ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၄ ယောက်မြောက် ရုရှားစစ်ဗိုလ်ချုပ် သေဆုံးသွားပြီလို့ သမ္မတ ဇယ်လန်းစကီးပြော
- ရေးသားသူ, ဘန် တူဘတ်စ်
- ရာထူးတာဝန်, BBC News
- ရေးသားခဲ့သည်။
စစ်ပွဲအတွင်း နောက်ထပ် ရုရှား စစ်ဗိုလ်ချုပ်တယောက် အသတ်ခံလိုက်ပြီလို့ ယူကရိန်း သမ္မတ ဗိုလော့ဒီမီယာ ဇယ်လန်းစကီးက ပြောပါ တယ်။
သူက အဲဒီ ဗိုလ်ချုပ်က ဘယ်သူဘယ်ဝါ ဆိုတာကို မပြောပေမယ့် ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနဆိုင်ရာ အကြံပေးအရာရှိက အက်ဇော့ဗ် တပ်ရင်းကတိုက်ခိုက်မှုကြောင့် ဗိုလ်ချုပ် အိုလက် မစ်ယိဗ် သေဆုံးသွားပြီလို့ ပြောပါတယ်။
မာရီယူပိုးလ်မြို့နားမှာ ဗိုလ်ချုပ် မစ်ယိဗ် သေဆုံးသွားပြီလို့ ယူကရိန်း မီဒီယာတွေက ဆိုပါတယ်။
သူဟာ ယူကရိန်းစစ်ပွဲအတွင်း သေဆုံးခဲ့တယ်ဆိုပြီး သတင်းထွက်လာတဲ့ ၄ ယောက်မြောက် ရုရှားစစ်ဗိုလ်ချုပ်ပါ၊ အဲဒီ သတင်းကနေ တဆင့် ဘာ့ကြောင့် ရုရှားစစ်ထိပ်တန်းခေါင်းဆောင်တွေဟာ ရှေ့တန်းစစ်မြေပြင်နဲ့ သိပ်နီးနီးကပ်ကပ်ရှိနေရတာလဲ ဆိုတဲ့ အမေးကို မေးချင်သူ တချို့လည်း ရှိလာကြမှာပါ။
ယူကရိန်းမှာ ရုရှားစစ်ဆင်ရေးကို ဦးဆောင်နေတဲ့ စစ်ဗိုလ်ချုပ် အယောက် ၂၀ နီးပါးရှိတယ်လို့ သုံးသပ်သူတွေက ယုံကြည်ထားကြတဲ့ အတွက် အခု ဗိုလ်ချုပ် ၄ ယောက် သေဆုံးသွားပြီဆိုတာ မှန်ကန်တယ်ဆိုရင် ဒီစစ်ဆင်ရေးထဲက ရုရှား စစ်ဗိုလ်ချုပ် ၅ ပုံ ၁ ပုံ တိုက်ပွဲထဲ မှာ သေဆုံးသွားပြီဆိုတဲ့ အဓိပ္ပါယ်ပါ။
ဒီလို အဆုံးအရှုံးများတာအပေါ်မူတည်ပြီး တချို့ကျွမ်းကျင်သူတွေက ဒီဗိုလ်ချုပ်တွေဟာ အကြောင်းမသင့်တဲ့ ဖြစ်တောင့်ဖြစ်ခဲ့ အခြေအနေတွေမှာ ကံမကောင်းလို့ သေသွားရတာထက် စာရင် ယူကရိန်းတွေက ရုရှား ထိပ်တန်း စစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာမျိုးက ပိုဖြစ်နိုင်တယ်လို့ တွက်ချင့်ကြပါတယ်။
"ဒါက မတော်တဆ တိုက်ဆိုင်ပြီး ဖြစ်သွားတာလို့ ကျွန်မ မထင်ပါဘူး။ တခါဆိုရင်တော့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားတာလို့ ဆိုနိုင်ပေမယ့် ဒီလောက်များများက ပစ်မှတ်ထားပြီး လုပ်မှ ရမှာပါ"လို့ ဂျော့ချ်တောင်း တက္ကသိုလ်က ရီတာ ကွန်နိဗ်က ဘီဘီစီကို ပြောပါတယ်။
