ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းအရေး ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့တာဟာ စစ်ကြေညာတာပဲလို့ ပူတင်ပြော
ယူကရိန်းနိုင်ငံအပေါ် ရုရှားဘက်က ကျူးကျော်ဝင်ရောက်တာနဲ့ ပတ်သက်လို့ အနောက်နိုင်ငံတွေက ချမှတ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ စစ်ကြေညာတာနဲ့ အလားသဏ္ဍာန်တူတယ်လို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ပြောပါတယ်။
“ဒါပေမဲ့ အဲဒီလို ဖြစ်မလာသေးတဲ့အတွက် တော်သေးတာပေါ့” လို့လည်း သူက ဆိုပါတယ်။
ယူကရိန်းနိုင်ငံအပေါ် လေယာဥ်မပျံသန်းရ နယ်မြေ “ no-fly zone” သတ်မှတ်ဖို့ ကြိုးပမ်းချက်တွေကိုလည်း လက်နက်ကိုင် ပဋိပက္ခထဲမှာ ပါဝင်ပတ်သက်မှုတခုလို့ ယူဆမယ့်အကြောင်း မစ္စတာ ပူတင်က သတိပေးလိုက်ပါတယ်။
ရုရှားနိုင်ငံမှာ အရေးပေါ် အခြေအနေ ဒါမှမဟုတ် စစ်အုပ်ချုပ်ရေး မာရှယ်လော သတ်မှတ်မယ်ဆိုတဲ့ ပြောဆိုမှုတွေကိုလည်း ပယ်ချလိုက်ပါတယ်။
မော်စကိုမြို့တော်အနီးက အယ်ရိုဖလော့ (Aeroflot) လေကြောင်းလိုင်း လေ့ကျင့်ရေးစင်တာမှာ အမျိုးသမီး လေယာဥ်အမှုထမ်းတွေကို မိန့်ခွန်းပြောကြားရာမှာ မစ္စတာ ပူတင်က အခုလို မှတ်ချက်ပေးပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၁၀ ရက်က ရုရှား ကျုးကျော်ဝင်ရောက်မှု စပြီးနောက်ပိုင်း အနောက်နိုင်ငံတွေက ရုရှားအပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ အများအပြား ချမှတ်ခဲ့ပါတယ်။
အဲဒီထဲမှာ နိုင်ငံခြားမှာရှိတဲ့ မစ္စတာ ပူတင်ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်တာနဲ့ နိုင်ငံတကာ ငွေကြေးပေးချေမှုစနစ်ကနေ ရုရှားဘဏ်တချို့ကို ထုတ်ပယ်လိုက်တာလည်း ပါဝင်ပါတယ်။
ကမ္ဘာ့တလွှားမှာရှိတဲ့ ကုမ္ပဏီကြီးတွေကလည်း လုပ်ငန်းလည်ပတ်မှုတွေကို ရုရှားမှာ ရပ်ဆိုင်းလိုက်ပါတယ်။ စနေ့နေ့ကတော့ Zara၊ Paypal (ပေးပါ) နဲ့ Samsung (ဆမ်ဆောင်း) ကုမ္ပဏီကြီးတွေကလည်း ရုရှားမှာ ရောင်းဝယ်ဖောက်ကားမှုတွေကို ဆိုင်းငံ့လိုက်တဲ့ အခုနောက်ဆုံး ကမ္ဘာကျော် တံဆိပ်တွေ ဖြစ်ပါတယ်။
စီးပွားရေး ပိတ်ဆို့မှုတွေကြောင့် ရုရှားငွေကြေး ရူဘယ် တန်ဖိုး ကျဆင်းသွားခဲ့သလို ရုရှားဗဟိုဘဏ်ကလည်း အတိုးနှုန်းတွေ နှစ်ဆ မြင့်တက်ခဲ့ရပါတယ်။
ယူကရိန်းစစ်ပွဲဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ ပြဖို့အတွက် မစ္စတာ ပူတင်ကြိုးပမ်းနေပါတယ်။
