ယူကရိန်းကို ရုရှားကျူးကျော်မှု- မာရီယူပိုးလ်မှာ လူရာပေါင်းများစွာ ရောဂါနဲ့ငတ်မွတ်မှုကြုံတွေ့နေ

မာရီယူပူးမြို့တွင်းတနေရာမှာ သောကြာနေ့က အမြောက်ဆန်ထိမှန်ပေါက်ကွဲစဉ်

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, မာရီယူပူးမြို့တွင်းတနေရာမှာ သောကြာနေ့က အမြောက်ဆန်ထိမှန်ပေါက်ကွဲစဉ်
ရေးသားခဲ့သည်။

အဝိုင်းခံထားရတဲ့ မာရီယူပိုးလ်မြို့က ပြည်သူပိုင်အဆောက်အအုံတွေရဲ့ မြေအောက်ထပ်တွေမှာ လူအမြောက်အမြား ပုန်းခိုနေကြပါတယ်။ ဒါပေမဲ့ အစာရေစာ ပြတ်တောက်နေကြပြီး လူအများအပြားဟာ အရေးပေါ် ဆေးကုသမှုခံယူဖို့ လိုအပ်နေပါတယ်။

"လူတချို့ဆိုရင် ကျည်ဆန်၊ ဗုံးဆန်ထိထားတဲ့ဒဏ်ရာတွေကြောင့် သွေးအဆိပ်သင့်နေကြတယ်ရှင့်" လို့ အသက် ၃၉ နှစ်အရွယ် အနာစတာဆီယာပိုနိုမာရီဗာကပြောပါတယ်။

အနာစတာဆီယာပိုနိုမာရီဗာဟာ ကျောင်းဆရာမ တယောက်ဖြစ်ပြီး စစ်ဖြစ်ကာစကတည်းက မာရီယူပိုးလ်မြို့ကနေ တိမ်းရှောင်လာသူပါ။ ဒါပေမဲ့သူဟာ အခုအချိန်အထိ မာရီယူပိုးလ်က မိတ်ဆွေတွေနဲ့ ဖုန်းအဆက်အသွယ်ရှိနေပါသေးတယ်။

"အခြေအနေက တကယ်အသည်းအသန်" ပါ လို့လည်း သူက ဆိုပါတယ်။

မြို့ကို ရုရှားတပ်တွေက ဝိုင်းထားပြီး အဆက်မပြတ် ပစ်ခတ်ဗုံးကြဲနေလို့ လူပေါင်း ၄ သိန်းလောက် အဲဒီမှာ ပိတ်မိနေတာပါ။ သောက်ရေကလည်းပြတ်ပြီ။ အစားအသောက်လည်း မရှိတော့ဘူး။ ဆေးဝါးပစ္စည်းကလည်း တမုဟုတ်ချင်းကို နည်းလာနေပါပြီ။

မာရီယူပိုးလ်မှာ အနည်းဆုံးအရပ်သား ၂၄၀၀ သေဆုံးပြီးနေပြီလို့ ဒေသအာဏာပိုင်တွေကဆိုပါတယ်။ ဒါတောင် လျှော့ခန့်မှန်းထားတာလို့ သူတို့ကဆိုပါတယ်။

ပိုနိုမာရီဗာရဲ့ မိတ်ဆွေတွေဟာ အဆောက်အအုံတွေရဲ့ မြေအောက်ခန်းတွေထဲမှာ တခြားမိသားစုများစွာနဲ့ အတူရှိနေပါသေးတယ်။ သူတို့အားလုံးကိုယ့်အိမ်ကနေ ထွက်ပြေးလာခဲ့ကြရပါပြီ။ သူတို့အိမ်တွေဆိုတာကလည်း တချို့ကပျက်စီးကုန်ပြီ။ တချို့ကမပျက်သေးပေမဲ့ ဘေးမကင်းကြတော့ပါဘူး။

"မြေအောက်ထပ်တွေမှာနေတဲ့သူတွေဟာ အဲဒီမှာပဲ အမြဲနေရတော့တာ။ အပြင်မထွက်နိုင်ကြတော့ဘူး" လို့ ဒရိုဟိုဘစ်ချ်မြို့ အနောက်ပိုင်းမှာရှောင်နေတဲ့ ပိုနိုမာရီဗာကပြောပါတယ်။

