ယူကရိန်းကို ရုရှား ကျူးကျော်မှု -ဗုံးဒဏ်တွေကြောင့် မာရီယူပိုးလ်မြို့ လုံးဝပျက်သွားပြီလို့ နောက်ဆုံးထွက်ပြေးလာတဲ့ ဒေသခံပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားထိုးစစ်ကနေ လွတ်မြောက်ခါနီးပြီလို့ ယူကရိန်း သမ္မတပြော
ရုရှားတို့ရဲ့ ကျူးကျော်တိုက်ခိုက်မှုတွေ စတင်ခဲ့တာ သီတင်း ၄ ပတ်နီးပါး အကြာ အခုအခါ ယူကရိန်းနိုင်ငံဟာ ရုရှားတို့ရဲ့ထိုးစစ်ဆင်မှုဒဏ်ကနေ လွတ်မြောက်နိုင်ခါနီး အခြေအနေကို ရောက်လာနေပြီလို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီး က အီတလီပါလီမန်မှာ ပြောသွားခဲ့ပါတယ်။
ယူကရိန်းနိုင်ငံတဝန်းက မြို့တွေနဲ့ အခြေခံအဆောက်အဦတွေကို ရုရှားတပ်ဖွဲ့တွေက တွေ့ရာမရှောင် ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်လုပ်လိမ့်မယ် ဆိုတဲ့ သတိပေးချက်တစ်ခု ရှိနေတဲ့ကြားက သမ္မတ ဇလန်းစကီးက သတိကြီးကြီးနဲ့ အပြုသဘော အခုလို ပြောသွားခဲ့တာပါ။
နိုင်ငံတောင်ပိုင်း မာရီယူပိုးလ် ဆိပ်ကမ်းမြို့၊ မြောက်ပိုင်းက ချာနီဟိဗ်မြို့နဲ့ အရှေ့ပိုင်းက ဒုတိယအကြီးဆုံး ဟာကိဗ်မြို့တွေနားတဝိုက်မှာ တိုက်ပွဲတွေ အဓိက ပြင်းထန်နေပါတယ်။
ဟာကိဗ်မြို့မှာ ရုရှားတို့ရဲ့ ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့ချိန်ကထက် အခုအခါ ပေါက်ကွဲမှုတွေ ပိုပြင်းထန်လာနေတယ်လို့ မျက်မြင်သက်သေ တစ်ဦးက ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေ ဝိုင်းထားတဲ့ မာရီယူပိုးလ်မြို့ထဲ လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး အထောက်အပံ့တွေ ပို့ပေးရေး လမ်းကြောင်းတစ်ခု ထားရှိရေးနဲ့ ပတ်သက်လို့ ဘာသဘောတူချက်မှု ခုချိန်ထိ မရသေးဘူးလို့ ယူကရိန်း ဒုတိယ ဝန်ကြီးချုပ် အီရီနာ ဗရက်ရှ်ချွတ်ခ် က ပြောပါတယ်။
ဗုံးဒဏ်တွေကြောင့် မာရီယူပိုးလ်မြို့ လုံးဝပျက်သွားပြီလို့ နောက်ဆုံးထွက်ပြေးလာတဲ့ ဒေသခံပြော
ရုရှားတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေအတွင်း မာရီယူပိုးလ်မြို့ လုံးဝ ပျက်စီးသွားခဲ့ပြီ ဆိုတာကို အဲဒီကနေ အခုလေးပဲ ထွက်ပြေးလွတ်မြောက်လာသူ အမျိုးသမီးတစ်ဦးက ဘီဘီစီကို ပြန်ပြောပြခဲ့ပါတယ်။
မြို့သူမြို့သားတွေ ခိုလှုံနေကြတဲ့ မြေအောက်ခန်းတွေကိုတောင် ဗုံးတွေ ထိမှန် ပျက်စီးခဲ့တယ်လို့ အသက် ၂၀ အရွယ် ဗစ်တိုးရီးယားဆိုတဲ့ အဲဒီ အမျိုးသမီးလေးက ပြောပြပါတယ်။
သူသိတဲ့ ကလေးငယ် ၃ ဦးဟာ ရေဓာတ်ခမ်းခြောက်တဲ့ ဒဏ်ကြောင့် သေဆုံးသွားခဲ့ရပုံကို ပြန်ပြောပြခဲ့ပြီး အဲဒီမှာ စားနပ်ရိက္ခာနဲ့ သောက်သုံးရေ လုံးဝ မရှိဘူးလို့ ဆိုပါတယ်။
