အရပ်သားတွေကို အစုလိုက်သတ်ဖြတ်တဲ့ စစ်ရာဇဝတ်မှု ရုရှားတပ်တွေ ကျူးလွန်ခဲ့တယ်လို့ ပြော

ဓာတ်ပုံ ရင်းမြစ်, BBC/LEE DURANT
ယူကရိန်းမြို့တော်ကိယဗ်အနီး ဘုချာမြို့အပါအဝင် ဆင်ခြေဖုံးဒေသ အချို့မှာရုရှားတပ်ဖွဲ့တွေဟာ လူမျိုးတုန်း သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ပြောဆိုလိုက်ပါတယ်။
ကိယဗ်မြို့တော်အနီးမြို့ရွာတွေကနေ ရုရှားတပ်တွေဆုတ်ခွာသွားချိန် အခုလို အရပ်သားရုပ်အလောင်းတွေကို တွေ့ခဲ့ပြီးနောက်မှာ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။
ဘုချာမြို့အနီး လမ်းတွေပေါ်မှာ အလောင်း ၂၀ ထက်မနည်း ပြန့်ကြဲနေတာကို တွေ့ရှိပြီးနောက် ရုရှားတပ်ဖွဲ့တွေရဲ့ တမင်သက်သက် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေလုပ်ခဲ့တယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။
ရုရှားတပ်တွေ ဆုတ်ခွာသွားပြီးနောက် ကိယက်ဗ်မြို့အပြင်ဘက်ရှိ မြို့တွေအနီးတစ်ဝိုက်မှာ ရာနဲ့ချီတဲ့ အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ရုရှားကတော့ ဘုချာမှာ အရပ်သားတွေကို သူတို့စစ်တပ်က ကြမ်းကြုတ်ယုတ်မာတာတွေ မလုပ်ခဲ့ဘူးလို့ ငြင်းဆိုခဲ့ပါတယ်။
ယူကရိန်းအာဏာပိုင်တွေက ယခုအချိန်အထိ ကိယက်ဗ်မြို့တစ်ဝိုက်က နေရာတွေမှာ အရပ်သား ၄၁၀ ဦး ရုပ်အလောင်းတွေကို ရှာဖွေတွေ့ရှိထားတယ်လို့ ပြောပါတယ်။
ဘီဘီစီအနေနဲ့တော့ ယူကရိန်းဘက်က ဒီလိုပြောဆိုမှုနဲ့ပတ်သက်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Jeremy Bowen
ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ဗ်က ဗီဒီယို အထောက်အထားတွေက လိမ်ညာထားတာ လို့ ဆိုပါတယ်။
ရုရှားတပ်တွေ ဆုတ်ခွာပြီးချိန်နောက်မှ တိုက်ခိုက်မှုကို အတုလုပ်ပြီး ဖော်ပြတာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။
ရုရှား ကာကွယ်ရေး ဌာနကလည်း တနင်္ဂနွေနေ့တုန်းက သူတို့ဟာ ဘုချာက အရပ်သား တယောက်တလေကိုမှ အကြမ်းဖက်တာ တစ်စုံတစ်ရာ လုပ်ခဲ့တာမျိုးမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
စစ်ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ပေးဖို့ သူတို့ တောင်းဆိုထားကို ပယ်ချခဲ့တဲ့အပေါ်မှာလည်း ရုရှားက မကျေနပ်ကြောင်း တိုင်တန်းထားပါတယ်။
ယူကရိန်းမြို့တော် ကိယက်ဗ်နားက ရုရှားစစ်တပ်ဆုတ်ခွာသွားတဲ့ ဘုချာမြို့မှာ အရပ်သားတွေရဲ့ ရုပ်အလောင်းတွေ စုပြုံမြှုပ်နှံထားရာ ကျင်းတွေကို ထပ်ပြီး တွေ့လာခဲ့တဲ့နောက်ပိုင်း ရုရှားက ရေနံနဲ့ ကျောက်မီးသွေး တင်ပို့မှုတွေကို ပစ်မှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုအသစ်တွေကို လုပ်သွားမယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်းက ပြောပါတယ်။
အခုအောက်ကဖော်ပြထားတဲ့ ဓာတ်ပုံမှာ စိတ်မချမ်းမြေ့ဖွယ်ရာမြင်ကွင်းတွေပါနိုင်တာကို ကြိုတင်အသိပေးလိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC
အရပ်သားတွေရဲ့ ရုပ်အလောင်းတွေ စုပြုံမြှုပ်နှံထားရာ ဒီကျင်းကြီးတွေဟာ ရုရှားစစ်တပ်တွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်သွားတာကို ရှင်းရှင်းလင်းလင်း ပြသနေတာပဲလို့လည်း မစ္စတာ မက်ခရွန်းက ဆိုပါတယ်။
