ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရုရှားတပ်တွေ လွယ်လွယ်ရှေ့မတိုးနိုင်အောင်လုပ်မယ်လို့ ယူကရိန်း ဗိုလ်ချုပ်ကြီးတွေပြော
ယူကရိန်း စစ်စခန်းထဲမှာ တနင်္လာနေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကိယက်ဗ်မြို့ ကိုဦးဆောင် ကာကွယ်နေတဲ့ ယူကရိန်း ဗိုလ်ချုပ်နှစ်ဦးက ရုရှားဘက်က အမြောက်တွေနဲ့ အပြင်း အထန်တိုက်ခိုက်နေတာကို သူတို့ ဘယ်လို ခက်ခက်ခဲခဲတွန်းလှန်နေရတယ် ပြီးတော့ ရုရှားကို တိုက်ခိုက်ဖို့ သူတို့မှာ အင်အားရှိတယ်လို့ ဘာကြောင့် ယုံကြည်ပြီး နည်းလမ်းပေါင်းစုံနဲ့ ရုရှားတပ်တွေကို ခုခံတိုက်ခိုက်သွားမယ်ဆိုတာကို ဘီဘီစီကို ရှင်း ပြပါတယ်။
ကိယက်ဗ်မြို့ ဟာ အင်အားကြီးတဲ့ ရုရှားရဲ့ စွမ်းအားမြင့် အဖျက်လက်နက်တွေနဲ့တိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး ပြင်းထန်တဲ့ စစ်ပွဲအခြေအနေနဲ့ လည်း ရင်ဆိုင်နေရပါတယ်။
တနင်္လာနေ့ မနက်ပိုင်းကလည်း ရုရှားဒုံးကျည်တစင်း ကိုးထပ်တိုက်တလုံးကို လာမှန်လို့ အနည်းဆုံးလူတစ်ဦး သေဆုံးပြီး အဆောက်အအုံပြိုကျကာ လူဒါဇင်ပေါင်းများစွာလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဒေသခံအများစုကို ခိုလှုံစရာတွေမပေးနိုင်တဲ့အတွက် အခြေအနေတွေကလည်း ပိုဆိုးလာမယ့် သဘောရှိပါတယ်။
ဒါပေမဲ့ ကိယက်ဗ်မြို့လယ်ခေါင်နဲ့ ဆင်ခြေဖုံးရပ်ကွက် အတော်များများကတော့ ရုရှားဘက်က ပစ်ခတ်တာတွေ ထိမှန်တာမရှိသေးပါဘူး။
အခြားယူကရိန်းမြို့တွေမှာတော့ ဗုံးကြဲတဲ့ ဒဏ် အကြီးအကျယ်ခံနေရပြီး အသေအပျောက်တွေကလည်း အများကြီးရှိနေပါတယ်။
ကိယက်ဗ်မြို့မှာတော့ လူတွေဆက်ရှိဆဲဖြစ်ပေမယ့် တဝက်လောက်က ယူကရိန်းအနောက်ပိုင်းကို ထွက်ပြေးသွားတာတွေ၊ နိုင်ငံထဲကနေ ထွက်သွားတာတွေ ရှိနေပါတယ်။ မြို့ထဲမှာ ကျန်နေသေးတဲ့ သူတွေ အတွက်တော့ ရက်စက်ကြမ်းကြုတ်ဆိုးရွားတဲ့ အတွေ့အကြုံတွေနဲ့ ရှေ့မှာ ကြုံလာရဖို့ရှိနေပါတယ်။
မြစ်ချောင်းတွေနဲ့ စိမ့်မြေတွေက အကာအကွယ်ပေးထား
ကိယက်ဗ်မြို့ကို ကာကွယ်ဖို့ တာဝန်ယူထားတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေက သူတို့အနေနဲ့ ရုရှားဘက်က အမြောက်တွေနဲ့ပစ်တာတွေကို ကြိုးစားကာကွယ်နေတယ်လို့ ပြောနေပေမယ့် ဒုံးကျည်တွေ ကျလာမယ့် အန္တာရယ်ကိုတော့ ကာကွယ်ဖို့ မလွယ်ဘူးဆိုတာလည်း လက်ခံထားကြပါတယ်။