အခုအခါ ကီလိုမီတာ ၂၀ အကွာမှာ ရှိတဲ့ ရွာတစ်ရွာမှာ သူခိုလှုံနေပါတယ်။ ဒါပေမဲ့ မိသားစုဆွေမျိုးတွေကို သွားကယ်ဖို့ ပြန်လို့ မရ ဖြစ်နေတယ်လို့ သူက ပြောပါတယ်။
သူ့ကို ကြည့်ရတာ ကြောက်ရွံ့ထိတ်လန့်နေပုံရပြီး သူ့မြို့ပေါ်ကို အဆက်မပြတ် ဗုံးကြဲနေတဲ့အသံတွေကို သူအခုရှိနေတဲ့ နေရာကနေတောင် ကြားရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ သူ့နေရပ်အိမ်နားကနေ နောက်ထပ် ဝေးဝေး ထွက်ပြေးမသွားချင်ဘူးလို့ အဲဒီအမျိုးသမီးလေးက ပြောပါတယ်။
ရုရှားမီဒီယာတချို့ ဆိုင်ဘာ တိုက်ခိုက်ခံရတယ်လို့ဆို
ရုရှားအစိုးရနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ ကော်မ်ဆိုမိုလ်ဆကာယာ ပရက်ဗ်ဒါ သတင်းစာရဲ့ ဝက်ဆိုက်ပေါ်မှာ ယူကရိန်းမှာ ရုရှားစစ်သားတွေ အကျအဆုံးများနေတယ် ဆိုတဲ့ သတင်းတစ်ပုဒ် မနေ့က ခဏလေး ပေါ်လာတာဟာ သူတို့ရဲ့ ဝက်ဆိုက် hack လုပ်ခံခဲ့ရလို့ ဖြစ်တယ်လို့ အဲဒီ သတင်းစာတိုက်က သတင်းထောက်တွေက ပြောပါတယ်။
လောလောဆယ် ရုရှားတပ်ဖွဲ့ဝင် တစ်သောင်းနီးပါး ကျဆုံးခဲ့ပြီး တစ်သောင်း ခြောက်ထောင်ကျော် ဒဏ်ရာရခဲ့တယ် ဆိုပြီး ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကို ကိုးကားထားတဲ့ အဲဒီသတင်းဟာ သတင်းအမှား ဖြစ်တယ်လို့ သတင်းစာတိုက်ရဲ့ ကရမ်မလင်နန်းတော် သတင်းထောက်က ပြောပါတယ်။
ဒီကိန်းဂဏန်းတွေဟာ အနောက်အုပ်စုနိုင်ငံ ထောက်လှမ်းရေးအဖွဲ့တွေရဲ့ ခန့်မှန်းချက်တွေနဲ့ ယေဘူယျအားဖြင့် တူနေပါတယ်။
ဒီအတောအတွင်းမှာပဲ ကရင်မလင် နန်းတော် ပြောခွင့်ရပုဂ္ဂိုလ် ဒီမစ်ထရီ ပက်စ်ကော့ဗ်က ရုရှားအစိုးရဟာ အနောက်အုပ်စုနိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ဆိုင်ဘာတိုက်ခိုက်မှုတွေ လုပ်ဖို့ ပြင်နေတယ်ဆိုတဲ့ အမေရိကန်အစိုးရရဲ့ သတိပေးချက်တွေဟာ မဟုတ်မမှန်ဘူး ဆိုပြီး ငြင်းဆိုလိုက်ပါတယ်။
နိုဘဲဆုရှင် ရုရှား သတင်းထောက် ဆုကို ရောင်းပြီး လှူမယ်လို့ ကြေညာ
ပြီးခဲ့တဲ့နှစ် နိုဘဲလ် ငြိမ်းချမ်းရေးဆု ပူးတွဲရခဲ့သူ ရုရှား သတင်းထောက် ဒီမစ်ထရီ မူရက်တော့ဗ်က ယူကရိန်းဒုက္ခသည်တွေအတွက် ရန်ပုံငွေပွဲမှာ သူ့ရဲ့ နိုဘဲလ်ဆု ရွှေတံဆိပ်ကို လေလံတင် ရောင်းပြီး လှူမယ်လို့ ထုတ်ဖော် ကြေညာလိုက်ပါတယ်။
