ရုရှား-ယူကရိန်းဆွေးနွေးပွဲတွေ သဘောတူညီချက်နီးစပ်ပြီလို့ တူရကီပြော

ဓာတ်ပုံ ရင်းမြစ်, Facebook
ယူကရိန်းနဲ့ ရုရှားဆွေးနွေးပွဲတွေ တိုးတက်မှုရနေတယ်လို့ တူရကီပြောယူကရိန်းနဲ့ ရုရှားတို့ သဘောတူညီချက်ရဖို့ နီးစပ်နေပြီလို့ ဆွေးနွေးပွဲတွေကို ကြားဝင်ညှိနှိုင်း လုပ်ဆောင်ပေးနေတဲ့ တူရကီ နိုင်ငံခြားရေးဝန်ကြီး မဲဗလွတ် ကာဗူဆိုဂလူကပြောပါတယ်။
စစ်ပွဲကဆက်ဖြစ်နေပြီး အရပ်သားတွေလည်း အသက်ဆုံးတာတွေရှိနေချိန်မှာ စေ့စပ်ညှိနှိုင်းရတာ လွယ်တဲ့ကိစ္စမဟုတ်ပါဘူးလို့ ကာဗူဆိုဂလူက အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။ ဒါပေမဲ့ နှစ်ဘက် သဘောတူညီမှုရဖို့ကတော့ နီးနေပါပြီလို့ သူက ဆက်ပြောပါတယ်။
တူရကီဟာ ရုရှားနဲ့ရော ယူကရိန်းနဲ့ပါ ရင်းနှီးတဲ့ဆက်ဆံရေးရှိပြီး နိုင်ငံခြားရေးဝန်ကြီး ကာဗူဆိုဂလူက နှစ်နိုင်ငံလုံးကို အခုအပတ်ထဲမှာ သွားရောက်ခဲ့ပါတယ်။
နှစ်ဘက် ညှိနှိုင်းရေးအဖွဲ့တွေနဲ့ တူရကီက အဆက်အသွယ်ရှိနေပါတယ်လို့ ပြောပေမဲ့ ဆွေးနွေးပွဲအခြေအနေအသေးစိတ်ကိုတော့ သူက ထုတ်မပြောပါဘူး။ တူရကီဟာ ရိုးရိုးသားသားကြားဝင်စေ့စပ်ပေးသူ နေရာကပဲ နေနေပါတယ်လို့ သူက ဆိုပါတယ်။
ယူကရိန်းနဲ့ ရုရှားတို့ရဲ့ ဆွေးနွေးပွဲတွေက အဓိကထား ညှိနေတဲ့ အချက်ခြောက်ချက်ကတော့ -
- ယူကရိန်းရဲ့ ကြားနေရပ်တည်မှု
- လက်နက်ဖြုတ်သိမ်းမှုနဲ့ လုံခြုံရေးအရအာမခံပေးဖို့
- ယူကရိန်းက နာဇီတွေကို ဖယ်ရှားရေးဆိုပြီး ပြောနေတဲ့ ကိစ္စ
- ယူကရိန်းမှာ ရုရှားဘာသာစကားအသုံးပြုမှုအပေါ် ကန့်သတ်ထားတာတွေ ဖယ်ရှားပေးရေး
- ခွဲထွက်သွားတဲ့ ဒွန်ဘတ်စ်ဒေသရဲ့ အဆင့်အတန်း
- ၂၀၁၄မှာ ရုရှားက သိမ်းလိုက်တဲ့ ကရိုင်းမီးယားဒေသ အရေး တို့ဖြစ်ပါတယ်။
စနေနေ့ကတော့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာဇယ်လင်းစကီးက ဗီဒီယိုကနေပြောကြားတဲ့ သတင်းစကားမှာ အခုအချိန်ဟာ တွေ့ဆုံ စကားပြောရမယ့်အချိန်၊ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနဲ့ ယူကရိန်းအပေါ်မျှတမှုတွေကို တဖန်ပြန်လည်ရယူရမယ့်အချိန် ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