ဒါပေမယ့် မြို့မြေမျက်နှာသွင်ပြင် အနေအထားက သူတို့ဘက်မှာရှိနေတယ်လို့ ဗိုလ်ချုပ်ကြီး အင်ဒရေကရိုက်ရှက်ချင်ကိုက ပြောပါတယ်။ မြို့ကကြီးပြီး ကျယ်ပြန့်တယ်၊ ဒနီဖာမြစ်က မြို့ကို နှစ်ပိုင်းခွဲထားသလို မြစ်လက်တက်တွေကပါ ကြားက ဖြတ်ထားတာ ဖြစ်ပါတယ်။
"မြို့က အလွန်ကြီးတဲ့အတွက် တဖက်ကကြည့်ရင်လဲ ခုခံဖို့ ခက်တယ်။ ဒါပေမယ့် တစ်ဖက်ကကြည့်တော့ လဲ ဒါက ကောင်းတဲ့ လက္ခဏာပါ။ မြို့ကို ချဉ်းကပ်ဖို့လုပ်ရင် မြစ်တွေ တံတားတွေကို ဖြတ်ရမယ်။ ကျွန်တော်တို့တပ်တွေက ကာကွယ်ရေးလိုင်းတွေ ခံတပ်တွေကို တည်ဆောက်ထားပါတယ်" လို့ သူကပြောပါတယ်။
"မြို့တဝိုက်မှာ ဒနီဖာမြစ်ကြီး ထဲကို စီးဝင်တဲ့ မြစ်ငယ်တွေ အများကြီးရှိတယ်။ စိုစွတ်တဲ့ လျှိုမြောင်တွေလဲ အများကြီးရှိတယ်။ ဒါကြောင့် အဲဒီနေရာတွေထဲမှာ တပ်တွေက အကြီးစား လှုပ်ရှားမှုတွေလုပ်လို့ မရဘူးလို့ ဆိုလိုတာပါ။"
ဗိုလ်ချုပ်ကြီး ကရိုက်ရှက်ချင်ကိုဟာ ကိယက်ဗ်မြို့ရဲ့ လက်ထောက်မြို့တော်ဝန်တစ်ဦးလည်းဖြစ်ပြီး လူတွေညီညွတ်အားတက်အောင်၊ ရန်သူတွေ ဒေါသထွက်အောင်၊ မဟာမိတ်တွေက သဘောကျအထင်ကြီးအောင် သမ္မတ ဗလာဒီမာ ဇာလန်းစကီး ဝတ်ထားတဲ့ ဝတ်စုံပြည့်မဟုတ်တဲ့ ပုံစံ စစ်ရောင်ဝတ်စုံကိုပဲ ဝတ်ထားပါတယ်။ ဒီ ဗိုလ်ချုပ်ကြီးကလည်း သမ္မတရဲ့ အကောင်းမြင်မှုပုံစံမျိုး သူ့မှာရှိနေတယ်ဆိုတာ ထုတ်ပြခဲ့ပါတယ်။
သူ့ ရဲ့ အပြောအရ နောက်ထပ်အားသာချက်တစ်ခုက ကိယက်ဗ်မြို့ဟာ စက်မှုမြို့ဖြစ်နေတဲ့အတွက် ခံတပ်တွေ အတွက် လိုအပ်တဲ့ ကွန်ကရစ်တုံးတွေ၊သဲအိတ်တွေ၊ တင့်ကားကိုဖျက်မယ့် ပစ္စည်းတွေ ထုတ်လုပ်ဖို့ စက်ရုံအလုပ်ရုံတွေရှိနေတာပါ။
ဗိုလ်ချုပ်ကြီး ကရိုက်ရှက်ချင်ကိုနဲ့ ဗိုလ်ချုပ်ကြီးကညာဇက်တို့က ရုရှားတိုက်ခိုက်မှုကို တွန်းလှန်ဖို့ ပြင်ဆင်ထားတဲ့ သူတို့ရဲ့အစီအစဥ်တွေကို ဖန်သားပြင်ကြီးကို ထောက်ပြီး ရှင်းပြကြ ပါတယ်။
အနောက်မြောက်ဘက်က တက်လာတဲ့ မိုင် ၄၀ လောက်ရှည်တဲ့ ရုရှားသံချပ်ကာ ကားတန်းကြီးနဲ့ အရှေ့ဘက်ကတက်လာတဲ့ ရုရှား တပ်တွေကို ရပ်တန့်သွားအောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ သူတို့က ရှင်းပြပါတယ်။