သမ္မတ ဇယ်လန်းစကီးရဲ့ အတွင်းစည်းကလူတယောက်က ဝေါလ်စထရိ ဂျာနယ်ကို ပြောရာမှာ ရုရှား အရာရှိအဆင့်တွေကို ပစ်မှတ်ထား စောင့်ကြည့်တဲ့ စစ်ထောက်လှမ်းရေးအဖွဲ့ ယူကရိန်းမှာ ရှိတယ်လို့ ပြောပါတယ်။
"သူတို့က ထိပ်တန်းစစ်ဗိုလ်ချုပ်တွေ၊ တိုက်လေယာဉ် မောင်းသူတွေ၊ အမြောက်တပ် တပ်မှူးတွေကို ရှာကြတယ်" လို့ အဲဒီလူက ပြောပါတယ်။
မစ္စကွန်နိဗ်က ယူကရိန်းစစ်အင်အားက ရုရှားနဲ့နှိုင်းရင် နည်းလှတာမို့ ထိပ်တန်းအဆင့်အရာရှိတွေကို ပစ်မှတ်ထားတာမျိုးက သတင်း အချက်အလက် စစ်ပွဲမှာ အရေးပါတဲ့ အခန်းက ပါနိုင်ပါတယ် လို့ ဆိုပါတယ်။
"သူတို့ကို ပစ်မှတ်ထားတိုက်ခိုက်တယ်ဆိုတာမျိုးက ယူကရိန်းတွေအတွက် စိတ်ဓာတ်အင်အား တက်စေပါတယ်။ ဒါက အောင်ပွဲ၊ ဒါက တက်ကြွစရာဖြစ်တယ်။"
ရုရှားစစ်အရာရှိတွေထဲက ရွေးထုတ်တိုက်ခိုက်ဖို့အတွက် ယူကရိန်းစစ်တပ်အနေနဲ့ အဲဒီလူတွေ ဘယ်မှာရှိသလဲ ဆိုတာကို သိဖို့လို ပါတယ်။ ရုရှားစစ်တပ်က ဆက်သွယ်ရေးလုပ်ရာမှာ ပေါ်ပေါ်ထင်ထင်ဖြစ်နေတဲ့ လမ်းကြောင်းတွေက လုပ်နိုင်တဲ့အတွက် အဲဒီကနေ ဒီလူတွေ ဘယ်မှာရှိသလဲဆိုတာကို ယူကရိန်းဘက်က သဲလွန်စရနိုင်တယ်လို့ သုံးသပ်သူတွေကပြောပါတယ်။
"တကယ်လို့ ရုရှားတွေက မိုဘိုင်းဖုန်း ဒါမှမဟုတ် ရေဒီယို ဆက်သွယ်ရေးကို သုံးပြီး ထိပ်တန်းစစ်ခေါင်းဆောင်တွေနဲ့ ဆက်သွယ်ကြမယ်ဆိုရင် ယူကရိန်းတို့က သူတို့သိချင်တာကို လွယ်လွယ်ကူကူရမှာပါပဲ" လို့ Rochan Consulting က ကာကွယ်ရေး သုံးသပ်သူ ကွန်းရတ် မက်ဇီကာက ဘီဘီစီကို ပြောပါတယ်။
ဗိုလ်ချုပ် ဗစ်တာလီ ဂရာ့ဆီမော့ဗ် သေပြီးတဲ့နောက် ရုရှား စစ်တပ်အရာရှိ ၂ယောက် ဒီဗိုလ်ချုပ် သေဆုံးမှုနဲ့ပတ်သက်ပြီး ဆွေးနွေး နေကြတဲ့ အသံဖိုင်ကို ယူကရိန်းဘက်က တမင်ဖောက်ထုတ်ပြီး လူသိအောင် လုပ်ခဲ့ပါတယ်။ အဲဒီ ရုရှားတွေရဲ့ ပြောဆိုချက်ထဲမှာ ဆက်သွယ်ရေး ကွန်ရက် လုံခြုံရေးထိန်းသိမ်းမှုက အလုပ်မဖြစ်ဘူး ဆိုတာ ပါဝင်ပါတယ်။
