ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းကို ရုရှားကျူးကျော်မှု - ၁၂ ရက်မြောက်နေ့ နောက်ဆုံးရသတင်းများ
ယူကရိန်း ဒုက္ခသည်တွေကို ဘယ်လားရုစ်နဲ့ ရုရှားဘက်ကထွက်ဖို့ ရုရှားလမ်းဖွင့်ပေး
ယူကရိန်းနိုင်ငံထဲမှာ ပိတ်မိနေတဲ့ အရပ်သားတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းနိုင်စေဖို့အတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ထုတ်ရေးလမ်းကြောင်းအစီအစဉ်တွေကို ရုရှားဘက်က ပြောလာပါတယ်။
ရုရှားနိုင်ငံက RIA Novosti သတင်းဌာနက ထုတ်ပြန်တဲ့ အဲ့ဒီကယ်ထုတ်ရေးအစီအစဉ်မှာ ယူကရိန်းနိုင်ငံထဲပိတ်မိနေတဲ့ အရပ်သားတွေဟာ ရုရှားနဲ့ ဘယ်လားရုစ်နိုင်ငံတွေဘက်က ထွက်ခွာနိုင်မှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ယူကရိန်းမြို့တော် ကိယဗ်ကနေ အရပ်သားတွေကို ကယ်ထုတ်မယ့် အစီအစဉ်လမ်းကြောင်းဟာ ရုရှားမဟာမိတ် ဘယ်လားရုစ်ဘက်ကိုပဲ ထွက်ခွာနိုင်ပြီး ဒုတိယအကြီးဆုံးမြို့ခါကိဗ်မြို့က အရပ်သားတွေကတော့ ရုရှားနိုင်ငံဘက်ကို ဦးတည်တဲ့ လမ်းကြောင်းတစ်ခုသာ ရှိမှာဖြစ်တယ်လို့သိရပါတယ်။
ယူကရိန်းတောင်ပိုင်း မာရီယူပိုလ်နဲ့ဆူမီ မြို့တွေက ကယ်ထုတ်ရေးအစီအစဉ်ကလည်း အခြားသော ယူကရိန်းမြို့တွေကနေ ရုရှားနိုင်ငံဘက်ကို ဦးတည်သွားမှာဖြစ်တယ်လို့ AFP သတင်းကရေးပါတယ်။
ရုရှားဘက်က အဆိုပြုတဲ့ ဘယ်လားရုစ် နဲ့ ရုရှားနိုင်ငံဘက်ကို ယူကရိန်း ဒုက္ခသည်တွေကို ဘေးကင်းရာကို ထွက်ပြေးခွင့်ပြုဖို့ ရုရှားအစိုးရရဲ့ အကြံပြုချက်ဟာ လုံးဝယုတ်မာပြီးစေတနာမမှန်တဲ့ အကြံပြု ပြောဆိုချက် ဖြစ်တယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။
ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုဒဏ်ကို ခံနေရတဲ့ မြို့ကြီးတွေမှာ ပိတ်မိနေသူတွေကို ယူကရိန်းပိုင်နက်နယ်မြေတွေဆီကိုပဲ ထွက်ပြေးခွင့် ပြုသင့်တယ်လို့ ယူကရိန်းအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။
ဒါဟာ ပြင်သစ်သမ္မတ အီမန်ဝဲလ် မက်ခွန်ရဲ့ ပန်ကြားချက်အတိုင်း သူတို့ အကြံပြုခဲ့တာဖြစ်တယ်လို့ ရုရှားအစိုးရက ပြောပါတယ်။
ဒါပေမဲ့ ယူကရိန်း ဒုတိယဝန်ကြီးချုပ် အီရာနာ ဗရက်ရှ်ချပ်ခ် ကတော့ ရုရှားအစိုးရဟာ ပြင်သစ်သမ္မတကို အသုံးချဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
လူသားချင်း စာနာတဲ့ ကယ်ဆယ်ရေး လမ်းကြောင်းတွေကို ရုရှားဘက်က ချမှတ်စရာ မလိုဘဲ ယူကရိန်း အစိုးရ ချမှတ်ထားတဲ့ ကယ်ဆယ်ရေး လမ်းကြောင်းတွေကိုသာ ရုရှားအစိုးရက လိုက်နာ ဆောင်ရွက်ဖို့ သူက တောင်းဆိုလိုက်ပါတယ်။
အဲဒီကယ်ဆယ်ရေး လမ်းကြောင်းတွေကနေ လူတွေကို ကယ်ထုတ်ဖို့ အစီအစဉ် စတင်လိုက်ပြီလို့ ထုတ်ဖော် ကြေညာခဲ့အပြီး နာရီပေါင်းများစွာ ကြာတဲ့အထိ အလုပ်မဖြစ်သေးဘူးလို့ သူက ပြောပါတယ်။