အဲ့ဒီတပ်တွေကို ဖြတ်တိုက်ပြီး တကွဲတပြားဖြစ်အောင်လုပ်နိုင်ခဲ့တာကြောင့် စိုးရိမ်စရာမလိုတော့ဘူးလို့လည်း သူတို့က ပြောပါတယ်။
ဗျူဟာမြောက်တံတားတွေကို ဖောက်ခွဲဖျက်ဆီး
အနောက်မြောက်ဘက်ဒေသကို ရုရှားက အဓိက အာရုံစိုက်နေဆဲဖြစ်ပါတယ်။ ဗိုလ်ချုပ် ကညာဇက်က အနီးစပ်ဆုံး ရုရှားခြေလျင်တပ်ဖွဲ့တစ်ဖွဲ့ရောက်နေတဲ့နေရာကို ထောက်ပြပြီး ပြောပါတယ်။ အဲ့ဒီရုရှားတပ်ရောက်နေတဲ့နေရာက ကိယက်ဗ်မြို့လယ်နဲ့ ၁၂မိုင်ပတ် ဝန်းကျင် အကွာက အာပင်မြစ်ရဲ့ တစ်ဖက်ခြမ်း မှာပါ။
ယူကရိန်းတပ်တွေက ဗျူဟာမြောက် တံတားတွေကို ဖောက်ခွဲပစ်ထားပြီး လက်နက် ကောင်းတွေတပ်ဆင်ထားတဲ့ သူတို့တပ်တွေကလည်း အသေအချာ တပ်ဖြန့် နေရာယူထားပါတယ်။
အာပင် မြို့ကနေ ထောင်နှင့်ချီတဲ့ လူတွေ မြစ်ကိုဖြတ်ပြီးထွက်ပြေးလာကြသလို ကျန် နေတဲ့ သူအနည်းငယ်ကလည်း သူတို့ပိုင်ဆိုင်တဲ့ပစ္စည်းတွေအနည်းငယ် သူတို့ ခွေးတွေ၊ ကြောင်တွေနဲ့ မြစ်ကို ဖြတ်လာနေကြပါတယ်။
ဒါပေမဲ့ သူတို့နောက်ကို ရုရှားတွေ လိုက်လို့ မရဘူးလို့ ဗိုလ်ချုပ်ကြီး ကညာဇက်ကပြောပါတယ်။
"အဲ့ဒီနေရာတွေက စိမ့်မြေတွေဖြစ်နေလို့ သူတို့ ဖြတ်လို့မရဘူး။အဲ့ဒီမှာ ယူကရိန်းစစ်သားတွေ မရှိရင် မြစ်ကိုဖြတ်ကူးမယ့် ဗောတံတားကို ရိုးရိုးရှင်းရှင်းပဲ ပစ်ချလိုက်ရုံပဲလေ။ ဒါပေမဲ့ ကျွန်တော်တို့အဲဒီမှာရှိတော့ သူတို့ကို ဖျက်ဆီးပစ်မှာပဲ။"
ကျွန်တော်တို့စကားပြောနေတဲ့ အချိန်မှာပဲ ဒုံးကျည်တစ်စင်းက ပထမတစ်စင်း သိပ်မဝေးတဲ့ အနေရာမှာ ပေါက်ကွဲသွားပါတယ်။ ပေါက်ကွဲတဲ့အသံကို သတင်းစာရှင်းလင်းပွဲလုပ်နေတဲ့ နေရာကနေ ရှင်းရှင်းလင်းလင်း ကြားလိုက်ရပါတယ်။ အငယ်တန်းအရာရှိတစ်ဦးကလည်း "နားထောင်။ဒါက ငါတို့ရဲ့ လေကြောင်းရန်ကာကွယ်ရေးကနေ နောက်ထပ် ပစ်ချလိုက်တဲ့ဟာ "
ဒါပေမဲ့ ဒုံးကျည်ကိုတော့ လေထဲမှာ မဖျက်ဆီးလိုက်နိုင်ပါဘူး။ မြေပြင်ကို ဒုံးကျည်လာ ကျပြီး ဘပ်စ်ကားစပယ်ယာတစ်ဦးသေဆုံးခဲ့သလို ကြီးမားတဲ့ပေါက်ကွဲမှုကြာင့် အဆောက်အဦးတွေလည်း ပြိုကျ ပျက်စီးကုန်ပါတယ်။
ယူကရိန်းစစ်တပ်ရဲ့ အောင်မြင်တဲ့ ခုခံတိုက်ခိုက်မှုက သူတို့ရဲ့မိတ်ဆွေတွေကို တင်မက ရန်သူ တွေကိုတောင် အံ့အားသင့်စေခဲ့ပါတယ်။ ယူကရိန်းသမ္မတနဲ့ သူ့ရဲ့တပ်မှူးတွေကလည်း သူတို့ရဲ့စစ်တပ်နဲ့ ထောင်နဲ့ချီတဲ့ စေတနာ့ဝန်ထမ်းတွေရဲ့ စွမ်းဆောင်မှုကို ကျေနပ်အားရနေကြပါတယ်။