ရှေ့တန်းမှာ စစ်မြေပြင်နဲ့ နီးနီးကပ်ကပ် အန္တရာယ်များတဲ့နေရာမှာ ဒီလို စစ်တပ်ထိပ်တန်းခေါင်းဆောင်တွေ နေရာယူနေရတယ်ဆိုတာက ပုံမှန် မဟုတ်ပါဘူး။ ဆိုးဆိုးဝါးဝါး တန့်နေတဲ့ စစ်ဆင်ရေး နေရာမျိုးတွေမှာသာ ဒီလို ထိပ်တန်းစစ်ခေါင်းဆောင်တွေကို နေရာချပြီး အခြေအနေကို ထိန်းချုပ်ဖို့ လုပ်ကြတာလို့ အနောက်တိုင်း ကာကွယ်ရေးဆိုင်ရာ သတင်းရင်းမြစ်တွေက ယုံကြည်ကြပါတယ်။
ရုရှားစစ်တပ်မှာ အစဉ်အလာအားဖြင့် ထိပ်တန်းအရာရှိတွေက နေ့စဉ် လုပ်ငန်းဆောင်ရွက်မှုတွေမှာ ပါဝင်ရမှုများပြီး ကိုယ်ထည်ထက် စာရင် ခေါင်းပိုင်းက လုပ်ရတာ သိပ်များပါတယ် လို့ မစ္စတာ မက်ဇီကာက ပြောပါတယ်။
"ပြီးခဲ့တဲ့နှစ်ပိုင်းတွေအတွင်း စစ်မြေပြင်က တပ်မှူးတွေအနေနဲ့ သူတို့ဘာသာ လွတ်လွတ်လပ်လပ် ဆုံးဖြတ်နိုင်ခွင့်ပေးဖို့ တွန်းလာ တာမျိုးတွေ ရှိလာတယ်" လို့ မစ္စတာ မက်ဇီကာက ဆိုရင်း "ဒါပေမယ့် အဲဒါမျိုးကို စလာတာက ၃ နှစ်လောက်ပဲ ရှိသေးတာ ဆိုတော့ သိပ်အသားမကျသေးပုံ ရတယ်" လို့ ပြောပါတယ်။
ဒီစစ်ဗိုလ်ချုပ်တွေရဲ့ သတင်း အသေးစိတ်က ရှင်းရှင်းလင်းလင်းတော့ မရှိပါဘူး။ စစ်မြေပြင်က တကယ့်ခိုင်ခိုင်မာမာ အချက်အလက် ရဖို့ကလည်း ခက်ခဲပါတယ်။ ရှေ့တန်းက တိုက်ပွဲတွေမှာ သူတို့ သေဆုံးသွားတာမျိုး မှန်းဆပြောကြပေမယ့် ဒီကိစ္စမှာတော့ မဖြစ်နိုင် ဘူးလို့ မစ္စ ကွန်နိဗ်က ပြောပါတယ်။
"စစ်ဗိုလ်ချုပ်တွေက ရှေ့တန်းမှာ ရှိနေတယ်လို့ မဆိုနိုင်ပါဘူး။ ဥပမာအားဖြင့် သူတို့ဟာ အကူးအပြောင်း နေရာတွေမှာ ဒါမှမဟုတ် ထောက်ပို့လမ်းကြောင်းတွေကို စစ်ဆေးတဲ့နေရာမျိုးတွေမှာလည်း ရှိနေနိုင်ပါတယ်" လို့ ဘီဘီစီကို သူကပြောပါတယ်။
ရုရှားက ဆုံးရှုံးသွားတဲ့ ဗိုလ်ချုပ်တွေ
တိုက်ပွဲတွေ အပြင်းထန်ဆုံးဖြစ်ခဲ့တဲ့ ယူကရိန်းအရှေ့တောင်ပိုင်းက မာရီယူပိုးလ်မြို့နားမှာ ဗိုလ်ချုပ် အိုလက် မစ်ယိဗ် သေဆုံးခဲ့တယ် လို့ ဆိုကြပါတယ်။
အက်ဇော့ဗ် တပ်ရင်းက သူ့ကို သတ်ဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
သူက ၁၅၀ အမြောက်တပ် စစ်တိုင်းက တပ်မှူးဖြစ်ပြီး ၂၀၁၆ ခုနှစ်မှာ စုဖွဲ့ထားတဲ့ စစ်တိုင်းပါ။ ယူကရိန်းနယ်စပ်နဲ့ နီးတဲ့ ရော့စ်တော့ဗ် ဒေသမှာ အခြေပြုပါတယ်။