မာရီယူပိုးလ် မြို့ကလူ ၄၀၀ ခိုလှုံနေတဲ့ စာသင်ကျောင်း ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ယူကရိန်းအာဏာပိုင်တွေပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှား စစ်တပ်ဟာ ယူကရိန်းနိုင်ငံ တောင်ပိုင်း ဆိပ်ကမ်းမြို့ မာရီယူပိုးလ်က က လူ ၄၀၀ ခိုလှုံနေတဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မာရီယူပိုးလ်မြို့တေ်ကောင်စီ အာဏာပိုင်တွေကပြောပါတယ်။ နောက်ဆုံးရသတင်းတွေမှာတော့အဲဒီကျောင်း အဆောက်အအုံဟာ ပျက်စီးခဲ့ပြီး လူတွေ အပျက်အစီးတွေ အောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
ကျောင်းမှာ အမျိုးသမီးတွေ၊ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ ရှိနေတယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ အခုထက်ထိတော့ ဒဏ်ရာရသူတွေ၊ အသေအပျောက် စာရင်းတွေနဲ့ ပတ်သက်ပြီး တိတိကျကျ သတင်းမထုတ်ပြန်သေးပါဘူး။ လတ်တလောမှာ မာရီယူပိုးလ်မြို့ဟာ ဆက်သွယ်ရေးစနစ် အားလုံးပြတ်တောက်နေပြီး သတင်းတွေကို တိတိကျကျအတည်ပြုနိုင်ဖို့ ကြိုးစားနေတယ်လို့ ဘီဘီစီသတင်းကဖော်ပြပါတယ်။
ယူကရိန်းသမ္မတဇာလန်းစကီးကတော့ ရုရှားရဲ့ ဆိပ်ကမ်းမြို့ မာရီယူပိုးလ်ကို ရုရှားရဲ့တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရာစုနှစ်ပေါင်းများစွာ မှတ်မိနေမယ့် အကြမ်းဖက်မှုကြီးလို့ တုံ့ပြန်ထားပါတယ်။ မာရီယူပိုးလ်မြို့ဟာ ယူကရိန်းရဲ့ အကြီးဆုံးဆိပ်ကမ်းမြို့ဖြစ်ပြီး ဒီနေရာကို ရုရှားတို့ထိန်းချုပ်နိုင်ရင် ခရိုင်းမီးယားဒေသနဲ့ တခြားရုရှားကျောထောက်နောက်ခံပြုဒေသတွေကို ချိတ်ဆက်ရာစင်္ကြန်လမ်းကြီးတစ်ခု ဖြစ်လာမှာကြောင့် ဒီမြို့ဟာ စစ်ပွဲမှာ အရေးပါတဲ့ဒေသဖြစ်နေပါတယ်။
လက်ရှိမှာ မာရီယူပိုးလ်က ယူကရိန်းပြည်သူထောင်ပေါင်းများစွာ ကို ရုရှားတွေက ရုရှားဘက်ကို အတင်းအဓမ္မခေါ်ဆောင်သွားတယ်လို့ ယူကရိန်းအာဏာပိုင်တွေက စွပ်စွဲထားပါတယ်။
မာရီယူပိုးလ် ဆိပ်ကမ်းမြို့ရဲ့ အရေးပါပုံ
ဒီဆိပ်ကမ်းမြို့ကျသွားရင် ရုရှားအတွက် ကုန်းလမ်းက စင်္ကြန်လမ်းကြီးတစ်ခု ရသွားမှာပါ။

ရုရှားက အသံထက်မြန်တဲ့ ပဲ့ထိန်းဒုံးနဲ့ ဒုတိယအကြိမ်တိုက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ရုရှားတပ်တွေက အသံထက်မြန်တဲ့ မစ်ဆိုင်းဒုံးကျည်ကို ဒုတိယအကြိမ်သုံးပြီး ယူကရိန်းပစ်မှတ်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ယူကရိန်းတောင်ပိုင်းက လောင်စာဆီသိုလှောင်တဲ့နေရာတစ်ခုကို ရုရှားရဲ့ ကင်ဇယ်ဒုံးပျံစနစ်သစ်နဲ့ ပစ်ခတ်ပြီးဖျက်ဆီးပစ်ခဲ့တယ်လို့ အရာရှိတွေက ဆိုပါတယ်။