နိုင်ငံတောင်ပိုင်း မာရီယူပိုလ် ဆိပ်ကမ်းမြို့ တမြို့ထဲကတင် အရပ်သား ၃ သိန်းလောက်ကို အရေးပေါ် ကယ်ထုတ်ဖို့ လိုနေတယ်လို့ မစ်စ် ဗရက်ရှ်ချပ်ခ် ကပြောပါတယ်။
ယူကရိန်းမြို့တော်ကိယဗ်က ဒုက္ခသည်တွေဟာ ဘယ်လားရုစ်ကနေ တစ်ဆင့် ရုရှားထဲသွားရမယ့်လမ်းကြောင်းကိုသွားကြမှာ မဟုတ်ကြောင်း သူကပြောပါတယ်။
ယူကရိန်း ရုရှားတတိယအကြိမ်ဆွေးနွေးမယ်
လာမယ့်နာရီပိုင်းအတွင်းမှာ ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့က စေ့စပ်ညှိနှိုင်းသူတွေအကြား တတိယအကြိမ် ဆွေးနွေးပွဲကို ကျင်းပနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ယူကရိန်း ကိယဗ်မြို့ဒေသစံတော်ချိန် ညနေ ၄ နာရီခန့်မှာ ဒီအစည်းအဝေးစတင်ဖို့ရှိတယ်လို့ ယူကရိန်းအရာရှိတွေက ပြောပါတယ်။
ဒါ့အပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗရောဗ့် ဟာ တူရကီနိုင်ငံမှာ လာမယ့် ကြာသပတေးနေ့မှာ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမက်ထရို ကူလီဗာနဲ့ တွေ့ဆုံဖို့ရှိနေပါတယ်။
ယူကရိန်းက မြို့အများအပြားရှိ လူနေရပ်ကွက်များကို ဒုံးကျည်တွေ အမြောက်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး မြို့တော် ကိယက်ဗ်မှာ ရုရှားတပ်တွေက တိုက်ခိုက်မှုတွေ ဆက်လုပ်နေပါတယ်။
တရုတ်ကယူကရိန်းဒုက္ခသည်တွေကို ကူညီမယ်
တရုတ်နိုင်ငံက ယူကရိန်းကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေပါတယ်။
ယူကရိန်းနိုင်ငံကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးအပ်သွားမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောသလို သံတမန်ရေးရာ ဆွေးနွေးပွဲတွေ ဆက်လုပ်ဖို့ သူက ထပ်လောင်း တောင်းဆိုခဲ့ပါတယ်။
ရုရှားနိုင်ငံနဲ့ တရုတ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်မှု အလားအလာတွေကလည်း အများအပြားရှိနေပြီးတော့ ချစ်ကြည်ရင်းနှီးမှုဟာ ခိုင်ခိုင်မာမာရှိကြောင်းလည်း သူကပြောပါတယ်။
သြစတြေးလျဝန်ကြီးချုပ် စကော့မောရစ်ဆင် က ရုရှားကို ရှုတ်ချဖို့ တရုတ်ကို တိုက်တွန်းပြီး နာရီပိုင်းအကြာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။
ယခုအချိန်အထိ တရုတ်အစိုးရဟာ ယူကရိန်းအပေါ် ရုရှားရဲ့ကျုးကျော်မူ ကို ဆန့်ကျင်တဲ့ ပုံစံရော၊ ကန့်ကွက်တဲ့ ပုံစံနဲ့ ပါ ပြောဆိုခြင်းမရှိသလို ကျူးကျော်မှုလို့တောင် သုံးစွဲခြင်းမရှိတာကို တွေ့ရပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး က အပစ်အခတ်ရပ်စဲရေးကို ဖျန်ဖြေပေးရာမှာ တရုတ်နိုင်ငံက အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ရန် အသင့်ရှိကြောင်း အချက်ပြခဲ့ပါတယ်။
