ယူကရိန်းစစ်အခြေစိုက်စခန်းတစ်ခုကို ရုရှားက ဒုံးကျည်နဲ့ပစ်လို့ လူ ၃၅ ဦးသေဆုံး

ရေးသားခဲ့သည်။

ယူကရိန်းနိုင်ငံထဲကို ရုရှားတပ်တွေရဲ့ ကျူးကျော်တိုက်ခိုက်မှုဟာ ၁၈ ရက်မြောက်နေ့မှာ ယူကရိန်းနိုင်ငံအနောက်ဘက်ရှိ ပစ်မှတ်တွေအထိကို ကျယ်ပြန့်လာပါခဲ့တယ်။

ပိုလန်နယ်စပ်အနီးက ယာ့ဗာရိဗ်မြို့ ရှိ စစ်အခြေစိုက်စခန်းတစ်ခုကို ရုရှားက မစ်ဆိုင်းဒုံးကျည်တွေနဲ့ ပစ်ခတ်မှုကြောင့် လူ ၃၅ ဦး သေဆုံးခဲ့ တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

ယာ့ဗာရိဗ် မြို့က အဲဒီစခန်း တိုက်ခိုက်ခံရမှုအတွင်း ထိခိုက်ဒဏ်ရာရသူ ၁၃ဝ ကျော်ရှိတယ်လို့လည်း ဒေသ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီအဆောက်အအုံဟာ နိုင်ငံခြားက တိုက်ခိုက်ရေးသမားတွေကို လေ့ကျင့်ပေးတဲ့နေရာ ဖြစ်ပြီး လက်နက် သင်္ဘောတွေအတွက် အခရာကျတဲ့ မြို့ဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

စစ်ပွဲမဖြစ်ခင်က နေတိုးခေါ် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့နဲ့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေ၊ လေ့ကျင့်သင်ကြားပေးမှုတွေ လုပ်ခဲ့တဲ့ မြို့လည်း ဖြစ်ပါတယ်။

နိုင်ငံခြားက သင်တန်းဆရာတွေ အဲဒီမှာ အလုပ်လုပ်ကြတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒါပေမဲ့ အဲဒီမှာ ဘယ်သူတွေ ရှိလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

အနောက်နိုင်ငံတွေကနေ ယူကရိန်းနိုင်ငံဆီ ပေးပို့တဲ့ လက်နက် ယာဉ်တန်းတွေကို တရားဝင် စစ်ရေးပစ်မှတ်တွေအဖြစ် သတ်မှတ်တော့မယ်လို့ ရုရှားဘက်က သတိပေးပြီးနောက် တစ်ရက်အကြာမှာ အခုလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံရဲ့ အနောက်ပိုင်းက အခြားမြို့ တစ်မြို့ဖြစ်တဲ့ အိုင်ဗန်နို ဖရန့်ခ်ဗ်စ်က လေဆိပ်ကိုလည်း ရုရှားတပ်တွေက ဆက်လက်တိုက်ခိုက်နေတယ်လို့ မြို့တော်ဝန်က ပြောပါတယ်။

ရုရှားနိုင်ငံက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုတွေကြောင့် ထွက်ပြေးလာသူတွေ အတွက် အနောက်ဘက်ဒေသက အဓိက ခိုလှုံနေတဲ့နေရာ လဗီးမြို့မှာ တိုက်ခိုက်မှုတွေ မရှိသေးပေမယ့် လေကြောင်းတိုက်ခိုက်မှုဆိုင်ရာ အချက်ပေး ဥသြသံတွေ ဒီကနေ့ ထွက်ပေါ်လာခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရုရှားတပ်တွေ ဝိုင်းထားတဲ့ ယူကရိန်း မြို့တော် ကိယဗ်မြို့ရဲ့ မြောက်ဘက် ဆင်ခြေဖုံးဒေသတွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်လို့ သိရပါတယ်။

ယူကရိန် မြောက်ပိုင်းက ချားနစ်မြို့မှာတော့ လူတစ်ဦးသေဆုံးခဲ့ပြီး လူနေတိုက်ခန်းတွဲအဆောက်အအုံတစ်ခု ရုရှားတို့ တိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့တယ်လို့ ဒေသ အာဏာပိုင်တွေက ပြောပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်း တောင်ဘက်က အချက်အချာကြတဲ့ မာရီယူပိုလ် ဆိပ်ကမ်းကို ဝိုင်းထားသလို မြောက်ပိုင်းရှိ နိုင်ငံရဲ့ ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို လည်း ဝိုင်းထားဖို့ကြိုးပမ်းနေတယ်လို့ ယူကရိန်း ကာကွယ်ရေးအရာရှိတွေက ပြောပါတယ်။

ခါကိဗ်မြို့ ဟာ ရုရှားတပ်တွေရဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်မှုအချို့ကို ကြုံတွေ့ခဲ့ရပါတယ်။ ဗီဒီယိုရုပ်ပုံတွေမှာ တွေ့ရတာကတော့ မြို့ရဲ့ လမ်းမကြီးတွေဟာ ဗုံးကြဲခံရလို့ အကြီးအကျယ်ပျက်စီးနေပြီး အဆောက်အအုံတွေ အများအပြားလည်း ပြိုကျပျက်စီးနေတာကို တွေ့ရပါတယ်။

