ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းကို ရုရှား ကျူးကျော်မှု- ၁၃ ရက်မြောက်နေ့ နောက်ဆုံးရသတင်းများ
ရုရှားက အပစ်ရပ်ပြီး အရပ်သားတွေ ကယ်ထုတ်ဖို့ လမ်းဖွင့်ပေး
ယူကရိန်းမြို့တော် ကိယဗ် အပါအဝင် ဆူမီ မာရီယူပိုလ် ခါကိဗ်နဲ့ ချားနစ်ဖ် မြို့တွေက ပိတ်မိနေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်စေဖို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ထုတ်ရေးလမ်းကြောင်းအစီအစဉ်တွေကို ရုရှားဘက်ကဖွင့်လှစ်ပေးလိုက်ပြီလို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနကတစ်ဆင့် သိရပါတယ်။
အဲဒီမတိုင်ခင် ကြိုးပမ်းခဲ့တဲ့ ယူကရိန်းနိုင်ငံထဲက မြို့တွေမှာ ပိတ်မိနေတဲ့ အရပ်သား စစ်ဘေးဒုက္ခသည်တွေကို ကယ်ထုတ်ရေး အစီအစဥ်ဟာ ပစ်ခတ်တိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့တာကြောင့် ကယ်မထုတ်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံထဲက အရပ်သားဒုက္ခသည်တွေ ကယ်ထုတ်ရေးတွက် ဒီကနေ့ ဂရင်းနစ်စံတော်ချိန် ၇ နာရီ မှာ စတင်ပြီး အပစ်ရပ်ထားတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ပြောတယ်လို့ Interfax သတင်းဌာနကပြောပါတယ်။
ရုရှားဘက်က ယူကရိန်းနိုင်ငံထဲပိတ်မိနေတဲ့ အရပ်သားတွေဟာ ရုရှားနဲ့ ဘယ်လားရုစ်နိုင်ငံတွေဘက်က ထွက်ခွာနိုင်မှာဖြစ်တယ်လို့ ဆိုပြီးလမ်းကြောင်းဖွင့်ပေးဖို့ မနေ့က ပြောခဲ့ပါတယ်။
ကုလသမဂ္ဂမှာ မတ်လ ၇ ရက်နေ့က ပြုလုပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ လမ်းကြောင်းတွေ ဖွင့်ပေးရေး အစည်းအဝေးမှာ ရုရှားသံအမတ်ကြီးက အရပ်သားတွေထွက်လို့မရအောင် ရုရှားဘက်က ပိတ်ထားတာမရှိဘူးလို့ ပြောခဲ့ပြီး ဒီကနေ့ မတ်လ ၈ ရက် မှာဖွင့်ပေးတဲ့ အဲ့ဒီလမ်းကြောင်းတွေဟာ ရုရှားဘက်ကို ဦးတည်တယ်ဆို့ပေမယ့် ယူကရိန်းဘက်ကို သွားလိုက သွားနိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။
ရုရှားဘက်က အဆိုပြုတဲ့ ဘယ်လားရုစ် နဲ့ ရုရှားနိုင်ငံဘက်ကို ယူကရိန်း ဒုက္ခသည်တွေကို ဘေးကင်းရာကို ထွက်ပြေးခွင့်ပြုဖို့ ရုရှားအစိုးရရဲ့ အကြံပြုချက်ဟာ လုံးဝယုတ်မာပြီး စေတနာမမှန်တဲ့ အကြံပြု ပြောဆိုချက် ဖြစ်တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။
ဆူမီနဲ့ အီယာပင်မြို့က လူတွေကို ဘေးလွတ်ရာကို ရွှေ့ပြောင်း