ယူကရိန်းမြို့တော်ကိယဗ်နဲ့ တောင်ပိုင်းမြို့တွေမှာ တိုက်ပွဲတွေဆက်ဖြစ်
ယူကရိန်းနိုင်ငံမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး ကိယက်ဗ်မြို့ ဆင်ခြေဖုံး ရပ်ကွက်တွေကိုလည်း ရုရှားတပ်ဖွဲ့တွေက နောက်ထပ် တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အမြောက်ဒဏ်တွေကို ပြင်းပြင်းထန်ထန် ခံခဲ့ရတဲ့ အီယာပင်မြို့ကနေ လူ နှစ်ထောင် ထွက်ပြေးလာနိုင်ခဲ့ပြီလို့ ယူကရိန်းအစိုးရက ပြောပါတယ်။
ပြိုပျက်သွားခဲ့တဲ့ တံတားတစ်ခုနေရာမှာ သစ်သားပြားတွေနဲ့ မြစ်ကို ဖြတ်ပြီး အဲဒီလူတွေကို ကယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ခါကိဗ်မြို့က စူပါမားကက်တစ်ခု ရုရှားတပ်ဖွဲ့တွေရဲ့ ပစ်ခတ်တိုက်ခိုက်တာ ခံခဲ့ရစဉ်အတွင်း လူ ၄ ဦး သေဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာ ရခဲ့တယ်လို့ ယူကရိန်းအစိုးရ တာဝန်ရှိပုဂ္ဂိုလ်တွေက ပြောပါတယ်။
ယူကရိန်းနိုင်ငံတောင်ပိုင်း မီခိုလိုင်ဗ်မြို့မှာ ရော့ကက် ဒုံးကျည်တွေကြောင့် လူနေရပ်ကွက်တွေမှာ မီးစွဲလောင်ခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ယူကရိန်းတောင်ပိုင်း မာရီယူပိုလ် ဆိပ်ကမ်းမြို့ကို ရုရှားထောက်ခံတဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြပြီး မြို့ရဲ့ အနောက်ဘက်ပိုင်းက နေရာ အများစုမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်လို့ မော်စကိုမြို့မှာရှိတဲ့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန်နိုငံခြားရေးဝန်ကြီး လစ်သူယေးနီးယားရောက်
ဘောလ်တစ်ဒေသမှာ ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်က လစ်သူယေးနီးယားနဲ့ အမေရိကန်နိုင်ငံတို့ဟာ ယူကရိန်းပြဿနာအရေးကို အတူပူးပေါင်း ဖြေရှင်းသွားမယ်လို့ ပြောပါတယ်။
လစ်သူယေးနီးယားနိုင်ငံ ဗေလ်နီးယပ်စ်မြို့ ဆွေးနွေးပွဲအပြီးမှာ မစ္စတာ ဘလင်ကင်က နှစ်နိုင်ငံအကြား ကာကွယ်ရေး နည်းဗျူဟာတွေ ဝေမျှ ဖလှယ်မှုကို ပိုတိုးလုပ်သွားမှာ ဖြစ်ပြီး ယူကရိန်းကို သူ့နိုင်ငံသူ ကာကွယ်နိုင်ရေးမှာ ဆက်လက် ကူညီသွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် လစ်သူယေးနီးယားနိုင်ငံ ထိခိုက်ပျက်စီးအောင် ရုရှားအစိုးရက ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ မဟုတ်မမှန် သတင်းလွှင့်မှုတွေ လုပ်ဖို့ ကြိုးစားနေတာကိုလည်း လစ်သူယေးနီးယားနိုင်ငံ ရင်ဆိုင်ခဲ့ရတယ်လို့ မစ္စတာ ဘလင်ကင် ကပြောပါတယ်။
ဒီကနေ့ မတ်လ ၇ ရက်နေ့ နှောင်းပိုင်းမှာတော့ မစ္စတာ ဘလင်ကင်ဟာ လက်ဗီးယားနဲ့ အက်စတိုးနီးယား နိုင်ငံတွေဆီ သွားရောက်ဖို့ ရှိပါတယ်။
