ရုရှား ယူကရိန်းဆွေးနွေးနေချိန်မှာပဲ ယူကရိန်းမြို့တော် ကိယဗ် တိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Anton Gerashenko/Telegram
ရုရှားက ယူကရိန်းကို ဝင်ကျူးကျော်တာ ၁၉ ရက်မြောက်လာနေပြီး ရုရှားနဲ့ ယူကရိန်းအကြား လေးကြိမ် မြောက် ဆွေးနွေးညှိနှိုင်းကြတာတွေလည်း စတင်နေပါပြီ။
ယူကရိန်းအစိုးရဘက်က ညှိနှိုင်းရေးမှူး မီခေးလ်လို ပိုဒိုယက်ခ် က ဆွေးနွေးညှိနှိုင်းရတာ သိပ်ခက်ခဲတယ်လို့ ဆိုပါတယ်။
နှစ်ဖက်စလုံးက သူတို့ရဲ့ သီးသန့် ရပ်တည်ချက်တွေကို ဘောင်ခတ်ချပြထားကြတယ်လို့ သူက ပြောပါတယ်။
ယူကရိန်းဘက်က တင်ပြထားတာကတော့ အပစ်အခတ် ရပ်စဲရေးလုပ်ပြီး ရုရှားတပ်တွေ နိုင်ငံအတွင်းက ချက်ချင်း ဆုတ်ခွာပေးဖို့ ဖြစ်ပါတယ်။
သဘောတူညီချက် မူကြမ်းရဖို့ဖြစ်နိုင်ပါတယ်လို့ တော့ နှစ်ဖက်စလုံးက မကြာသေးခင်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဆွေးနွေးမှု ၃ ကြိမ် စလုံးကတော့ လူသာချင်းစာနာမှု အရေးကိစ္စတွေကိုသာ အထူးအလေးဂရုထားခဲ့ကြတာပါ။
သမ္မတပူတင်နဲ့ တိုက်ရိုက်စကားပြောချင်တဲ့ ယူကရိန်းသမ္မတက လုပ်ငန်းစဉ်က ခက်ခဲနေပေမယ့် မလုပ်မဖြစ် လုပ်ရမယ့် လုပ်ငန်းစဉ်လို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, State Emergency Service of Ukraine
ယူကရိန်းမြို့များစွာက အရပ်သားနေထိုင်ရာ ဧရိယာတွေကို ရုရှားက ဆက်ပြီး ဗုံးကြဲနေပါတယ်။
တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးသွားခဲ့ပြီး တခြားလူအတော်များများလည်း ဒဏ်ရာရသွားပါတယ်။
မြို့တော်ကိယက်ဗ်က လူနေ ၉ ထပ်တိုက်ခန်း အဆောက်အအုံ တစ်ခု ဒီမနက်မှာ ဗုံးမှန်တာကြောင့် မီးတွေလောင်နေခဲ့ပါတယ်။ ကိယဗ်မြို့တိုက်ခိုက်ခံရမှုမှာ တစ်ဦးသေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရခဲတယ်လို့ လည်း ယူကရိန်းဘက်ပြောပါတယ်၊
အန်တိုနော့ဗ် လေယာဉ် စက်ရုံလည်းဗုံးထိမှန်ခဲ့ပါပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။
ရုရှားက အရပ်သားတွေ နေရာကို ဗုံးကြဲနေတဲ့ ရည်ရွယ်ချက်က သူတို့ အဲဒီ ဧရိယာကို တိုက်ခိုက်သိမ်းပိုက်ဖို့ လွယ်ကူသွားအောင် လုပ်နေတာလို့ ကိယက်ဗ်မှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
ယူကရိန်းက သူတို့တပ်ဖွဲ့တွေ အနေနဲ့ ခုခံတဲ့နေရာတွေမှာ ရှိနေကြပြီး ရုရှားတပ်တွေရဲ့ နောက်ပိုင်းက ထောက်ပံ့ရေးလမ်းကြောင်းတွေကို တိုက်ခိုက်နိုင်အောင် ကြိုးစားနေကြတယ်လို့ ယူကရိန်းအစိုးရ က ပြောပါတယ်။
