ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်း ရုရှား ကျူးကျော်မှု - ၁၄ ရက်မြောက်နေ့ နောက်ဆုံးရသတင်းများ
ရုရှားနဲ့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး နှစ်ဦး တွေ့မယ်
ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေအိ လက်ဗရော့ဗ်နဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမက်ထရို ကူလီဗာ တို့ဟာ တူရကီနိုင်ငံမှာ တွေ့ဆုံဖို့ရှိတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုပြောကြားခဲ့ပါတယ်။
ဒါဟာ ဖေဖော်ဝါရီ ၂၄ ရက် ယူကရိန်းကို ရုရှားကျူးကျော်မှု စတင်ကတည်းက နှစ်နိုင်ငံကြား နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပထမဆုံးတွေ့ဆုံမှုလည်းဖြစ်ပါတယ်။
တူရကီနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ နိုင်ငံတကာ သံတမန်ဖိုရမ်ကို ရုရှားနိုင်ငံခြားရေးဝန်ကြီးက တက်ရောက်ဖို့ရှိပြီး အဲ့ဒီမှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဖို့စီစဥ်ထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာဇာကရိုဗာ က ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းမှာ ပြောကြားခဲ့တာကို ကိုးကားပြီး ရုရှားနိုင်ငံပိုင် သတင်း RIA Novosti က ပြောပါတယ်။
ဒီအစည်းအဝေးကို တူရကီနိုင်ငံခြားရေးဝန်ကြီး မယ်ဗလွတ်ချာလွတ်ရှိုလူး က သူနဲ့အတူ ရုရှား ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးတွေ သုံးပွင့်ဆိုင်တွေ့ဖို့ စားပွဲဝိုင်းမှာ တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်တွေရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေပြုလုပ်နေတာရှိပေမဲ့ ယခုအချိန်အထိ ခိုင်မာတဲ့ သဘောတူညီချက်မရသေးဘဲ စိန်ခေါ်မှုတွေ ရှိနေခဲ့ပါတယ်။
ချာနိုဘိုင် အဏုမြူ ဓာတ်ပေါင်းဖို မီးပျက်
ချာနိုဘိုင် အဏုမြူဓာတ်ပေါင်းဖို စက်ရုံဟောင်းမှာ လျှပ်စစ်မီး ပြတ်တောက်သွားပြီလို့ Ukrenerho ယူကရိန်း စွမ်းအင် ကုမ္ပဏီက ပြောပါတယ်။
စက်ရုံကို အရင်နှစ်ပတ်ကတည်းက ဝင်စီးထားတဲ့ ရုရှားတပ်တွေကြောင့် မီးပြတ်တာလို့ ယူကရိန်းဘက်က အပြစ်တင်ပါတယ်။
ကမ္ဘာ့ အဆိုးဆုံး အဏုမြူ မတော်တဆမှု ၁၉၈၆ က ဖြစ်ခဲ့တဲ့ နေရာမှာ စစ်ဖြစ်နေလို့ ပြင်ဆင်မှုတွေ မလုပ်နိုင်ကြောင်းလည်း ကုမ္ပဏီက ဆိုပါတယ်။
ဒီစက်ရုံမှာ လုံးဝ မီးပြတ်သွားရင် သုံးဖို့ အရန်အဖြစ် ထားတဲ့ အရေးပေါ် ဒီဇယ် အင်ဂျင်စက်တွေ ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အဏုမြူ စောင့်ကြည့်အဖွဲ့က ဆိုပါတယ်။
ယူကရိန်း နယ်မြေ ၆ ခုက အရပ်သားတွေ ကယ်ထုတ်ဖို့ ၁၂ နာရီကြာ အပစ်ရပ်
