မြန်မာ လက်နက်ကိုင်အဖွဲ့တွေအတွက် မစ်ဇိုင်းဝယ်မယ်ဆိုတဲ့ ယာကူဇာခေါင်းဆောင်ကို ဖမ်းမိ

တာကီရှီ အဘီဆာဝါ

ဓာတ်ပုံ ရင်းမြစ်, US Department of Justice

ဓာတ်ပုံ ပုံစာ, တာကီရှီ အဘီဆာဝါဟာ နိုင်ငံစုံဖြတ်သန်းပြီး ရာဇ၀တ်မှုတွေလုပ်နေတဲ့ ယာကူဇာဂိုဏ်းက ခေါင်းဆောင် တယောက်လည်းဖြစ်တယ်လို့ဆို
ရေးသားခဲ့သည်။

မြန်မာနဲ့ သီရိလင်္ကာနိုင်ငံက လက်နက်ကိုင်အဖွဲ့တွေအတွက် မြေပြင်ကနေ ဝေဟင်ပစ် မစ်ဇိုင်းလက်နက်တွေ ရဖို့ကြိုးစားနေတယ်လို့ ဆိုပြီး မူးယစ်ဆေးကုန်သွယ်မှုတွေလည်း လုပ်ဆောင်နေတဲ့ ဂျပန် ယာကူဇာ အဖွဲ့ခေါင်းဆောင် တယောက်နဲ့ ထိုင်းလူမျိုး ၃ ယောက် တို့ကို သူတို့ ဖမ်းဆီးထားတယ်လို့ အမေရိကန် အာဏာပိုင်တွေက ကြာသပတေးနေ့မှာ ပြောပါတယ်။

မူးယစ်ဆေးဝါးနဲ့ လက်နက်ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှု စတဲ့ စွဲချက်တွေနဲ့ တာကီရှီ အဘီဆာဝါ၊ စွန်ပက် လပ်ကာလန်နီ၊ စွန်ဖော့ ဆင်ဂါဆီရီ၊ ဆွတ်စန် ဂျုလာနန် တို့ကို နယူးရော့ခ်မှာ တနင်္လာနေ့နဲ့ အင်္ဂါနေ့တွေတုန်းက ဖမ်းဆီးမိထားတယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။

အနည်းဆုံး ၂၀၁၉ ခုနှစ်လောက်က စပြီး အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေး အဖွဲ့ (DEA - Drug Enforcement Administration)က ထိုင်းမှာ စုံစမ်း ထောက်လှမ်း နေခဲ့ကြပြီး အခုအမှုစွဲတင်ခံရတဲ့သူတွေဟာ မြန်မာလက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ဝပြည်သွေးစည်းရေး တပ်ဖွဲ့ (UWSA -United Wa State Army) က ဘိန်းဖြူတွေ၊ မက်သာ ဖက်တာမင်း စိတ်ကြွဆေးတွေ အမြောက်အမြားကို အသွင်ယူပုံဖျက်ထားတဲ့ DEA အရာရှိတွေဆီမှာ ရောင်းချဖို့ စီစဉ်ခဲ့ကြပါတယ်။

သီရိလင်္ကာက တမီလ်ကျားအဖွဲ့လို့ လူသိများတဲ့ Liberation Tigers of Tamil Eelam (LTTE)၊ မြန်မာပြည်က ဝပြည်သွေးစည်းရေး တပ်ဖွဲ့၊ ကရင်အမျိုးသား အစည်းအရုံး၊ ရှမ်းပြည်တပ်မတော် စတဲ့ အဖွဲ့တွေအတွက် တာကီရှီ အဘီဆာဝါဟာ စက် သေနတ်တွေ၊ ရော့ကက်တွေ၊ မြေပြင်က ၀ေဟင်ပစ် မစ်ဇိုင်းတွေ ဝယ်နိုင်ဖို့ ကြိုးစားခဲ့ ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ တာကီရှီ အဘီဆာဝါနဲ့ အပေါင်းပါ တယောက်တို့ ကိုပင်ဟေဂင်မြို့ကို သွားရောက်ခဲ့ပြီး အဲဒီမှာ အသွင်ယူထားကြတဲ့ DEA အရာရှိတယောက်နဲ့ ဒိန်းမတ်ရဲအရာရှိ ၂ ယောက်တို့က သူတို့ကို ရောင်းဖို့ရှိတယ်လို့ ဆိုတဲ့ လက်နက်တွေကို ပြသခဲ့ကြပါတယ်။ အဲဒီလက်နက်တွေထဲမှာ အော်တိုမက်တစ် မောင်းပြန်သေနတ်တွေ၊ တင့်ကားဖျက် ရော့ကက်တွေပါဝင်ပါတယ်။ ထောက်လှမ်းရေး အရာရှိတွေက တာကီရှီ အဘီဆာဝါကို လေယာဉ်ပစ်လို့ရတဲ့ စတင်ဂါမစ်ဇိုင်း ဓာတ်ပုံတွေ၊ ဗီဒီယိုတွေလည်း ပြခဲ့ကြပါတယ်။