စစ်ပွဲမတိုင်မီ မာရီယူပိုးလ်

ဓာတ်ပုံ ရင်းမြစ်, Yandex/Sergei Orlov

ဓာတ်ပုံ ပုံစာ, စစ်ပွဲမတိုင်မီ မာရီယူပိုးလ်
စစ်ပွဲဖြစ်အပြီး မာရီယူပိုးလ်

ဓာတ်ပုံ ရင်းမြစ်, Yandex/Sergei Orlov

ဓာတ်ပုံ ပုံစာ, စစ်ပွဲဖြစ်အပြီး မာရီယူပိုးလ်

တနေ့တာရဲ့အချိန်တော်တော်များများကို မြေအောက်ခန်းမှာ ပုန်းရှောင်ရင်း ကုန်ဆုံးရပါတယ်။ ကျန်းမာရေးအတွက် အလင်းရောင်ရအောင် အပေါ်ထပ်ကိုတက်ကြပေမဲ့ အပြင်ကိုတော့ ထွက်ခဲလှပါတယ်။ တချို့လူတွေဟာ ဖျားနာနေကြပြီး ကုစရာဆေးဝါးကလည်းမရှိတော့ အခြေအနေက မြန်မြန်ဆန်ဆန်ကို ဆုတ်ယုတ်နေပြီလို့ ပိုနိုမာရီဗာက ဆိုပါတယ်။

"ကျန်းမာရေး အထောက်အကူပေးတဲ့လူလည်း မရှိတော့သလို၊ ပဋိဇီဝဆေးလည်း မရှိတော့ဘူး။"

တချို့လမ်းတွေဟာ အန္တရာယ်သိပ်ကြီးလွန်းလို့ သေသူတွေရဲ့ အလောင်းတွေကိုတောင် ထွက်ကောက်ရဲသူ နည်းနည်းပဲ ရှိပါတယ်။ သေသူအများအပြားကို အစုလိုက်ပဲ သင်္ဂြိုဟ်နိုင်ကြပါတယ်။

ရုရှားရဲ့ အဆက်မပြတ်တိုက်ခိုက်မှုကြောင့် ယူကရိန်းဟာ အခုအခါ ဖုန်းဆိုးမြေဖြစ်သွားပါပြီ။ အမြောက်အမြားပျက်စီးမှုတွေ၊ မီးနဲ့ မီးခိုးတွေ တလူလူထွက်နေတဲ့ တိုက်ခန်းတွေနဲ့ အပျက်အစီးတွေကြားမှာ မည်းနက်နေတဲ့လမ်းတွေကို ဒရုန်းပေါ်က ရိုက်ထားတဲ့ ဓာတ်ပုံဗီဒီယိုတွေထဲမှာ တွေ့ရပါတယ်။

"ဘယ်ဘက်ကမ်းပေါ်မှာ မတ်မတ်ရပ်နေတဲ့ အဆောက်အအုံ မရှိတော့ပါဘူး။ အကုန်လုံး မီးလောင်ပြိုကျ သွားပါပြီ။ မြို့လယ်ခေါင်မြင်ကွင်းဟာ မှတ်မိနိုင်စရာ မရှိတော့ပါဘူး" လို့ ပိုနိုမာရီဗာက ဆိုပါတယ်။

အသက် ၄၀ အရွယ်ရှိတဲ့ ခရစ်ယာန်သင်းအုပ်ဆရာ ဆာဟီးကိုဇီယာကော့ဟာ မာရီယူပိုးလ်မြို့ကနေ လွန်ခဲ့တဲ့ ၂ ပတ်က ထွက်လာပြီး လဗိမြို့ကို ရောက်နေသူဖြစ်ပါတယ်။ သူဟာတခြားမိသားစု ၄ ခုနဲ့အတူ အဆောက်အအုံတခုတည်းမှာ အတူပုန်းခိုခဲ့ပါတယ်။

"လူတွေကသိပ်ကြပ်နေပြီး စားစရာကလည်း လောက်အောင် မရှိတော့ဘူး။ သိပ်အေးတော့ လူတွေ ဖျားကုန်ကြပြီး တယောက်ဘေးမှာ တယောက် လှဲနေကြရတယ်" လို့ သူက ပြောပါတယ်။

လူတွေက အဲဒီနေရာကနေ အလွန်အမင်း လွတ်မြောက်ချင်နေကြတာပါ။ မာရီယူပိုးလ်မြို့နယ်ကောင်စီရဲ့ အဆိုအရ မတ်လ ၁၅ ရက် အင်္ဂါနေ့မှာ မာရီယူပိုးလ်မြို့ကနေ ကားအစီး ၂၀၀၀ ထွက်ခွာလာနိုင်ပြီး နောက်ထပ် အစီး ၂၀၀၀ က ထွက်ခွာဖို့ အသင့်စောင့်ဆိုင်းနေပါတယ်။ ဒါဟာမြို့သူမြို့သားတွေကို ဒုတိယအကြိမ်ထွက်ခွာခွင့်ပြုခဲ့တာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့တကြိမ်ထွက်ခွာဖို့ အစီအစဉ်က ပျက်သွားခဲ့ပါတယ်။ အရပ်သားတွေ ထွက်ခွာမယ့်လမ်းကြောင်းမှာ အပစ်ရပ်စဲဖို့ ရုရှားနဲ့ သဘောတူထားပေမဲ့ ရုရှားဘက်က ကတိဖျက်ပြီး တိုက်ခိုက်ခဲ့လို့ အစီအစဉ်ပျက်ရတာလို့ ယူကရိန်းက စွပ်စွဲပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလည်း သွင်းခွင့်မပြုပါဘူး။