စစ်ဒဏ်အဆိုးဆုံး ခံရတဲ့ နယ်မြေ ခြောက်ခုက အရပ်သားတွေ ထွက်နိုင်ဖို့ ရုရှားဘက်က ၁၂ နာရီ ယာယီအပစ်ရပ်စဲရေး ယူဖို့ သဘောတူကြောင်း ယူကရိန်း ဒုတိယဝန်ကြီးချုပ် အယ်ရီညာ ဗာရာရှုက ပြောပါတယ်။
အဲ့ဒီနေရာ ၆ ခုမှာ ယူကရိန်းမြို့တော် ကိယဗ်မြို့ နဲ့ အနီးက အီယာပင် ဟတ်စတိုးမဲ တို့ပါဝင်သလို တောင်ပိုင်း မာရီယူပိုလ်းမြို့နဲ့ အရှေ့မြောက်ပိုင်း ဆူမီမြို့တို့လည်းပါဝင်ပါတယ်။
ရုရှားဘက်က ဒီကတိကို လိုက်နာဖို့လည်း သူက တောင်းဆိုခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ ကိယဗ်မြို့တော် ဆင်ခြေဖုံး အပါအဝင် မြို့ ကြီး တော်တော်များများ မှာ ဒီညပိုင်းအထိ အရပ်သားတွေ ကယ်ထုတ်ဖို့အတွက် လူမှုကူညီရေး လမ်းကြောင်းတွေ ဖွင့်ပေးနိုင်ဖို့ ခုလို အပစ်ရပ် သဘောတူခဲ့တာပါ။
ဒီရက်ပိုင်းအတွင်း ရုရှား ဗုံးဒဏ်ကို ကြောက်လို့ ဒီလူမှုကူညီရေးလမ်းကြောင်းတွေကနေ လူထောင်နဲ့ချီ ထွက်ပြေးခဲ့ကြပါတယ်။ တချို့နေရာတွေမှာတော့ ထွက်ပေါက်လမ်းတွေကို ရုရှားဘက်က ဗုံးကြဲတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ပြီးခဲ့တဲ့ရက်ကတော့ လူသားချင်းစာနာမှုကူညီပေးရေးလမ်းကြောင်းတွေကနေ မြို့တွေမှာ ပိတ်မိနေသူ ၇၀၀၀ လောက်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။
ရုရှားလေကြောင်းပစ်ခတ်မှုကြောင့် ဆူမီမြို့မှာ ၂၂ ဦးသေဆုံး
ရုရှားတပ်ဖွဲ့တွေရဲ့ လေကြောင်းကတိုက်ခိုက်မှုကြောင့် ယူကရိန်းအရှေ့မြောက်ပိုင်းက ဆူမီမြို့မှာ တနင်္လာနေ့က လူ ၂၂ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ဆူမီမြို့က လူနေရပ်ကွက်တစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီတိုက်ခိုက်မှုကို လူအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုဖြစ်တယ်လို့ ဆူမီမြို့ကဒေသအုပ်ချုပ်ရေးမှူးက ပြောပါတယ်။
"တစ်ညနေထဲ ဗုံးသုံးလုံး... ဆိုးရွားတဲ့ည" လို့ သူရဲ့ လူမှုကွန်ရက် တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။
အိမ်တစ်အိမ်ထဲက လူကိုးဦး သေဆုံးခဲ့ပြီး နေအိမ်ခြောက်လုံးလုံးဝ ပျက်စီးခဲ့ပြီး နောက်ထပ် ၂၀ ခန့် လည်းထိခိုက် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဒီကနေ့မှာတော့ ရုရှားက ဆူမီ မြို့ထဲပိတ်မိနေတဲ့ လူတွေကယ်ထုတ်ရေးအစီအစဉ်တွေ ပစ်ခတ်မှုတွေ ခေတ္တရပ်ထားဖို့ ဆက်ပြီး သဘောတူတာကြောင့် ဆူမီမြို့က လူ ၅၀၀၀ လောက်ကို ဘေးလွတ်ရာကို နေရာရွေ့ပြောင်း မှုတွေလုပ်နေတယ်လို့ သိရပါတယ်။
ယူကရိန်းကို တရုတ်က ထောက်ပံ့ရေး အကူအညီတွေပေး