သီးခြားလွတ်လပ်တဲ့ နိုဗာယာ ဂဇက်တာ ရုရှားသတင်းစာရဲ့ အယ်ဒီတာချုပ် မစ္စတာ မူရက်တော့ဗ် က သူ့ရဲ့ ငြိမ်းချမ်းရေး ရွှေတံဆိပ်ကို ဒုက္ခသည်တွေ၊ အရေးပေါ် ဆေးကုသမှု လိုနေတဲ့ ဒဏ်ရာရသူတွေနဲ့ နာမကျန်းဖြစ်နေတဲ့ ကလေးငယ်တွေအတွက် မျှဝေလိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အကျဉ်းသား လဲလှယ်ပေးဖို့နဲ့ လူသားချင်းစာနာတဲ့အနေနဲ့ ဒုက္ခသည်တွေ ထွက်ပြေးနိုင်အောင် လမ်းကြောင်းတွေ ဖွင့်ပေးရေး စည်းမျဉ်းတစ်ခု သတ်မှတ်ပေးဖို့ကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။
ရုရှားနိုင်ငံမှာ အစိုးရရဲ့ တရားဝင် သတင်းဖော်ပြချက်တွေနဲ့မတူတဲ့ သတင်းတွေ ဖော်ပြတဲ့ သတင်းဌာနတွေ၊ သတင်းသမားတွေကို ရာဇဝတ်မှုနဲ့ တရားစွဲဆိုနိုင်တဲ့ ဆင်ဆာဥပဒေသစ် ထုတ်ပြန်ခဲ့အပြီး မတ်လ အစောပိုင်းတုန်းက နိုဗာယာ ဂဇက်တာ သတင်းစာက ယူကရိန်းစစ်ပွဲ အကြောင်း သူတို့ရဲ့ သတင်းဖော်ပြနေမှုတွေကို လျှော့ချတော့မယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပိုလန်ကိုပြေးလာသူတွေထဲက လူငါးသိန်းလောက် စိတ်ဒဏ်ရာလို ဝေဒနာတွေ ခံစားနေရတယ်လို့ WHO ပြော
ယူကရိန်းကို ရုရှားတို့ ကျူးကျော်တိုက်ခိုက်စဉ်အတွင်း ကျန်းမာရေး အဆောက်အအုံ ၆၀ ကျော်ကို ရုရှားတပ်ဖွဲ့တွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေအတွင်း လူ ၁၅ ဦး သေဆုံးခဲ့ရပြီး အနည်းဆုံး ၃၇ ဦး ဒဏ်ရာရခဲ့တယ်လို့ WHO က အတည်ပြုပြောပါတယ်။
ဒါ့အပြင် ရုရှားရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ပိုလန်နိုင်ငံထဲ ထွက်ပြေးခိုလှုံခဲ့ကြရသူ ၅ သိန်းလောက်ဟာ စိတ်ဒဏ်ရာလိုမျိုး စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားနေကြရတယ်လို့လည်း WHO က သတိပေးထားပါတယ်။
နယ်စပ်ဒေသတွေမှာ ရောက်နေကြတဲ့ ဒုက္ခသည်တွေဟာ မောပန်းနွမ်းနယ်၊ ရေဓာတ်ခမ်းခြောက်တာတွေ ခံစားနေကြရသလို အတော်များများဟာ သူတို့ သောက်နေကျ ဆေးဝါးတွေ မရှိဘဲ ရက်ပေါင်းများစွာ ခရီးကြမ်းနှင်လာခဲ့ကြရတယ်လို့ အဲဒီက ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။
လက်ရှိအချိန်ထိ ယူကရိန်းနိုင်ငံကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်ပေါင်း ၃ သန်းခွဲကျော် ရှိသွားပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းဘက်က စစ်ကူပေးဖို့ ဘဲလာရုစ်အတိုက်အခံ ၂၀၀ ရောက်
ရုရှားတပ်ဖွဲ့တွေကို ယူကရိန်းက ခုခံတိုက်ထုတ်နေမှုမှာ စစ်ကူပေးဖို့အတွက် ဘဲလားရုစ်နိုင်ငံက အတိုက်အခံ အနည်းဆုံး ၂ ရာလောက် ယူကရိန်းနိုင်ငံမှာ ရောက်နေတယ်လို့ ယူဆရပါတယ်။
အတိုက်အခံတစ်ဦးက ရုရှားအစိုးရဟာ သူတို့ရဲ့ ရန်သူဟောင်းဖြစ်တယ်လို့ ဆိုပြီး ယူကရိန်းနိုင်ငံ မလွတ်လပ်ရင် ဘဲလားရုစ်နိုင်ငံလည်း လွတ်လပ်မှာ မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။