ဗီဒီယို ပုံစာ, ယူကရိန်းလူမျိုးမဟုတ်တဲ့ ပြည်ပနိုင်ငံကလူတွေ ခုခံစစ်မှာပါဖို့ ယူကရိန်းကိုထွက်ခွာ

"အခြေအနေက တနာရီထက်တနာရီ ပိုပြီး ဆိုးဝါးခက်ခဲလာနေတယ်" လို့ မာရီယူပိုးလ်မြို့ရဲ့ လက်ထောက်မြို့တော်ဝန် ဆာဂေးအော်လော့ကဆိုပါတယ်။

"အစားအစာ၊ ရေ၊ ဆေးဝါး၊ အင်ဆူလင်၊ မွေးကင်းစကလေးအစားအစားတွေက မလုံလောက်ကြတော့ဘူး။ လူတိုင်းမှာ လိုအပ်ချက်တွေနဲ့ ဖြစ်ကုန်ပြီ။ ကျွန်တော်တို့ဆီကို ဖုန်းတွေခေါ်ကြတယ်။ ကလေးအမေတယောက်က ဆက်တယ်။ ကျွန်မလက်ထဲကကလေးဟာ အစာငတ်လို့သေပါတော့မယ်တဲ့။ နောက်တယောက်က သူ့လိပ်စာကိုပြောပြီး မြေအောက်ခန်းထဲပိတ်မိနေပါတယ်။ ဘာလုပ်ရမလဲတဲ့။ ကံဆိုးတာက ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ဘူးဗျ" လို့ ဆာဂေးအော်လော့ဗ်က ဆိုပါတယ်။

အစားအသောက်ဆေးဝါး အထောက်အကူပေးမယ့် ကားတွေဟာ တန်းစီစောင့်နေတာ ၄ ရက်ကြာပါပြီ။ ဒါပေမဲ့ ရုရှားတပ်တွေက ဝင်ခွင့်မပေးသေးပါဘူး။

မြေအောက်ခန်းထဲရောက်နေတဲ့မိသားစုကတော့ ပေါက်ကွဲသံတွေကို သူတို့ကြားနေကြရတယ်လို့ သင်းအုပ်ဆရာကိုပြောပါတယ်။ ဒါပေမဲ့သူတို့အဆောက်အအုံတော့ ပြိုမကျသေးဘူးလို့ဆိုပါတယ်။ သူတို့မှာ မီးစက်တလုံးရှိလို့ ဖုန်းတွေကို အဲဒါနဲ့အားသွင်းကြရပါတယ်။ ဖုန်းပြောချင်ရင် စွန့်စားပြီး အပြင်ထွက် ပြောကြရပါတယ်။

"ပစ်ခတ်နေတာက ရပ်တယ်လို့ မရှိတော့ သူတို့ ကြောက်နေကြတယ်" လို့ သင်းအုပ်ဆရာက ပြန်ပြောပါတယ်။

"အခြေအနေက သိပ်ခက်ခဲတယ်ရှင့်" ဒီအခက်အခဲကို ကျော်လွှားနိုင်ဖို့ဆိုရင် လူသားအရေးအကူအညီပေးဖို့ အပစ်ရပ်လမ်းကြောင်း ဖွင့်ပေးမှ ဖြစ်မှာပါ။ "အဲသလို မဟုတ်ရင် တဖြည်းဖြည်း အစာငတ်၊ ရေငတ်တာနဲ့ သေကြရတော့မှာ" လို့ ပိုနိုမာရီဗာက ဆိုပါတယ်။

မာရီယူပိုးလ်တိုက်ပွဲကိန်းဂဏန်းများ

  • အရပ်သားသေဆုံး ၂၄၀၀
  • စုပြုံမြေမြှုပ်သောနေရာ ၂ နေရာ
  • ရေမီးဓာတ်ငွေ့ပြတ်တောက် ၁၃ ရက်
  • ညအပူချိန် -၅ ဒီဂရီစင်တီဂရိတ် ၂၃ ဒီဂရီဖာရင်ဟိုက်
  • မတ်လ ၁၄ ရပ်နေ့မှာထွက်ခွာနိုင်တဲ့ အရပ်သား ကား ၁၆၀ စီး
  • ကျန်ရှိဆဲလူဦးရေ ၄ သိန်း

(ရင်းမြစ်။ ။ မာရီယူပိုးလ်ကောင်စီ၊ အီးယူ၊ ဘီဘီစီသုတေသန၊ မတ်လ ၁၅ ရက်)