ရုရှားတပ်တွေဝန်းရံထားတဲ့ ယူကရိန်းနိုင်ငံ တောင်ပိုင်းဆိပ်ကမ်းမြို့ မာရီယိုပိုမြို့က ဒေသခံတွေကို ကယ်ထုတ်ဖို့ ကြိုးပမ်းချက် အများအပြား မအောင်မမြင် ဖြစ်ခဲ့ရပေမဲ့ ဆက်လက်လုပ်ဆောင်နေကြပါတယ်။

အဲဒီမြို့ဟာ ရုရှားတွေရဲ့ ဗုံးကြဲတိုက်ခိုက်မှု၊ ဝိုင်းပြီးပိတ်ဆို့ထားမှုတွေကို သီတင်းနှစ်ပတ်ကြာ ခံခဲ့ရပြီး ဒေသခံတွေဟာလည်း အင်မတန် တုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ အခြေအနေတွေကို ရင်ဆိုင်ဖြတ်သန်းနေရပါတယ်။

ဒေသခံပြည်သူတွေဟာ အစာရေစာ ငတ်မွတ်မှု၊ ရေဓာတ်ခမ်းခြောက်မှုတို့ကြောင့် သေဆုံးနိုင်တဲ့ အန္တရာယ်မှာ ရှိနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့တွေက သတိပေးထားပါတယ်။

အစားအစာ ထောက်ပံ့မှုတွေ မဖြစ်မနေ လိုအပ်တဲ့ အခြေအနေမှာ ရှိနေပြီး တချို့သူတွေဟာ သောက်စရာရေ ရဖို့ အခန်းအပူပေးစက်တွေကနေ ရေဖောက်သောက်နေတယ်လို့လည်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မာရီယိုပိုမြို့အတွင်းက အရပ်သား ၁၅ဝဝ ကျော် သေဆုံးခဲ့တယ်လို့ ဒေသ အာဏာပိုင်တွေက မကြာသေးမီတုန်းက ပြောဆိုထားပါတယ်။

အဲဒီမှာ လူသားချင်းစာနာထောက်ထားတဲ့ ကြိုးပမ်းချက်တွေကို ရုရှားတွေက ပိတ်ဆို့နေတယ်လို့ ယူကရိန်းဘက်က အပြစ်ဖို့ထားပေမယ့် ရုရှားဘက်ကတော့ ငြင်းဆန်ထားပါတယ်။

တောင်ပိုင်း မှာ မဟာဗျူဟာကျတဲ့ အိုဒက်ဆာ ဆိပ်ကမ်းအနီးက လေယေးမြို့ကို လေကြောင်းမှ တိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် လူကိုးဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

ရုရှားတွေရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက Orthodox ယူကရိန်းဘုန်းတော်ကြီးကျောင်းတစ်ကျောင်းလည်း ပျက်စီးသွားခဲ့ပါတယ်။

မနေ့ညက ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် တံခါးတွေနဲ့ ပြတင်းပေါက်တွေ ပြုတ်ထွက်သွားခဲ့ပြီး လူတချို့ထိခိုက်ဒဏ်ရာရခဲ့ကာ ဆေးရုံတက်ကုသဖို့ လိုမယ့် သူတချို့လည်း ရှိတယ်လို့ ဆရာတိုဟစ်ခ် (Svyatohirsk) မြို့က ဘုန်းတော်ကြီးကျောင်းရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ယူကရိန်းအစိုးရ ထိန်းချုပ်ထားတဲ့ ဒိန်းနက်ခ် (Donetsk) ဒေသတွင်းမှာရှိတဲ့ အဲဒီ ဘုန်းတော်ကြီးကျောင်းမှာ ကလေးငယ် ၂ဝဝ အပါအဝင် ဒုက္ခသည် ၅ဝဝ ကျော် ခိုလှုံနေကြပါတယ်။

ရုရှားတပ်ဖွဲ့တွေဟာ အနီးအနားမှာရှိတဲ့ ကယ်ဆယ်ရေး ရထားကိုလည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်း မီးရထားဌာနတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း ရထားတွဲစောင့်တစ်ဦး သေဆုံးခဲ့ကာ တစ်ဦးဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။

ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က သူ့အဆို ယူကရိန်းနိုင်ငံတွင်းမှာ လူအစုအလိုက်သတ်ဖြတ်မှုကို အဆုံးသတ်ဖို့ အနူးအညွှတ် မေတ္တာရပ်ခံလိုက်ပါတယ်။

စိန့်ပီတာ ရင်ပြင်က ထောင်နဲ့ချီတဲ့ ဘုရားဖူးလာရောက်သူတွေကို မိန့်ကြားရာမှာ ရုရှားကျူးကျော်မှုဟာ လက်သင့်မခံနိုင်တဲ့ စစ်ရေး ရန်လိုမှု ဖြစ်တယ်လို့ ညွှန်းဆိုလိုက်ပြီး ယူကရိန်းမြို့တွေ လူသေသင်္ချိုင်းတွေ ဖြစ်မသွားခင် ဒါကို အဆုံးသတ်ရမယ်လို့လည်း ပုပ်ရဟန်းမင်းကြီးက မိန့်ပါတယ်။

ဘေးအန္တရာယ်ကင်းတဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီ လမ်းကြောင်းတွေအတွက်လည်း တောင်းဆိုလိုက်ပြီး ဆေးရုံတွေနဲ့ အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ရိုင်းစိုင်းတဲ့ လုပ်ရပ်တွေအဖြစ် ရှုတ်ချလိုက်ပါတယ်။