အမေရိကန် တရားရေးဌာနက "မစ္စတာ အဘီဆာဝါနဲ့ သူ့အပေါင်းပါတွေဟာ DEA စပိုင်အေးဂျင့်တွေဆီကနေ လက်နက်ကြီးတွေ ဝယ်ဖို့ကြိုးစားမှုနဲ့ ပမာဏ အမြောက်အမြားရှိတဲ့ မူးယစ်ဆေးဝါးတွေ ရောင်းဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့အမှုတွေနဲ့ တရားစွဲဆိုထားတယ်" လို့ ပြော ပါတယ်။

"ဒီမူးယစ်ဆေးဝါးတွေဟာ နယူးရော့ခ်မြို့က လမ်းတွေပေါ်ရောက်သွားမှာဖြစ်ပြီး၊ လက်နက်တွေက မတည်ငြိမ်တဲ့နိုင်ငံတွေက လက်နက်ကိုင်အဖွဲ့တွေဆီ ဦးတည်ကြ မှာဖြစ်တယ်" လို့လည်း သူတို့က ဆိုပါတယ်။

တာကီရှီ အဘီဆာဝါဟာ နိုင်ငံစုံဖြတ်သန်းပြီး ရာဇ၀တ်မှုတွေလုပ်နေတဲ့ ယာကူဇာဂိုဏ်းက ခေါင်းဆောင် တယောက်လည်းဖြစ်တယ်လို့ သိရပါတယ်။

ဆွတ်စန် ဂျုလာနန် က ထိုင်းနိုင်ငံဖွား အမေရိကန်နိုင်ငံသားဖြစ်ပြီး၊ စွန်ပက် လပ်ကာလန်နီ၊ နဲ့ စွန်ဖော့ ဆင်ဂါဆီရီ တို့က ထိုင်းနိုင်ငံသားတွေပါ။ အရောင်းအဝယ် စီစဉ်မှုတွေလုပ်စဉ်မှာ အဘီဆာဝါက ဂျုလာနန်ဟာ ထိုင်းလေတပ် ဗိုလ်ချုပ်တယောက် ဖြစ်တယ်၊ လပ်ကာလန်နီဟာ ထိုင်း စစ်တပ်က အငြိမ်းစား အရာရှိတယောက်ဖြစ်တယ်လို့ အသွင်ယူ DEA ထောက်လှမ်းရေးတွေကို ပြောခဲ့ကြောင်း အမှုစွဲတင်ချက်တွေအရ သိရပါတယ်။

နယူးရော့ခ်မြို့၊ မက်ဟတ်တန်အရပ်မှာ အဖမ်းခံရတဲ့ သူတို့ ၄ ယောက် အမေရိကန်ကို ဘယ်လိုနည်းနဲ့ ဝင်လာခဲ့ သလဲ ဆိုတာကိုတော့ တရားရေးဌာနက ရှင်းလင်းပြောပြ မထားပါဘူး။

အသက် ၅၇ နှစ်အရွယ် အဘီဆာဝါနဲ့ အပေါင်းပါ ၃ ယောက်ဟာ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် တသက် အထိကျခံရနိုင်ဖွယ် ရှိပါတယ်။