ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
စစ်ကောင်စီက နိုင်ငံတကာလေယာဉ်ခရီးစဥ်တွေ ပြန်လည်ခွင့်ပြု
၂ နှစ်နီးပါးအကြာ ပိတ်ထားခဲ့တဲ့ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာနဲ့ ပုံမှန်ပြေးဆွဲတဲ့ လေကြာင်းခရီးစဉ်တွေ ဒီကနေ့ ဧပြီလ ၁၇ ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ စတင်ပြေးဆွဲပြီဖြစ်ပါတယ်။
ဒီကနေ့ နိုင်ငံတကာက လေယာဉ် ၅ စီး မြန်မာနိုင်ငံကိုရောက်လာဖို့ရှိတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
အဲ့ဒီအထဲမှာ စင်ကာပူနဲ့ ရန်ကုန်ပြေးဆွဲတဲ့ Myanmar Airway International ရဲ့ ခရီးစဥ်လည်းပါပြီးတော့ မြန်မာနိုင်ငံသားနဲ့ နိုင်ငံခြားသားခရီးသည် ၁၂၄ ဦးလိုက်ပါလာတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ မတ်လ ကတည်းက နိုင်ငံတကာလေကြောင်းလိုင်းနဲ့ ပြည်ပခရီးသည်လာရောက်တာကို ပိတ်ထားခဲ့တာဖြစ်ပြီးတော့ စစ်ကောင်စီဟာ အာဏာသိမ်းပြီးတစ်နှစ်ကျော်အကြာမှာ အခြေအနေတွေ ပုံမှန်ပြန်ရောက်နေသယောင် နိုင်ငံတကာကို ပြသဖို့ အခုလို နိုင်ငံတကာ ခရီးသွားတွေကို ပြန်လည်လက်ခံဖို့ ကြိုးပမ်းတာဖြစ်တယ်လို့ အရင် NLD အစိုးရ လက်ထက် ပြည်ထောင်စု ခရီးသွားလုပ်ငန်းကော်မတီဝင်တစ်ဦးက ပြောပါတယ်။
၂၀၂၂ ဧပြီလ ၁၇ ရက်နေ့ နောက်ပိုင်းကစပြီး ရန်ကုန် -ဘန်ကောက် - ကွာလမ်လမ်ပူ စင်ကာပူခရီးစဥ်တွေ နေ့စဉ်ပြေးဆွဲမှာ ဖြစ်သလို ရန်ကုန် ကနေ ဆိုလ်း၊ နယူးဒေလီ၊ တိုကျို ၊ ကလကတ္တား ၊ဒူဘိုင်းခရီးစဥ်တွေလည်း အပတ်စဥ်ပုံမှန်ပြေးဆွဲဖို့ ရှိတယ်လို့ ရန်ကုန်အခြေစိုက် လေယာဉ်လက်မှက် အရောင်းကိုယ်စားလှယ်တွေဆီက သိရပါတယ်။
ရန်ကုန်ကို လာမယ့်ခရီးစဥ်တွေဟာ စင်ကာပူ၊ ဘန်ကောက် စတဲ့ ဒေသတွင်းအချက်အချာ လေဆိပ်ကြီးတွေကနေပဲ ရန်ကုန်ကို ခရီးစဥ်တွေချိတ်ဆက် ပြေးဆွဲဖို့ရှိနေတယ်လို့ သူတို့ကပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ခရီးသွားလုပ်ငန်းဟာ ကိုဗစ်ကပ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုကြောင့် အလွန်ဆိုးရွားစွာ ထိခိုက်ခဲ့တာဖြစ်ပြီးတော့ စစ်အာဏာသိမ်းပြီး တစ်နှစ်ကြာတဲ့အထိ နိုင်ငံအတွင်းမှာ စစ်ပွဲတွေ ဖမ်းဆီးသတ်ဖြတ်မှုတွေကြောင့် အရင်လိုအခြေအနေကို မြန်မြန်ဆန်ဆန်ပြန်ရောက်ဖို့က မလွယ်ဘူးလို့ ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
မြန်မာနိုင်ငံကနေ ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေကြတဲ့ နိုင်ငံသားတွေကို စစ်ကောင်စီက ကယ်ဆယ်ရေးလေယာဉ်တွေ ပျံသန်းပြေးဆွဲပေးခဲ့တာရှိပြီးတော့ ဧပြီလ ၁၇ ရက်နေ့ကစပြီး အဲဒီ ကယ်ဆယ်ရေးလေယာဉ်တွေမှာ နိုင်ငံခြားသားတွေ လိုက်ပါနိုင်တော့မှာ မဟုတ်ဘူးလို့ စစ်ကောင်စီက ထုတ်ပြန်ခဲ့ပါတယ်။
လောလောဆယ် နိုင်ငံတကာခရီးသွားတွေအားလုံးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကပဲ ဝင်ရောက်ခွင့်ပြုမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ နှစ်က ရိုဟင်ဂျာအရေးပြဿနာ မြန်မာနိုင်ငံမှာဖြစ်ပွားခဲ့ပြီးနောက် အနောက်ဥရောပနိုင်ငံတွေက မြန်မာနိုင်ငံကိုလာရောက်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေ စတင်ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်နောက်ပိုင်း နိုင်ငံအချို့ကို ဆိုက်ရောက်ဗီဇာ ထုတ်ပေးပြီးတော့ ဂျပန် တောင်ကိုရီးယား တရုတ် အပါအဝင် ဥရောပနိုင်ငံတွေကိုလည်း ဆိုက်ရောက်ဗီဇာပေးပြီး NLD အစိုးရက ကြိုးစားခဲ့တယ်လို့ NLD အစိုးရလက်ထက် ပြည်ထောင်စုခရီးသွားလုပ်ငန်းကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်တဲ့ ခရီးသည် ၄.