ဆိုဗီယက်ယူနီယံနိုင်ငံဟောင်းတွေထဲမှာ လစ်သူယေးနီးယား၊ လက်ဗီးယားနဲ့ အက်စတိုးနီးယား စတဲ့ အဲဒီ ဘောလ်တစ် ၃ နိုင်ငံကပဲ နေတိုးနဲ့ ဥရောပ သမဂ္ဂအဖွဲ့တွေထဲ ပူးပေါင်းခဲ့ကြပါတယ်။
စစ်ဘေးရှာင်ဒုက္ခသည် ၁.၇ သန်းအထိရှိလာ
ယူကရိန်းကနေထွက်ပြေးလာတဲ့ စစ်ဘေးရှာင်ဒုက္ခသည်အရေအတွက်ဟာ အခုအခါမှာ ၁.၇ သန်းခန့်ရောက်ရှိလာပြီလို့ ကုလသမဂ္ဂကပြောပါတယ်။
ဒါဟာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အလျင်အမြန်ကြီးထွားလာတဲ့ ဒုက္ခသည်အကျပ်အတည်းဖြစ်လာပါတယ်။
စုစုပေါင်း လူ လေးသန်းအထိ နိုင်ငံကနေ ထွက်ခွာဖို့ ကြိုးစားနိုင်တယ်လို့ ဥရောပသမဂ္ဂက ခန့်မှန်းထားပါတယ်။
ယူကရိန်းက ဒုက္ခသည်တွေဟာ ပိုလန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ မော်လ်ဒိုဗာ အပါအဝင် အနောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိနေပါတယ်။
ယူကရိန်းနိုင်ငံကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည် တစ်သန်းကျော် လောက်ဟာ အခုအခါ အိမ်နီးချင်း ပိုလန်နိုင်ငံမှာ ခိုလှုံနေကြပါတယ်။
ဒီကနေ့ တနင်္လာနေ့ မတ်လ ၇ ရက် မနက် ၆ နာရီ မတိုင်ခင်မှာပဲ ဒုက္ခသည် ၄ သောင်းကျော် ရောက်လာတယ်လို့ ပိုလန် နယ်ခြားစောင့် တပ်ဖွဲ့က ပြောပါတယ်။
ယူကရိန်း စစ်ပွဲကနေ ထွက်ပြေးလာကြသူ အရေအတွက် တနေ့တခြား ပိုများလာနေပြီး အကြီးအကျယ် စိတ်ပူစရာ အခြေအနေ ရောက်နေပြီလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များ အေဂျင်စီက ပြောပါတယ်။
မြို့လယ်တွေအပေါ် တိုက်ခိုက်မှုတွေ တိုးလာနေတာနဲ့အမျှ အထောက်အပံ့ အရင်းအမြစ်တွေ၊ အဆက်အသွယ်တွေ ပြတ်လာနေတဲ့အတွက် ခံနိုင်ရည် အားနည်းသူတွေ ယူကရိန်းနိုင်ငံထဲကနေ နောက်ထပ် ထွက်ပြေးလာကြဖို့ ရှိတယ်လို့ UNHCR အကြီးအကဲ ဖိလစ်ပို ဂရန်ဒီ က ဘီဘီစီကို ပြောပါတယ်။
အခြေအနေက အတော်လေး စိုးရိမ်စရာ ဖြစ်နေပြီလို့ သူက ပြောပါတယ်။
အိန္ဒိယက ရှရှားကို ယူကရိန်းနဲ့ ဆွေးနွေးဖို့ပြော
အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကို ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးနဲ့ တိုက်ရိုက် တွေ့ဆုံ စကားပြောဖို့ တိုက်တွန်းလိုက်ပါတယ်။
ရုရှားနဲ့ ယူကရိန်းအကြား ညှိနှိုင်းပြောဆိုနေမှုတွေအကြောင်း ဝန်ကြီးချုပ် မိုဒီကို သမ္မတပူတင်က ရှင်းပြခဲ့တယ်လို့ အိန္ဒိယဝန်ကြီးချုပ်ရုံးက ပြောပါတယ်။
အစောပိုင်းတုန်းက သမ္မတ ဇလန်းစကီးနဲ့ ဖုန်းပြောခဲ့စဉ် ဝန်ကြီးချုပ် မိုဒီက ယူကရိန်းစစ်ပွဲအတွင်း ပိတ်မိနေတဲ့ အိန္ဒိယကျောင်းသား ရာပေါင်းများစွာကို ကယ်ထုတ်ပေးဖို့ တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