မိုင်ကိုလိုက်ဗ်ဒေသက ကော့စတန်တီနီဗကာစခန်းမှာသိုလှောင်ထားတဲ့ ယူကရိန်းစစ်တပ်သုံး လောင်စာဆီတွေ၊ ချောဆီတွေကို အသံထက်မြန်တဲ့တာဝေးပစ် ပဲ့ထိန်းဒုံးကျည် ကင်ဇယ်နဲ့ တိုက်ခိုက်ပြီး ဖျက်ဆီးနိုင်ခဲ့တယ်လို့ ရုရှားစ်ဘက်အရာရှိတွေက ပြောပါတယ်။
ဒီပြောကြားချက်ကို ဘီဘီစီက လောလောဆယ်မှာ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒါပေမဲ့ ဟုတ်ခဲ့ရင်တော့ ရုရှားဘက်က ဒီဒုံးပျံစနစ်သစ်နဲ့ ယူကရိန်းကို တိုက်ခိုက်မှုတွေ နှစ်ရက်ဆက်တိုက်လုပ်လာခဲ့တာလို့ ဆိုနိုင်ပါတယ်။
စနေနေ့တုန်းကလည်း ဒီလို မစ်ဆိုင်းဒုံးကို ပထမဆုံးသုံးပြီး ယူကရိန်းရဲ့ မြေအောက်လက်နက်တိုက်တစ်ခုကို ပစ်ခတ်ဖျက်ဆီးနဲ့တယ်လို့ ရုရှားစစ်တပ်က ကြေညာခဲ့ပါတယ်။
ရုရှားစစ်ဖက်ရဲ့ အဆိုအရ ကင်ဇယ်ပဲ့ထိန်းဒုံးကျည်ဟာ ကီလိုမီတာ ၂၀၀၀ (၁၂၄၀ မိုင်) အကွာမှာရှိတဲ့ ပစ်မှတ်ကို ထိမှန်အောင်ပစ်နိုင်ပြီး တစ်နာရီကို ကီလိုမီတာ ၆၀၀၀ (၃၇၂၈ မိုင်) ထက်မြန်အောင် သွားနိုင်တယ်လို့ ဆိုပါတယ်။
ယူကရိန်းက စက်ဆုပ်ဖွယ်စစ်ပွဲရပ်ဖို့ ပုပ်ရဟန်းမင်းကြီး ပန်ကြား

ဓာတ်ပုံ ရင်းမြစ်, EPA
ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဗာတီကန်မြို့တော်မှာ ပြောကြားတဲ့ သူ့ရဲ့ တနင်္ဂနွေနေ့ ကောင်းချီးမိန့်ခွန်းမှာ ယူကရိန်းပဋိပက္ခအကြောင်းထည့်ပြောခဲ့ပါတယ်။ သူက ယူကရိန်းမှာ ဖြစ်နေတဲ့ စစ်ပွဲဟာ တရားမဲ့တဲ့ "အဆင်ခြင်မဲ့လူသတ်ပွဲကြီး" ဖြစ်တယ်လို့ပြောပြီး ခေါင်းဆောင်တွေကို ဒီ "စက်ဆုပ်ဖွယ်စစ်ပွဲကို အဆုံးသတ်ကြဖို့" တိုက်တွန်းလိုက်ပါတယ်။
"ယူကရိန်းအပေါ် အကြမ်းဖက်ရန်လိုတိုက်ခိုက်မှုဟာ နှေးသွားတာမတွေ့ရသေးကြောင်း စိတ်မကောင်းစရာတွေ့ရတယ်" လို့ စိန့်ပီတာရင်ပြင်မှ စုဝေးလာကြတဲ့ သောင်းနဲ့ချီတဲ့ ပရိသတ်ကို ရဟန်းမင်းကြီးက ပြောခဲ့ပါတယ်။
အဆင်ခြင်ကင်းမဲ့တဲ့ လူသတ်ပွဲကြီးဖြစ်ပြီး နေ့စဉ်လိုပဲ လူသတ်မှုတွေ ရက်စက်မှုတွေကို ထပ်ခါထပ်ခါ ကျူးလွန်နေကြတယ်လို့ သူက ထည့်ပြောသွားပါတယ်။