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ ကိယက်ဗ်မြို့အနောက်ဘက်က အီယာပင်မြို့ နဲ့ အရှေ့မြောက်ပိုင်း ဆူမီမြို့က ပိတ်မိနေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးလျက်ရှိတယ်လို့သိရပါတယ်။
အဲ့ဒီ မြို့တွေအတွင်း ပိတ်မိနေတဲ့သူတွေကို ကိယက်ဗ်မြို့ဘက်ကို ရွှေ့ပြောင်းပေးနေတယ်လို့ လုပ်ဆောင်နေကြောင်း ဒေသဆိုင်ရာ အကြီးအကဲတစ်ဦးက ပြောပါတယ်။
ဒေသစံတော်ချိန် ၉ နာရီခွဲခန့်က အဲဒီမြို့က လူပေါင်း ၁၅၀ ကျော်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးထားခဲ့တယ်လို့ လည်းဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမြောက်ဒဏ်တွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ အီယာပင်မြို့ကနေ မနေ့ကလည်း လူ နှစ်ထောင်လောက် ထွက်ပြေးလာနိုင်ခဲ့တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။
ဆူမီမြို့က အရပ်သားတွေထွက်ခွင့်ရ
ရုရှားက ဗုံးကြဲတာ ရပ်ပေးဖို့ သဘောတူလိုက်တဲ့အတွက် ယူကရိန်းမှာ အဝိုင်းခံထားရတဲ့ ဆူမီမြို့က အရပ်သားတွေ စပြီး ထွက်နေကြပါပြီ။
ရုရှားနယ်စပ်နဲ့ဝေးတဲ့ ပိုလ်တာဗာ မြို့က ဘတ်စ်ကားနဲ့ တခြားယာဉ်တန်း တခုလည်း ထွက်လာပါတယ်။
ဒီထွက်ပြေးလာသူတွေထဲမှာ နိုင်ငံတကာ ကျောင်းသားတွေလည်း ပါပါတယ်။
ရုရှား ဖွင့်ပေးမယ့် ယူကရိန်းတခြားနေရာတွေက လူမှုကူညီရေး လမ်းကြောင်းတွေကတော့ အကောင်အထည် မပေါ်သေးပါဘူး။
တောင်ပိုင်းက မာရီယူပိုလ် မြို့မှာ တပတ်လောက် သုံးစရာရေမရှိဘဲ ပိတ်မိနေတဲ့ အရပ်သားတွေကို ကယ်ဖို့ ကားတန်း လွှတ်လိုက်တယ်လို့လည်း ယူကရိန်း သမ္မတ ဇယ်လန်းစကီးက ပြောပါတယ်။
အဲဒီမြို့မှာ ရေပြတ်ပြီး ကလေးတယောက် သေဆုံးတယ်လို့လည်း ဆိုပါတယ်။
တစ်ဖက်နဲ့တစ်ဖက် အပစ်ရပ်စဲရေး ချိုးဖောက်တယ်လို့ စွပ်စွဲကြရင်း ဘေးကင်းတဲ့ လမ်းဖွင့်ပေးဖို့ ကြိုးစားမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲကြောင့် ထွက်ပြေးလာသူ နှစ်သန်းကျော်ပြီ
ယူကရိန်းစစ်ပွဲကြောင့် ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက်ဟာ နှစ်သန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ဘီဘီစီကို ပြောပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက နိုင်ငံမှာ အစုလိုက်အပြုံလိုက် အစုလိုက်အပြုံလိုက် ထွက်ခွာမှုဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အလျင်မြန်ဆုံး ကြီးထွားလာနေတဲ့ ဒုက္ခသည် အကျပ်အတည်းလို့ ပြောခဲ့ပါတယ်။
