ့ အရာရှိတွေကို သူတို့ရဲ့ ရုံးဖုန်းနံပတ်တွေက တဆင့် ဆက်သွယ်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ဒေသခံတွေကို ဖြန့်ဝေထားတဲ့ တရားဝင် ညွှန်ကြားစာမှာ "ချက်ချင်းရုတ်တရက် ကူးစက်ပျံ့နှံ့မှုကို ရင်ဆိုင်ရတဲ့အတွက်၊ ဒီအခက်အခဲတွေကို အတူတူကျော်လွှားနိုင်ဖို့၊ ပုံမှန်ဘဝတွေကို တတ်နိုင်သမျှ အစောဆုံး ပြန်ရောက်နိုင်ဖို့ အတူတူ လက်တွဲ အလုပ်လုပ်ကြမှာသာ ရနိုင်မယ်" လို့ အဆုံးသတ်ပြီး ရေးထားပါတယ်။

ဗိုင်းရပ်စ်ပြန့်ပွားတာကို တားဆီးဖို့ မြို့နယ်တခုက လူအားလုံးကို တရုတ်အာဏာပိုင်တွေ ပြောင်းရွှေ့ ထုတ်လိုက်တာက ဒါဟာ ပထမဆုံး အကြိမ်မဟုတ်ပါဘူး။

ဒီနှစ်အစောပိုင်းလောက်မှာ အိုမီခရွန် မျိုးကွဲ ဗိုင်းရပ်စ်ပျံ့နှံ့မှုကြောင့် ရှန်ဟိုင်းနဲ့ သိပ်မဝေးတဲ့ ဟန်ဂျိုးပြည်နယ်အတွင်းမှာရှိတဲ့ ရပ်ကွက် ၂ ခုက လူ ၉,၀၀၀ လောက်ကို အစုလိုက် အပြုံလိုက် နေရာပြောင်းရွှေ့ခဲ့ပြီး ဒါကို "သီးသန့်ခွဲနေရတဲ့ ကွာရန်တင်း နေရာတွေကို ပေါင်းစုလိုက်တာ" လို့လည်း ညွှန်းဆိုကြပါတယ်။

ဘေဂျင်းနားမှာရှိတဲ့ ဟာဘေးပြည်နယ်ထဲက မြို့ပေါင်း တဒါဇင်ကျော်မှာ နေထိုင်နေကြတဲ့ လူပေါင်း ၂၀,၀၀၀ ကျော်ကိုလည်း ကိုဗစ်ပျံ့နှံ့မှု ထိန်းချုပ်ဖို့ အတွက် ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလ တွင်းက နေရာရွှေ့ပြောင်းခဲ့ဖူးပါတယ်။