ယူကရိန်းပဋိပက္ခ- ရုရှားစစ်သင်္ဘောတစ်စင်းကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ယူကရိန်းပြော

ဓာတ်ပုံ ရင်းမြစ်, Ukrainian Navy/Facebook
ရုရှားစစ်သင်္ဘောတစ်စင်းကို ဖျက်ဆီးပစ်ခဲ့တယ်လို့ ယူကရိန်းပြော
ဝန်းရံ ပိတ်ဆို့ခံထားရတဲ့ မာရီယူပိုးလ် မြို့အနောက်ဘက် ကီလိုမီတာ ၈၀ အကွာက ရုရှားကမ်းတက်ရေယာဉ် တစ်စင်းကို သူတို့ ဖျက်ဆီးပစ်ခဲ့တယ်လို့ ယူကရိန်း ရေတပ်က ပြောပါတယ်။
သိမ်းပိုက်ခံထားရတဲ့ ဘယ်ဒီယန့်စ်ခ် Berdyansk ဆိပ်ကမ်းနားမှာ ကျောက်ချထားတဲ့ ဧရာမ စစ်သင်္ဘောကြီး တစ်စင်းပေါ်မှာ အကြီးအကျယ် ပေါက်ကွဲမှု ဖြစ်နေတဲ့ ပုံကို လူမှုကွန်ရက်တွေမှာ တွေ့မြင်ရပါတယ်။
နောက်ထပ် သင်္ဘောနှစ်စင်းလည်း မီးလောင်ခဲ့တယ်လို့ သီးခြားအတည်မပြုနိုင်သေးတဲ့ သတင်းတွေက ဆိုပါတယ်။
တနင်္လာနေ့တုန်းကတော့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက တင့်ကားပေါင်း ၂၀ ဒါမှမဟုတ် သံချပ်ကာကား ၄၀ နဲ့ ကမ်းတက် တပ်သား ၄၀၀ ကို တင်ဆောင်နိုင်တဲ့ The Orsk သင်္ဘောကြီး အဲဒီကို ရောက်ရှိပြီလို့ ကြေညာခဲ့ပါတယ်။
မာရီယူပိုးလ်ကို သိမ်းယူနိုင်ရေး ရုရှားတို့ ကြိုးပမ်းမှု၊ ကရိုင်းမီးယား၊ ဒွန်ဘာ့စ် စတဲ့ သိမ်းပိုက်နယ်မြေတွေနဲ့ ချိတ်ဆက်နိုင်တဲ့ မြေပြင် ဆက်သွယ်ရေး လမ်းကြောင်းတစ်ခု ဖန်တီးနိုင်ဖို့က တောင်ဘက်ခြမ်းမှာရှိတဲ့ ရုရှားတပ်ဖွဲ့တွေအတွက် ထောက်ပံ့ရေးလိုင်းတစ်ခု ထူထောင်ရေးက အဓိက အရေးကြီးတာ ဖြစ်ပါတယ်။
စစ်ပွဲတစ်လအတွင်း ယူကရိန်းကလေး ထက်ဝက်ကျော် အိုးအိမ်စွန့်ပြေးခဲ့ရ
တစ်လကြာ စစ်ပွဲဖြစ်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံက ကလေးငယ် ထက်ဝက်ကျော် အိုးအိမ်စွန့်ခွာပြေးခဲ့ ကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ကလေးငယ် တစ် ဒဿမ ရှစ်သန်းဟာ သူတို့မိသားစုတွေနဲ့အတူ အိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးခဲ့ကြရတယ်၊ နောက်ထပ် နှစ် ဒဿမ ငါးသန်း ကတော့ နိုငံတွင်းမှာပဲ နေရာရွှေ့ပြောင်းကြရတယ်လို့ ကုလသမဂ္ဂကလေးသူငယ်များဆိုင်ရာ အေဂျင်စီ ယူနီဆက်ဖ် က ပြောပါတယ်။
ဒါကြောင့် နောင်လာမယ့်မျိုးဆက်သစ်တွေအတွက် အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်လို့ ယူနီဆက်ဖ် အမှုဆောင်အရာရှိချုပ် ကက်သရင်းရပ်ဆဲလ် က ပြောပါတယ်။
ကလေးငယ်တွေအတွက် လုံခြုံရေး၊ ကောင်းကောင်းမွန်မွန် နေထိုင်ရေးနဲ့ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေကို ရယူသုံးစွဲနိုင်မှုတွေဟာ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှုတွေရဲ့ အန္တရာယ်အောက် ကျရောက်နေတယ်လို့လည်း ယူနီဆက်ဖ်က ပြောပါတယ်။
ယူကရိန်းက ကလေးသူငယ်တွေဟာ စစ်ပွဲရဲ့ ဒဏ်ရာဒဏ်ချက်တွေကို မျက်မြင်ကိုယ်တွေ့ ခံစားနေကြရတဲ့အပြင် နေအိမ်တွေကို သာမက စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကိုပါ တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးနေကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။
ယူကရိန်း ပဋိပက္ခ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ ဦးရေအများဆုံး ဒုက္ခသည်ရွှေ့ပြောင်းမှုဖြစ်လာ
တစ်လကြာလာပြီဖြစ်တဲ့ ယူကရိန်း အရေး ပဋိပက္ခကြောင့် ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ လူဦးရေ အများဆုံး ဒုက္ခသည် ရွှေ့ပြောင်းမှုကြီး ဖြစ်လာစေခဲ့ပါတယ်။
ပြည်ပကို ထွက်ပြေးတဲ့ လူ သုံးသိန်းခွဲကျော်ရှိပါတယ်။ ပိုလန်နိုင်ငံက လက်ခံထားတာအများဆုံးအရေအတွက်ဖြစ်ပြီး လူဦးရေ နှစ်သန်းကျော်ကို လက်ခံထားပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှု၊ လူမှုဖူလုံရေးနဲ့ အလုပ်အကိုင်တွေ ရရှိနိုင်စေဖို့ သူတို့ကို တရားဝင် မှတ်ပုံတင် နံပတ်တွေ စတင် ထုတ်ပေးနေပါတယ်။
မနေ့က ဗုဒ္ဓဟူးနေ့ကတော့ အီးယူ ဥရောပ သမဂ္ဂ ပြည်ထဲရေးရာကော်မရှင်နာမင်းကြီး က ဥရောပသမဂ္ဂဝင် နိုင်ငံတွေ အနေနဲ့ ဒုက္ခသည်တွေကို လက်ခံပေးတဲ့ ဝန်ထုပ်ဝန်ပိုး မျှဝေယူရေး ကိစ္စကို စတင် ဆွေးနွေးသင့်ပြီလို့ ပြောခဲ့ပါတယ်။