စုစုပေါင်း လူ လေးသန်းအထိ ယူကရိန်းနိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနိုင်တယ်လို့ ဥရောပသမဂ္ဂက ခန့်မှန်းထားပါတယ်။
ယူကရိန်းက ဒုက္ခသည်တွေဟာ ပိုလန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ မော်လ်ဒိုဗာ အပါအဝင် အနောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကို ဖြတ်ကျော် ဝင်ရောက်လျက် ရှိနေပါတယ်။
ယူကရိန်းနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တစ်သန်းကျော် လောက်ဟာ အခုအခါ အိမ်နီးချင်း ပိုလန်နိုင်ငံမှာ ခိုလှုံနေကြပါတယ်။
ရုရှား ထိပ်တန်းဗိုလ်ချုပ်တစ်ဦး တိုက်ပွဲကျ
ယူကရိန်းနိုင်ငံထဲက ခါကိဗ်မြို့အနီး တိုက်ပွဲအတွင်း ရုရှားစစ်တပ်က ထိပ်တန်းဗိုလ်ချုပ်တစ်ဦး တိုက်ပွဲမှာကျဆုံးခဲ့တယ်လို့ ယူကရိန်း ရဲ့ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဘီဘီစီအနေနဲ့ ဒီသတင်းနဲ့ပတ်သက်ပြီး သီးခြား အတည်မပြုနိုင်သလို ရုရှားအရာရှိတွေဘက်က လည်း မှတ်ချက်ပေးပြောဆိုခြင်းလည်းမရှိပါဘူး။
ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ဗိုလ်ချုပ် ဗီတိုင်လီ ဂရာဆီမော့ဟာ ၊ ရုရှားစစ်တယ် အမှတ် ၄၁ တပ်က ထိပ်တန်းစစ်ဘက်ဆိုင်ရာ အရာရှိကြီးတစ်ဦးလည်းဖြစ်ပါတယ်။
ဒါ့အပြင် ရုရှားစစ်တပ်က အခြား အကြီးတန်း အရာရှိ အများအပြားလည်း သေဆုံးပြီး ဒဏ်ရာများ ရရှိခဲ့တယ်လို့ ယူကရိန်းဘက် ပြောပါတယ်။
ဗိုလ်ချုပ် ဗီတိုင်လီ ဂရာဆီမော့ဟာ ဒုတိယ ချေချင်းညှာစစ်ပွဲနဲ့ ဆီးရီးယားရှိ ရုရှားစစ်တပ် စစ်ဆင်ရေးများမှာ ပါဝင်ခဲ့တဲ့သူဖြစ်တယ် လို့ ယူကရိန်းထောက်လှမ်းရေးဘက်က ပြောပါတယ်။
ရှဲလ် ကုမ္ပဏီ ရုရှားကနေ ထွက်မယ်
ရှဲလ် Shellစွမ်းအင် ကုမ္ပဏီ ဟာပြီးခဲ့တဲ့ သီတင်းပတ်ကုန်ပိုင်းက ရုရှားနိုင်ငံက ကုန်ကြမ်း ရေနံစိမ်းဝယ်ယူမှုတွေအတွက် တောင်းပန်လိုက်ပြီး ကုမ္ပဏီရဲ့ ရုရှားနိုင်ငံက ဝယ်ယူမှုတွေရပ်တော့မယ်လို့ ကတိပေးလိုက်ပါတယ်။
ရုရှားနိုင်ငံအတွင်း ဖွင့်လှစ်ထားတဲ့ အရောင်းဆိုင်တွေနဲ့ ကုမ္ပဏီရဲ့ လက်ရှိလုပ်ငန်းတွေအားလုံးကို ပိတ်သိမ်းတော့မယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ရက်က ရုရှားနိုင်ငံက ရေနံစိမ်းတွေကို အထူးလျှော့စျေးနဲ့ ဝယ်ယူပြီးတဲ့နောက်မှာ Shell ကုမ္ပဏီဟာ အကြီးအကျယ်ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်။
"ရုရှားရေနံစိမ်းကို တင်သွင်းဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ မှန်ကန်မှု မရှိကြောင်းနဲ့ အဲ့ဒီအတွက် ဝမ်းနည်းမိပါတယ်" လို့ Shell ရှဲလ်ကုမ္ပဏီရဲ့ အကြီးအကဲ မစ္စတာ Ben van Beurden က ပြောကြားခဲ့ပါတယ်။