ယူကရိန်းက ခွဲထွက်ကြောင်းကြေညာထားပြီး ရုရှားက လွတ်လပ်တဲ့ နိုင်ငံတွေအဖြစ် အသိအမှတ်ပြုတယ်လို့ ပြောတဲ့ ဒွန်းညက်ဒေသမှာ ယူကရိန်းဘက်က ပစ်ခတ်မှုကြောင့် အရပ်သား ၂၀ ခန့်သေဆုံးပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဘက်ကပြောပါတယ်။
ဘီဘီစီအနေနဲ့ ဒီသတင်းနဲ့ပတ်သက်လို့ သီးခြားအတည်ပြုနိုင်တာမျိုးတော့ မရှိသေးပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Serhiy Orlov
ယူကရိန်းတောင်ပိုင်း မာရီယူပိုးလ်း မြို့က နေထွက်ပြေးလွတ်မြောက်လာကြတဲ့ လူတွေက ရုရှားတို့ မြို့ကို ဝန်းရံ ပိတ်ဆို့တိုက်ခိုက်နေတာကြောင့် ဖြစ်လာတဲ့ ဆိုးရွားမှုတွေကို ဘီဘီစီ သတင်းထောက်တွေကို ပြောပြကြပါတယ်။
ဆိုင်တွေ၊ ဆေးဆိုင်တွေ လုယက်ခံရတာတွေ ဖြစ်နေသလို၊ အစားအစာနဲ့ ရေပြတ်တောက်တာတွေ ဖြစ်နေတယ်လို့လည်း သူတို့က ပြောပါတယ်။
မာရီယူပိုးလ်မြို့က ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးဆေးရုံ ဗုံးဒဏ်ထိပြီးနောက်ပိုင်း ကယ်ဆယ်ကယ်ထုတ်ပေးစဉ် ကမ္ဘာ့မီဒီယာတွေမှာ ပါခဲတဲ့ ကိုယ်ဝန်သည်အမျိုးသမီးဟာ သူ့ကလေးနဲ့ အတူသေဆုံးသွားပြီလို့ အေပီ သတင်းဌာနက ရေးပါတယ်။
ရုရှားတွေရဲ့ သတ်ဖြတ်မှုကြောင့် အရပ်သား ၂၅၀၀ ကျော် သေဆုံးခဲ့ရပြီလို့ ယူကရိန်းက ပြောပါတယ်။
ပိုလန် နယ်စပ်နားမှာရှိတဲ့ ယူကရိန်း စစ်အခြေစိုက် စခန်းကို တနင်္ဂနွေနေ့ တုန်းက ရုရှားက မစ်ဇိုင်းနဲ့ ပစ်တာဟာ နေတိုးကို ခြိမ်းခြောက်ဖို့ လုပ်တာဖြစ်တယ်လို့ ပိုလန်က သတ်မှတ်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ပိုလန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး မာချက် ပီဇ်ဒတ်ဇ်က နေတိုးအဖွဲ့ဝင် နိုင်ငံနားက ပစ်မှတ်ကို တိုက်ခိုက်တာဖြစ်ပြီး မဟာမိတ် အဖွဲ့တစ်ခုလုံးကို ခြိမ်းခြောက်လိုက်တဲ့ သတင်းစကား ကို ပါးလိုက်တာလို့ ပြောပြီး အဲဒီလုပ်ရပ်ဟာ အတော့ကိုရန်စတဲ့ လုပ်ရပ်လို့ ဘီဘီစီ ကို ပြောပါတယ်။
ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး ဒီမက်ထရို ကုလက်ဘာ က လက်နက်တွေ သူတို့ကို ပိုပြီးထောက်ပံ့ဖို့နဲ့ ရုရှားကို အရေးယူပိတ်ဆို့တာတွေ ထပ်လုပ်ဖို့ ထပ်ပြီး တောင်းဆိုလိုက်ပါတယ်။
သမ္မတ ပူတင် အရှုံးတွေ့သွားအောင် လုပ်မှသာ နောက်ထပ် ကြီးမားတဲ့ ပဋိပက္ခကို ရှောင်လွှဲနိုင်မှာလို့ လည်း သူက ဆိုပါတယ်။
ယူကရိန်းကို တင့်ကား ဖျက် လက်နက် နောက်ထပ် ၃၆၀၀ ကို ပို့မယ်လို့လည်း ဗြိတိန်က ပြောပါတယ်။