အဲဒီ တပ်အစုအဖွဲ့ဟာ ယူကရိန်းအရှေ့ပိုင်းက ခွဲထွက်ရေးအဖွဲ့တွေ ထိန်းချုပ်ရာဒေသတွေက ပဋိပက္ခမှာ ပါဝင်ဖို့အတွက် ဖွဲ့စည်းထားတာလို့ ယူကရိန်းက ဆိုပေမယ့် ရုရှားကတော့ အဲဒီဘက်က တိုက်ပွဲတွေထဲမှာ သူတို့မပါဘူး လို့ ငြင်းပါတယ်။
တပ်ပေါင်းစု တပ်မ ၂၉ က ဗိုလ်ချုပ် အင်ဒရေ ကိုလီယက်စ်နီကော့ဗ် က မတ်လ ၁၁ ရက်နေ့တုန်းက တိုက်ပွဲတွင်း သေဆုံးသွားပြီလို့ ယူကရိန်း ကာကွယ်ရေး သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
သူဘယ်လို သေဆုံးခဲ့သလဲဆိုတာကိုတော့ သူတို့က မပြောပါဘူး။
တပ်ပေါင်းစု တပ်မ ၄၁ က တပ်မှူး ဗိုလ်ချုပ် ဗစ်တာလီ ဂရာ့ဆီမော့ဗ် မတ်လ ၇ ရက်နေ့တုန်းက နိုင်ငံအရှေ့ပိုင်း ခါကိဗ်မြို့ ပြင်ဘက်မှာ သေဆုံးခဲ့ပြီလို့ ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။
ဟာကိဗ်မြို့ဟာ ရုရှားနယ်စပ်နဲ့ နီးပြီး ရုရှားစစ်တပ်ရဲ့ ဆက်တိုက် တိုက်ခိုက်မှုတွေအောက်မှာ ရောက်နေတဲ့ မြို့ပါ။
ဒီစစ်ဗိုလ်ချုပ် ဂရာ့ဆီမော့ဗ် သေဆုံးမှုနဲ့ပတ်သက်ပြီး ရုရှားစစ်တပ်က အရာရှိတွေ ပြောဆိုနေတဲ့ အသံဖိုင်ကို ယူကရန်းစစ်တပ်ဘက်က ဖောက်ချပေးခဲ့ပါတယ်။
ဗိုလ်ချုပ် ဂရာ့ဆီမော့ဗ် ဟာ ဒုတိယအကြိမ်မြောက် ချေချင်းညာ စစ်ပွဲ၊ ဆီးရီးယားက ရုရှားစစ်ဆင်ရေး၊ ၂၀၁၄ ခုနှစ် ခရိုင်းမီးယားကို ဝင်ရောက်သိမ်းပိုက်မှု စတာတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။
ဗိုလ်ချုပ် အင်ဒရေ ဆတ်ကော့ဗက်စကီးက ဗိုလ်ချုပ် ဂျီရက်ဆီမော့ဗ် အောက်က လက်ထောက် တပ်မှူးဖြစ်ပြီး မတ်လ ၃ ရက်နေ့မှာ စနိုက်ပါ လက်ဖြောင့် သေနတ်သမား လက်ချက်နဲ့ သေခဲ့တယ်လို့ ဆိုပါတယ်။
သူလည်း ခရိုင်းမီးယား နဲ့ ဆီးရီးယားက စစ်ဆင်ရေးတွေမှာ ပါဝင်ခဲ့ဖူးပါတယ်။
တခြားစစ်ဗိုလ်ချုပ်တွေ သေဆုံးတဲ့ သတင်းတွေလို မဟုတ်ဘဲ ဗိုလ်ချုပ် ဆတ်ကော့ဗက်စကီး သေဆုံးတဲ့ သတင်းကိုတော့ ရုရှားမီဒီယာ တွေမှာဖော်ပြကြပါတယ်။ ရုရှား သမ္မတ ပူတင်ကလည်း ယူကရိန်းမှာ ဒီစစ်ဗိုလ်ချုပ် သေဆုံးသွားတာကို မိန့်ခွန်းတခုထဲမှာ ထည့်ပြော သွားပါတယ်။