ရုရှား ဓာတ်ငွေ့လုပ်ငန်းနဲ့ အဆက်အဆံ ဖြတ်တောက်နေပေမယ့် ဒီလို အဆက်ဖြတ်ဖို့ ရှုပ်ထွေးပြီး တခြားစွမ်းအင်လုပ်ငန်းတွေဆီ ပြောင်းဖို့ အချိန်ယူလိမ့်မယ်လို့လည်း ရှဲလ်က သတိပေးထားပါတယ်။
ကျန်တဲ့ ရုရှားရေနံက ရတဲ့ အမြတ်အားလုံးကို ယူကရိန်း လူမှုကူညီရေးအတွက် လှူသွားမယ်လို့လည်း ရှဲလ်က ပြောပါတယ်။
တောင်ပိုင်း မာရီယူပိုလ်မြို့က အရပ်သားကယ်ထုတ်ရေး လမ်းကြောင်းပစ်ခတ်ခံရ
ရုရှားတပ်ဖွဲ့တွေ ဝိုင်းထားတဲ့ ယူကရိန်းတောင်ပိုင်း မာရီယူပိုလ်မြို့က ပိတ်မိနေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခံနေရတယ်လို့ သတင်းတွေရပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ ပိတ်မိနေတဲ့ အရပ်သားတွေကယ်ထုတ်ရေးလမ်းကြောင်းဖြစ်တဲ့ မာရီယူပိုလ်နဲ့ အရှေ့မြောက်ဘက် 225 ကီလိုမီတာ (139 မိုင်) ကွာဝေးတဲ့ ဇာပိုရစ်ယူရှားမြို့ကြားကို ပစ်ခတ်မှုတွေလုပ်နေခဲ့တာဖြစ်တယ်လို့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ထရပ်ကား ရှစ်စီးနဲ့ ဘတ်စ်ကား အစီး ၃၀ တို့ဟ, မာရီယူပိုလ် မြို့ကို လူသားချင်းစာနာမှု အကူအညီများ ပေးပို့ဖို့နဲ့ ဇာပိုရစ်ယူရှားမြို့ကို အရပ်သားတွေ ရွှေ့ပြောင်းဖို့ လမ်းကြောင်းပေါ် ရောက်နေပြီဖြစ်တယ်လို့ သူကပြောပါတယ်။
ရုရှားတပ်တွေ အဝိုင်းခံထားရတဲ့ ယူကရိန်းတောင်ပိုင်း မာရီယူပိုလ်အရပ်သားတွေဟာ သောက်သုံးရေ နဲ့ လျှပ်စစ်မီးမရှိဘဲ အဲ့ဒီနေရာမှာနေထိုင်နေရတာဟာ တစ်ပတ်နီးပါးရှိပြီဖြစ်ပြီး စားနပ်ရိက္ခာများ ပြတ်တောက်လျက်ရှိတယလို့ ဆိုပါတယ်။
နိုင်ငံတောင်ပိုင်း မာရီယူပိုလ် ဆိပ်ကမ်းမြို့တမြို့ထဲကတင် အရပ်သား ၃ သိန်းလောက်ကို အရေးပေါ် ကယ်ထုတ်ဖို့ လိုနေတယ်လို့ ယူကရိန်းဘက်ကပြောပါတယ်။
ထိုင်းမှာပိတ်မိနေတဲ့ ရုရှားနဲ့ ယူကရိန်းခရီးသွားတွေကို ထိုင်းအစိုးရက သက်တမ်းတိုးပေး
ထိုင်းမှာ ပိတ်မိနေကြတဲ့ ရုရှားနဲ့ ယူကရိန်း ခရီးသွား ခုနစ်ထောင်ကျော်အတွက် ဗီဇာသက်တမ်းတိုးပေးမယ်လို့ ထိုင်းအစိုးရက ကမ်းလှမ်းလိုက်ပါတယ်။
စစ်ကြောင့် ပြန်မရဘဲ ထိုင်းမှာ သောင်တင်နေကြတာ ဖြစ်ပြီး ငွေပြတ်နေသူတွေကို အကူအညီပေးမယ်လို့လည်း ထိုင်းအစိုးရက ကြေညာခဲ့ပါတယ်။
ဒိုမီနီကန်နဲ့ အီဂျစ်အပါအဝင် ကမ္ဘာတလွှားမှာ အပန်းဖြေခရီးသွားရင်း စစ်ဖြစ်လို့ ပြန်မရတဲ့ ရုရှားနဲ့ ယူကရိန်းသားတွေ ထောင်နဲ့ချီ ရှိနေပါတယ်။