ရုရှားဘာသာစကားပြောဆိုကြတဲ့ အဲဒီက လူမှုအသိုင်းအဝိုင်းကို ကာကွယ်ဖို့ သူကြိုးပမ်းနေတာ ဖြစ်တယ်လို့ သူ့ရဲ့ အခိုင်အမာယုံကြည်ချက်ကိုလည်း ထပ်လောင်း ပြောဆိုခဲ့ပါတယ်။
ရုရှားစစ်တပ်ရဲ့ ထိုးစစ်ဆင်မှုဟာ မှန်းထားတာထက် ပိုပြီး အားနည်းနေပြီလို့ဆိုတဲ့ အနောက်နိုင်ငံတွေက စစ်ရေး ကျွမ်းကျင်သူတွေရဲ့ စွပ်စွဲပြောဆိုမှုတွေကိုလည်း မစ္စတာ ပူတင်က “ကျွန်တော်တို့ စစ်တပ်ဟာ လုပ်ငန်းတာဝန်အားလုံးကို ကျေပွန်အောင် ဆောင်ရွက်ပါလိမ့်မယ်။ ဒါနဲ့ပတ်သက်လို့ သံသယလုံးဝမရှိပါဘူး။ စီစဥ်ထားတဲ့အတိုင်း အားလုံးဖြစ်မှာပါ” လို့ တုံ့ပြန်လိုက်ပါတယ်။
ပရော်ဖက်ရှင်နယ် စစ်သားတွေသာ တိုက်ပွဲတွေမှာ ပါဝင်တိုက်ခိုက်နေတာ ဖြစ်ပြီး အတင်းအဓမ္မစစ်မှုထမ်းခိုင်းသူတွေ မပါဝင်ဘူးလို့လည်း သူက ပြောပါတယ်။
ဒါပေမဲ့ မစ္စတာ ပူတင်ရဲ့ပြောဆိုချက်တွေဟာ သတင်းတွေနဲ့တော့ ဆန့်ကျင်နေပါတယ်။
ယူကရိန်းနိုင်ငံထဲမှာ လေယာဥ်မပျံသန်းရ နယ်မြေ “no-fly zone” သတ်မှတ်ဖို့ ကြိုးပမ်းချက်တွေကို စစ်ရေးပဋိပက္ခထဲ ခြေတလှမ်း လှမ်းလိုက်တာ လို့ ရုရှားဘက်က ယူဆပြီး ရန်သူကို တိုက်ခိုက်ချေမှုန်းသလို တုံ့ပြန်သွားမယ်လို့လည်း မစ္စတာပူတင်က ပြောပါတယ်။
“လက်ရှိ ခေါင်းဆောင်တွေအနေနဲ့ အခု သူတို့လုပ်နေသလို ဆက်လုပ်နေမယ်ဆိုရင် ယူကရိန်း အချုပ်အခြာအာဏာပိုင်နိုင်ငံရဲ့ အနာဂတ်ကို အန္တရာယ်ကျရောက်အောင် လုပ်နေတာပဲဆိုတာ နားလည်ဖို့ လိုတယ်” လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမီးယား ဇယ်လန်းစကီးကတော့ ယူကရိန်းအပေါ် လေယာဥ်မပျံသန်းရ နယ်မြေ မသတ်မှတ်ခဲ့တဲ့အတွက် နေတိုး မြောက်အတ္တလန်တိတ်စာချုပ်အဖွဲ့ကို ဝေဖန်ပြစ်တင်ထားပါတယ်။
ဒါပေမဲ့ အနောက်နိုင်ငံခေါင်းဆောင်တွေကတော့ ဒီလုပ်ဆောင်ချက် ချမှတ်တာဟာ စစ်ရေးပိုမိုတင်းမာနိုင်တယ်လို့ ပြောပါတယ်။
ရုရှားမှာ စစ်အုပ်ချုပ်ရေး မာရှယ်လော ချမှတ်ဖို့ အစီအစဥ် မရှိဖူးလို့လည်း မစ္စတာ ပူတင်က ပြောပါတယ်။
“စစ်ရေးလှုပ်ရှားမှုလုပ်ဖို့ သတ်မှတ်ထားတဲ့ နေရာမှာ ပြည်ပ ကျူးကျော်ရန်လိုတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်လာမှသာ အဲဒီလို လုပ်ဆောင်သွားမယ်လို့လည်း ဆိုပါတယ်။
“ဒါပေမဲ့ အဲဒီလို အခြေအနေမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ဖြစ်မလာဘူးလို့လည်း မျှော်လင့်တယ်” လို့ ပြောပါတယ်။