ပိုလန်ဝန်ကြီးချုပ် မတ်တေးယုဇ် မိုရာဝီယတ်စကီကလည်း ဘုချာက အစုလိုက်အပြုံလိုက် လူသတ်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုလို့ ခေါ်ဆိုသင့်ပြီး ရုရှားကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ နဲ့ အရေးယူသင့်တယ်လို့ ပြောပါတယ်။
အရပ်သားတွေအဲဒီမှာသေဆုံးမှုနဲ့ပတ်သက်ပြီး သူတို့တပ်ဖွဲ့တွေမှာ တာဝန်မရှိဘူးလို့ ရုရှားဘက်က တနင်္ဂနွေနေ့က ငြင်းဆိုထားပြီး ဘုချာမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေး အမြန်ခေါ်ယူဖို့ တောင်းဆိုထားပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ နိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့ကလည်း ဘုချာမြို့က သတ်ဖြတ်မှုတွေဟာ အင်မတန် စက်ဆုပ်ထိတ်လန့်စရာကောင်းတယ်လို့ သဘောထား ထုတ်ပြန်ခဲ့ကြပါတယ်။ ရုရှားတွေက အခုအချိန်မှာ သူတို့ရဲ့ ဦးစားပေး လို့ဆိုနေတဲ့ ဒွန်းညက်စ်နဲ့ လူဟန့်စ် ဒေသတွေ အပါအဝင် ယူကရိန်း အရှေ့ဘက်နဲ့ တောင်ပိုင်းအရပ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ယူကရိန်း တောင်ပိုင်းက မီကိုလာ့ယစ်မြို့ပိုင်က သူတို့မြို့ကို ရုရှားတို့က မစ်ဇိုင်းတွေနဲ့ တိုက်ခိုက်နေတယ်လို့ ပြောပါတယ်။
လူအသေအပျောက် ရှိသလား၊ ရှိရင် ဘယ်လောက် ရှိနေသလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ရုရှားတွေက ဝိုင်းရံပိတ်ဆို့ထားတဲ့ မာရီယိုပိုလ်းမြို့ကို နိုင်ငံတကာကြက်ခြေနေအဖွဲ့က ဘတ်စကားတွေနဲ့ ဝင်ရောက်ပြီး အရပ်သားတွေကို ကယ်ထုတ်နိုင်ဖို့ ကြိုးစားနေတာနဲ့အတူ လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ အရပ်တွေက နေလူတွေကို ကယ်ထုတ်ဖို့ ကြိုးစားနေကြပါတယ်။
ရုရှားက သူ့ရဲ့ အရန်တပ်ဖွဲ့ဝင်တွေကို စစ်ပွဲမှာ တိုက်ခိုက်ဖို့ တိတ်တဆိတ် တာဝန်တွေပေးနေပြီလို့ ယူကရိန်း စစ်တပ်က စွပ်စွဲထားပါတယ်။
ဒီသတင်း အပေါ်ရုရှားက ဘာမှတ်ချက်မှ ပြန်မပေးသလို၊ လွတ်လွတ်လပ်လပ်လည်း အတည် မပြုနိုင်သေးပါဘူး။

ယူကရိန်းသမ္မတ ဇလန်းစကီးက အရပ်သားတွ အစုလိုက်အသတ်ခံခဲ့ရတဲ အထောက်အထားတွေ ထပ်တွေ့ရပြီးနောက်ပိုင်း ဘုချာမြို့ကို ရောက်လာခဲ့ပါတယ်။
ယူကရိန်းမြို့တော် ကိယဗ်အနောက်တောင်ဘက် ၁၆ မိုင်ခန့်အကွာမှာရှိတဲ့ ဘုချာမြို့ဟာ လူဦးရေ ၃ သောင်းလောက်နေထိုင်တဲ့ မြို့ဖြစ်ပြီး ဟောစတိုမဲလ် လေဆိပ်အနီးမှာ တည်ရှိပါတယ်။
ရုရှားစစ်ကြောင်းတွေ ခြုံခိုတိုက်ခိုက်ခံခဲ့ရတဲ့ လမ်းကြောင်းကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတွေနဲ့ သမ္မတ ဇလန်းစကီးက စကားပြောဆိုခဲ့ပါတယ်။ယူကရိန်းမှာ ရုရှားက စစ်ရာဇ၀တ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်လို့လည်း ထပ်လောင်းပြောပါတယ်။
ရုရှားနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဖြစ်နိုင်သေးလားလို့ ဘီဘီစီက မေးမြန်းရာမှာတော့ သူက ယူကရိန်းက ငြိမ်းချမ်းရေးရှိမှရမယ်။ သံတမန်နည်းအရရော၊ စစ်ရေးအရပါ ဆက်ပြီးတော့ ကြိုးပမ်းသွားမှာပါ လို့ သူကပြောပါတယ်။