ယူကရိန်းနဲ့ရော၊ ရုရှားနဲ့ပါ စကားပြောဆိုခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေထဲမှာ ဝန်ကြီးချုပ် မိုဒီက အခုနောက်ဆုံး စကားပြောခဲ့သူ ဖြစ်ပါတယ်။
အာရှနဲ့ ဥရောပ စတော့ခ်ရှယ်ယာစျေးတွေ ထိုးကျသွား
ယူကရိန်းစစ်ပွဲအရေး မရေမရာ အခြေအနေတွေကြောင့် ရင်းနှီးမြှုပ်နှံသူတွေက ကမ္ဘာ့စတော့ခ် ရှယ်ယာစျေးကွက်မှာ ရှယ်ယာတွေ ထုတ်ရောင်းကုန်ကြပါတယ်။
ဟောင်ကောင်နဲ့ တိုကျို စတော့ခ်ရှယ်ယာစျေးကွက်မှာ ရှယ်ယာစျေးတွေ ၃ ရာခိုင်နှုန်းကျော်နဲ့ စျေးပိတ်သွားခဲ့ပါတယ်။
ဘရန့် ရေနံစိမ်းစျေးကလည်း တစ်စည်ကို ဒေါ်လာ ၁၃၀ အထိ စျေးပေါက်လာခဲ့ပါတယ်။
ဥရောပ စတော့ခ်ရှယ်ယာစျေးကွက်မှာလည်း ဒီကနေ့ စျေးကွက်စဖွင့်ချိန်မှာ အဓိကရှယ်ယာ ညွှန်းကိန်းစျေးတွေ အားလုံး အရှုံးပေါ်ခဲ့ပါတယ်။
မီလန်စတော့ခ် ရှယ်ယာစျေးကွက်မှာဆိုရင် ရှယ်ယာစျေးက ၆ ရာခိုင်နှုန်းအထိ ကျသွားတာမျိုး ဖြစ်ခဲ့ပါတယ်။
စွမ်းအင်စျေးတွေလည်း ထိုးတက်သွားပါတယ်။ ရုရှားရဲ့ စွမ်းအင် ထောက်ပံ့ပေးနေမှုတွေ ထိခိုက်လာမှာကို စိုးရိမ်နေတဲ့ ဥရောပမှာ ဂက်စ်လက္ကားစျေး တန်ဖိုး ခုန်တက်သွားခဲ့ပါတယ်။
ရုရှားကနေ ရေနံ တင်သွင်းနေမှုကို အမေရိကန်အစိုးရက ပိတ်ပင်လာနိုင်ဖွယ် ရှိတယ် ဆိုတဲ့ ပြောဆိုမှုတွေ ရှိခဲ့အပြီး ရေနံလောင်စာဆီ စျေးတွေ နောက်ထပ် တက်သွားခဲ့ပါတယ်။
ဂျုံ၊ ပြောင်းတို့လိုပဲ ရွှေနဲ့ တခြားသတ္တု ပစ္စည်းစျေးတွေလည်း တက်သွားခဲ့ပါတယ်။
အိုင်စီဂျေတရားရုံးကို ရုရှားရောက်မလာ
ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်နေတာတွေ ရပ်တန့်နိုင်ရေးနဲ့ ပတ်သက်လို့ အရေးပေါ်စီရင်ချက်ချမယ့် The Hague မြို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ကြားနာစစ်ဆေးမှုကို ရုရှားဘက်က ရောက်မလာခဲ့ပါဘူး။
ကြားနာစစ်ဆေးမှုမှာ ရုရှား ပါဝင်တက်ရောက်မှာ မဟုတ်ဘူးလို့ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ဥက္ကဋ္ဌက ထုတ်ဖော်ကြေညာခဲ့ပါတယ်။
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်လို့ ရုရှားအစိုးရရဲ့ အကြောင်းပြချက်ဟာ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ဥပဒေအပေါ် တလွဲ အဓိပ္ပာယ် ကောက်ယူထားမှုတစ်ခုကို အခြေခံထားတယ်လို့ ယူကရိန်း ရှေ့နေတွေက လျှောက်လဲမှာ ဖြစ်ပါတယ်။
ယူကရိန်းနိုင်ငံအရှေ့ပိုင်းက လူတွေ လူမျိုးတုံးသတ်ဖြတ်ခံရမယ့်အရေးကနေ အကာအကွယ်ပေးဖို့ အတွက် အခုလို ကျူးကျော်တိုက်ခိုက်ဖို့ သူအမိန့်ပေးခဲ့တာ ဖြစ်တယ်လို့ ရုရှားသမ္မတ ပူတင်က အကြောင်းပြခဲ့တာပါ။
ဒါပေမဲ့လည်း ဒီ စွပ်စွဲချက်နဲ့ ပတ်သက်လို့ ခိုင်လုံတဲ့ အထောက်အထား တစ်စုံတရာ မတွေ့ရပါဘူး။