တရုတ်နိုင်ငံက ရုရှားကို ထောက်ခံပြီး ယူကရိန်းကို ကျူးကျော်မှုကို ရှုတ်ချဖို့ ငြင်းဆန်ခဲ့ပေမယ့် ယူကရိန်းကို ထောက်ပံ့ရေး အကူအညီတွေ ပေးပို့ခဲ့ပါတယ်။
ဒေါ်လာ တစ်သန်းအောက် လျော့တဲ့ ဒီအကူအညီတွေကြောင့် ရုရှားနဲ့ ယူကရိန်းကြား တရုတ်ရဲ့ ဆက်ဆံရေး ကို ညီမျှအောင် ကြိုးစားတဲ့ပုံ ပေါက်နေပါတယ်။
ပထမအသုတ် အကူပစ္စည်းတွေကို တရုတ်ကြက်ခြေနီက တစ်ဆင့် ပို့ပေးပြီး ဘီဂျင်းက ဒီကနေ့ ထွက်ခွာသွားပါတယ်။
ပေးပို့တဲ့ပစ္စည်းတွေမှာ အစားအစာနဲ့ အိုးခွက် စောင်နဲ့ တဘက်လို နေ့စဉ်သုံးပစ္စည်းတွေ ပါပါတယ်။
ယူကရိန်းကို မကျူးကျော်ခင်ကတော့ ရုရှားရဲ့ လုံခြုံရေး ကြောင့်ကြမှုကို တရုတ်က ထောက်ခံခဲ့ပါတယ်။ စစ်စဖြစ်ပြီးနောက်ပိုင်းမှာတော့ တရုတ်က ရုရှားကို အပြည့်ထောက်ခံဖို့ ငြင်းပယ်ခဲ့ပါတယ်။
ရုရှား အစိုးရနဲ့ ပတ်သက်သူတွေကို အီးယူက ပိတ်ဆို့မှုတွေလုပ်မယ်
အီးယူ ဥရောပ သမဂ္ဂက ရုရှားအစိုးရနဲ့ ပတ်သက်သူ တစ်ရာရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းပြီး ပြည်ဝင်ခွင့်တွေ ပိတ်ဖို့ အပါအဝင် လူပုဂ္ဂိုလ်အလိုက် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ကြေညာဖို့ ရှိတယ်လို့ အီးယူ နိုင်ငံခြားရေးနဲ့ လုံခြုံရေး ထိပ်တန်း တာဝန်ခံ က ပြောကြား ခဲ့ပါတယ်။
ရုရှားရဲ့ အဓိက မဟာမိတ် ဖြစ်တဲ့ ဘယ်လားရုစ်က ဘဏ် သုံးခု ကို လည်း SWIFT နိုင်ငံတကာ ဘဏ်ငွေပေးစနစ်ကနေ ပိတ်ဆို့ဖို့ မျှော်လင့်ရပါတယ်။
ဒီကနေ့ အစောဆုံး တရားဝင် ဆုံးဖြတ်ချက် တစ်ခု ချနိုင်ကြောင်း စထရာဘိုးမြို့က ဥရောပ ပါလီမန်မှာ မစ္စတာ ဘူရဲ ပြောကြား ခဲ့ပါတယ်။
အီးယူဟာ ရုရှားသတင်းဌာနတွေကို စိစစ်ဖြတ်တောက်မှုကြောင့် သတင်းလွတ်လပ်ခွင့်ကို ကန့်သတ်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကိုလည်း သူက ပယ်ချခဲ့ပါတယ်။
ဒီမီဒီယာတွေမှာ လွတ်လပ်မှု မရှိတဲ့အတွက် လက်နက်လို ဖြစ်လာတယ်လို့ မစ္စတာ ဘူရဲက ဆိုပါတယ်။
ကိယဗ်သံစုံတီးဝိုင်းမြို့တော်ရင်ပြင်မှာ ဖျော်ဖြေ
ကိယဗ်သံစုံတီးဝိုင်းအဖွဲ့ဝင်တွေက မြို့တော်ရဲ့ လွတ်လပ်ရေးရင်ပြင်မှာ လက်တန်း ဖျော်ဖြေ တီးခတ်ခဲ့ကြပါတယ်။
ဦးထုပ်ဆောင်းပြီး ကုတ်အင်္ကျီတွေ ဝတ်ထားကြတဲ့ ဒီဝိုင်းတော်သားတွေဟာ ရေခဲအောင် အေးတဲ့ အပူချိန်မှာ အီးယူအဖွဲ့ရဲ့ သီချင်းဖြစ်တဲ့ ဘီသိုဗင်ရေးစပ်တဲ့ ပျော်ရွှင်မှု အပါအဝင် တေးအပိုင်းအစတွေကို တီးခတ်ခဲ့ကြတာပါ။
လူအနည်းစုက လာပြီး သူတို့နားမှာ ယူကရိန်းအလံတွေ ဝှေ့ယမ်းခဲ့ကြပါတယ်။
နိုင်ငံအပေါ်မပျံသန်းရဇုန် သတ်မှတ်ဖို့ ယူကရိန်းအစိုးရရဲ့ တောင်းဆိုမှုကို အားပေးချင်လို့နဲ့ စစ်ပြီးစေချင်လို့ ဒီလို တီးခတ်တာလို့ ဝိုင်းခေါင်းဆောင်က ပြောပါတယ်။