ရုရှားတပ်ဖွဲ့တွေရဲ့ ကျူးကျော်တိုက်ခိုက်မှုမှာ အားဖြည့်ကူညီပေးဖို့ ဘဲလားရုစ်တပ်ဖွဲ့တွေကို ယူကရိန်းနိုင်ငံထဲ စေလွှတ်ပေးဖို့ ရုရှားအစိုးရရဲ့ ဖိအားပေးတာကို ဘဲလားရုစ်သမ္မတ အလက်ဇန်းဒါး လူကာရှန်ကို ရင်ဆိုင်နေရတယ်လို့ အနောက်အုပ်စုနိုင်ငံ ထောက်လှမ်းရေးအေဂျင်စီတွေက ယူဆနေကြပါတယ်။
ကိယက်ဗ်မြို့တော်ကို ရုရှားတပ်ဖွဲ့တွေ ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ဒုံးကျည်အမြောက်တွေနဲ့ ပစ်ခတ်ဖို့ အခြေစိုက်နေရာအဖြစ် ဘဲလားရုစ်နိုင်ငံကို အသုံးပြုနေပေမဲ့ အခုချိန်ထိတော့ ယူကရိန်းနိုင်ငံထဲ ဘဲလားရုစ်တပ်ဖွဲ့တွေ စေလွှတ်တာမျိုး မရှိသေးပါဘူး။
မကာရိဗ်ကို ပြန်သိမ်းပိုက်နိုင်ပြီလို့ ယူကရိန်းပြော
ယူကရိန်းစစ်တပ်က ရုရှားတပ်ဖွဲ့တွေကို သူတို့ တန်ပြန်တိုက်ခိုက်အပြီးမှာ ကိယက်ဗ်မြို့တော်ရဲ့ အနောက်ဘက်က မကာရိဗ်မြို့ကို ပြန်လည် သိမ်းပိုက်လိုက်နိုင်ခဲ့ပြီလို့ ပြောပါတယ်။
ကိယက်မြို့တော် အရှေ့တောင်ပိုင်းက နောက်မြို့တစ်မြို့ဖြစ်တဲ့ ဘိုရစ်စ်ပေးလ်မြို့မှာလည်း မြို့ကထွက်ခွာနိုင်တဲ့သူ မှန်သမျှ ထွက်ခွာကြဖို့ မြို့တော်ဝန် ဗိုလိုဒီမီယာ ဘိုရစ်ဆန်ကိုက တိုက်တွန်းထားပါတယ်။
မြို့နားတဝိုက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတဲ့အတွက် မြို့ထဲကနေ လူတွေ ထွက်ခွာပေးတာဟာ ယူကရိန်းတပ်ဖွဲ့တွေအတွက် တိုက်ခိုက်ရာမှာ အထောက်အကူ ဖြစ်စေမယ်လို့ သူက ပြောပါတယ်။
ဘိုရစ်စ်ပေးလ်မြို့ဟာ ကိယက်ဗ်မြို့တော်ရဲ့ နိုင်ငံတကာ လေဆိပ် ရှိရာ မြို့ဖြစ်ပါတယ်။
တခြားရှေ့တန်းစစ်မျက်နှာပြင်တွေမှာတော့ စစ်ဆင်တိုက်ခိုက်မှုအနည်းအပါးသာ ရှိတယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ရုရှားတပ်ဖွဲ့တွေရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပိုတိုးလာခဲ့တယ်လို့ ဆိုပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ လောင်စာဆီတွေနဲ့ လက်နက်ခဲယမ်းတွေကို ၃ ရက်စာလောက်ပဲ ဖြည့်ထားပုံရတယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။
ဟာကိဗ်မှာ အဆောက်အအုံ ထောင်ချီနီးပါး ပျက်စီးသွားပြီ
ရုရှားရဲ့ တိုက်ခိုက်မှုခံနေရတဲ့ ယူကရိန်း အရှေ့မြောက်ပိုင်း ဟာကိဗ်မြို့မှာ ဗုံးကြဲတိုက်ခိုက်ခံရမှုတွေကြောင့် အဆောက်အအုံ တစ်ထောင်နီးပါး ပျက်စီးခဲ့တယ်လို့ ယူကရိန်း အရေးပေါ်ကယ်ဆယ်ရေး ဌာနက ပြောပါတယ်။
အဲဒီထဲက အများစုဟာ လူနေ အဆောက်အအုံတွေ ဖြစ်တယ်လို့ ပြောပါတယ်။