ပုံမှန်ပြဌာန်းထားတဲ့ တရားဥပဒေကို ဆိုင်းငံ့လိုက်တာ ဒါမှမဟုတ် အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို စစ်တပ်က ထိန်းချုပ်လိုက်တဲ့ စစ်အုပ်ချုပ်ရေး သတ်မှတ်ဖို့ မစ္စတာ ပူတင်က ပြင်ဆင်နေတယ်ဆိုတဲ့ ထင်ကြေးပေး ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။
ပြင်ပ ခြိမ်းခြောက်မှု အများအပြား ရှိလာခဲ့ရင် အသုံးပြုနိုင်တဲ့ တခြား အထူးအရေးအပေါ် အခြေအနေတွေ ရှိခဲ့တယ်။ ဒါပေမဲ့ သူ့အနေနဲ့ ဒါတွေ သတ်မှတ်ပြဌာန်းဖို့ အစီအစဥ်မရှိခဲ့ဖူးလို့ ပြောပါတယ်။
တချိန်တည်းမှာပဲ ဒီပဋိပက္ခရဲ့ ပြင်ပကနေ သံခင်းတမန်ခင်း ကြိုးပမ်းချက်တွေလည်း ဆက်ရှိနေပါတယ်။
အစ္စရေး ဝန်ကြီးချုပ် နာ့ဖ်တာလီ ဘန်းနက် (Naftali Bennett) ဟာ မစ္စတာ ပူတင်နဲ့ စနေနေ့က မော်စကိုမြို့မှာ တွေ့ဆုံခဲ့သလို စစ်ပွဲအကြောင်း သုံးနာရီကြာ ဆွေးနွေးခဲ့ကြပါတယ်။
အဲဒီနောက် မစ္စတာ ဘန်းနက်ဟာ ဂျာမန် ဝန်ကြီးချုပ် အိုလာ့ဖ် ရှော့ဖ်နဲ့ တွေ့ဆုံဖို့ ဘာလင်မြို့ကို သွားရောက်မှာ ဖြစ်ပါတယ်။
ရှေးရိုးစွဲ ဂျူးလူမျိုးတယောက်ဖြစ်တဲ့အတွက် အဲဒီလို ခရီးနှင်ဖို့ Shabbat လို့ခေါ်တဲ့ အပတ်စဥ်အနားယူတဲ့ ရိုးရာဓလေ့ကို မစ္စတာ ဘန်းနက် ချိုးဖျက်ရမှာ ဖြစ်ပါတယ်။
ဂျူးဘာသာဝင်တို့ရဲ့ ဥပဒေအရ လူ့အသက်တချောင်း ဆုံးရှုံးမယ့် အန္တရာယ်နဲ့ ရင်ဆိုင်ရမှာသာ အဲဒီလို သွားလာခွင့်ရှိတာ ဖြစ်ပါတယ်။
အစ္စရေးဟာ အမေရိကန်နိုင်ငံရဲ့ အဓိက မဟာမိတ်ဖြစ်ပေမယ့် မစ္စတာ ဘန်းနက်ကတော့ ရုရှားနဲ့ ရှိထားတဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဂျူးလူမျိုးတယောက်ဖြစ်တဲ့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးကတော့ ဒီအရေးမှာ ကြားဝင်ဖြေရှင်းပေးဖို့ အစ္စရေးကို တောင်းဆိုထားပါတယ်။
တခါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်သနီ ဘလင်ကင်ကလည်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမက်ထရို ကူလီဘ (Dmytro Kuleba) နဲ့ တွေ့ဆုံခဲ့ပြီး ရုရှားတို့ကို ခုခံကာကွယ်နေတဲ့ သူ့ရဲ့ သတ္တိကို လေးစားအံ့သြရကြောင်း ပြောဆိုခဲ့ပါတယ်။
သူတို့နှစ်ဦးဟာ ပိုလန် ယူကရိန်းနယ်စပ်မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်၊
မစ္စတာ ကူလီဘကတော့ ယူကရိန်းအပေါ် လေယာဥ်မပျံသန်းရ နယ်မြေ သတ်မှတ်ပေးဖို့ အပါအဝင် နေတိုးအဖွဲ့ဘက်က စစ်ရေးထောက်ပံ့မှုကို ပိုမိုပေးအပ်ဖို့ သူ့ရဲ့ ဆန္ဒနဲ့ ယုံကြည်မှုကို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။