၃ သန်းဝင်ရောက်ခဲ့ပြီးတော့ ၂၀၂၀ ခုနှစ်မှာတော့ အဲ့ဒီအရေတွက်ထက် ၇၅ ရာခိုင်နှုန်းနီးပါး ကျဆင်းကာ တစ်သန်းခန့်ပဲ ရောက်လာခဲ့တယ်လို့ NLD အစိုးရ လက်ထက် ပြည်ထောင်စု ခရီးသွားလုပ်ငန်းကော်မတီဝင်တစ်ဦးက ဆိုပါတယ်။
အခုမြန်မာနိုင်ငံကို လာရောက်တဲ့ နိုင်ငံတကာခရီးသွားတွေဖွင့်ပေးလိုက်ပေမယ့် မြန်မာနိုင်ငံကို လာလည်မယ့်သူထက် မြန်မာနိုင်ငံနဲ့ စီးပွားရေးအရ ပတ်သက်မှုရှိသူ နိုင်ငံခြားသားတွေသာ လာဖို့ရှိတယ်လို့ ခန့်မှန်းကြပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေ အဓိကလာရောက်တဲ့ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအပါအဝင် နိုင်ငံအနှံ့က မြို့နယ်အချို့မှာ ပြီးခဲ့တဲ့ မြန်မာနှစ်သစ်ကူးကာလ အတွင်းပေါက်ကွဲမှုတွေ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
စစ်အာဏာသိမ်းခံထားရတဲ့ မြန်မာနိုင်ငံမှာ စစ်ဘေးဒုက္ခသည်ပေါင်း ၁၂ သိန်းခန့် ရှိနေပါတယ်။ အဲ့ဒီထဲမှာ စစ်အာဏာမသိမ်းခင်က တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ ဒုက္ခသည်ပေါင်း ၄ သိန်း ၉ သောင်းကျော်၊ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှ ထပ်တိုးလာတဲ့ စစ်ဘေးဒုက္ခသည်က ၇ သိန်း ၅ သောင်းကျော်ရှိတယ်လို့ ISP Myanmar က မတ် ၂၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ မုံရွာ ရွေဘို ကလေးနဲ့ မြို့ကြီးအချို့ကလွဲရင် မြို့နယ်အများစုဟာလည်း လနဲ့ချီပြီး အင်တာနက်ဖြတ်တောက်ခံထားရပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးလာရတဲ့ စစ်ဘေးဒုက္ခသည်အရေအတွက်ထဲမှာ စစ်ကိုင်းတိုင်းက ဦးရေ ၂ သိန်းကျော်၊ ကယားပြည်နယ်မှာက ၁ သိန်း ၉ သောင်းထိရှိနေပါတယ်။
မြန်မာနိုင်ငံကို လာရောက်မယ့်နိုင်ငံခြားသားတွေဟာ ကိုဗစ်ကာကွယ်ဆေး ၂ လုံး မလာခင် ၁၄ ရက်က အပြည့်ထိုးထားပြီးဖြစ်ရမှာဖြစ်သလို နိုင်ငံကို ရောက်မလာခင် ၇၂ နာရီအတွင်း ကိုဗစ်ရောဂါရှိ မရှိ RT- PCRနည်းနဲ့စစ်ထားတဲ့ ဓာတ်ခွဲ အဖြေလိုအပ်မှာဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့အာမခံက ရောင်းတဲ့ ကိုဗစ်ဆိုင်ရာ ကျန်းမာရေးအာမခံကိုလည်း ဝယ်ယူရမှာဖြစ်သလို မြန်မာနိုင်ငံရောက်ရင်လည်း စစ်ကောင်စီကျန်းမာရေးဌာနက ထပ်မံစစ်ဆေးပြီး သတ်မှတ်တဲ့ ဟိုတယ်မှာ ကွာရန်တင်း တစ်ရက်နေဖို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဧပြီ ၁၇ရက်နေ့ မတိုင်မီအထိတော့ နိုင်ငံပေါင်း ၁၀၀ က စီးပွားရေးရည်ရွယ်ချက်နဲ့ လာရောက်သူတွေအတွက် အီလက်ထရောနစ် ဗီဇာတွေကို စစ်ကောင်စီက ခွင့်ပြုပေးခဲ့တယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကို အလည်အပတ်ဗီဇာ လျှောက်ထားလိုသူတွေလည်း ဒီနေ့ကစလို့ စတင်လျှောက်ထားနိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် ပြည်တွင်းက လက်ရှိအခြေအနေတွေကြောင့် နိုင်ငံခြားသားအများစုကတော့ လောလောဆယ်ဆယ် မြန်မာနိုင်ငံကို အလည်အပတ်ခရီးလာဖို့ စိတ်ကူးကြမှာမဟုတ်ဘူး ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။