ရုရှားနဲ့ နယ်စပ်ချင်း မိုင် ၃၀ လောက်ပဲ ကွာတဲ့ ဟာကိဗ်ကို သုံးပတ်ကျော်အတွင်းမှာ ရုရှားတပ်တွေက အဆက်မပြတ် ဒုံးကျည်တွေနဲ့ ပတ်ခတ်နေတာ ဖြစ်ပါတယ်။
ဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သား ၅၀၀ လောက်သေဆုံးခဲ့တယ်လို့ ယူကရိန်း တာဝန်ရှိသူတွေက ပြောပါတယ်။
ရုရှားတင့်ကားစက်ရုံ ပစ္စည်းပြတ်ပြီး ရပ်ထားရတယ်လို့ ယူကရိန်းထောက်လှမ်းရေးပြော
ရုရှားတင့်ကားတွေအတွက် ထုတ်လုပ်၊ပြုပြင်ရေးတွေ လုပ်တဲ့ ရုရှားအလယ်ပိုင်း ဒေသ ချေလာ့ဘင့်စ်ခ် က ကုမ္ပဏီမှာ ပြည်ပကတင်သွင်းတဲ့ ပစ္စည်းအစိတ်အပိုင်းတွေ ပြတ်တောက်နေလို့ အလုပ်တွေ နားထားရတယ်လို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။
Uralvagonzavod ကုမ္ပဏီမှာ ပြည်ပက တင်သွင်းတဲ့ ပစ္စည်းတွေ မရှိတော့လို့ ရပ်နားထားရတာလို့ ယူကရိန်းစစ်တပ်ဘက်က ပြောပါတယ်။ ရုရှားမီဒီယာတွေမှာတော့ ဒီကုမ္ပဏီအကြောင်း ဖော်ပြတာမရှိသလို ဘီဘီစီကအနေနဲ့ ယူကရိန်းဘက်က သတင်းကို အတည်ပြုနိုင်တာ မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
သတင်းအကျဥ်းချုပ်
•ရုရှားက ဓာတုနဲ့ ဇီဝလက်နက်တွေ ယူကရိန်းမှာ သုံးဖို့ ပြင်နေနိုင်တယ်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အပြင်းထန်ဆုံး သတိပေးလိုက်ပါတယ်။
•ယူကရိန်းရဲ့ ခုခံမှုကြောင့် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ အကျဥ်းအကျပ်ထဲရောက်နေပြီ ဖြစ်လို့ ပိုဆိုးတဲ့ နည်းဗျူဟာတွေ သုံးလာနိုင်တယ်လို့လည်း ဘိုင်ဒန်က ပြောပါတယ်။
•ယူကရိန်းတောင်ပိုင်းက ရုရှားဝိုင်းထားတဲ့ မာရီယူပိုးလ်မြို့ကို ရုရှားက သိမ်းပိုက်ဖို့ လုပ်နေရာမှာ ယူကရိန်းက ဆက်ပြီး ခုခံနေတာကြောင့် ရုရှားတပ်တွေ ရှေ့မတိုးသာဖြစ်နေတယ်လို့ ယူကေ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
•ယူကရိန်းက ပဋိပက္ခနေရာတွေကနေ နောက်ထပ် လူ ၈၀၀၀ လောက်ကို ကယ်ထုတ်နိုင်ခဲ့ပါတယ်။ အဲဒီထဲမှာ မာရီယူပိုးလ်က လူ ၃၀၀၀ လောက်ပါတယ်လို့ ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က ပြောပါတယ်။
•ယူကရိန်းသမ္မတ ဗလိုဒီမီယာ ဇယ်လင်စကီးက ပူတင်နဲ့ တိုက်ရိုက်ဆွေးနွေးဖို့ ထပ်ပြောလိုက်ပြီး သူတို့မတွေ့ဘဲနဲ့ စစ်ပွဲ အဆုံးသတ်ဖို့ ညှိနှိုင်းတာ မဖြစ်နိုင်ဘူးလို့ ပြောပါတယ်။
•ရုရှားတပ်တွေက ယူကရိန်းလေပိုင်နက်ထဲမှာ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း လေကြောင်းအသုံးပြုမှုတွေ ပိုများလာတယ်လို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။








