ယူကရိန်းမြို့ကြီးတွေကို ရှရှား အပြင်းအထန်တိုက်ခိုက်နေတဲ့ အကြောင်းအပါအဝင် မတ်လ ၂ ရက်နေ့ ယူကရိန်းနောက်ဆုံးရ သတင်းများ

ရေးသားခဲ့သည်။

ယူကရိန်းမြို့ကြီးတွေကို ရှရှားက အပြင်းအထန်တိုက်ခိုက်နေ

ယူကရိန်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့ပိုင်းနဲ့ တောင်ပိုင်းတို့မှာ မတ်လ ၂ ရက်နေ့ ဒီကနေ့ အထိ ရုရှားတပ်တွေနဲ့ ယူကရိန်းတို့ ခုနစ်ရက်ကြာ တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားနေပြီး ယူကရိန်းရဲ့ အဓိကမြို့ကြီးတွေကို ရုရှားက အမြောက်တွေ ဒုံးကျည်တွေနဲ့ ပြင်းပြင်းထန်ထန် တိုက်ခိုက်မှုတွေလုပ်နေပါတယ်။

ရုရှားလေထီးတပ်သားတွေဟာ နိုင်ငံအရှေ့မြောက်ဘက်က ဒုတိယအကြီးဆုံးမြို့ခါကိဗ်မြို့အနီးမှာ ဆင်းသက်လာခဲ့ပြီး မြို့ကို တိုက်ခိုက်ပြီး ထိန်းချုပ်ဖို့ကြိုးစားခဲ့သလို တိုက်ပွဲတွေ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ယူကရိန်းဘက်က ပြောပါတယ်။

ခါကိဗ်မြို့မှာ နေထိုင်သူတွေဟာ ရုရှားလေတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေခံနေရတယ်လို့ ဘီဘီစီကို ပြောကြပါတယ်။

ခါကိဗ် ဒေသခံတွေကမြို့ကို ရုရှား လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို ရပ်တန့်ဖို့ အတွက် နိုင်ငံတကာကို အကူအညီပေးဖို့တောင်းဆိုနေကြပါတယ်။

ခါကိဗ်မြို့က ဒေသဆိုင်ရာ ရဲဌာန အဆောက်အအုံနဲ့ ခါကိဗ်မြို့က ခရာဇန် တက္ကသိုလ်ရဲ့ အစိတ်အပိုင်းကို ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်းလည်း သတင်းများ ထွက်ပေါ်ခဲ့ပါတယ်။

အဲ့ဒီပစ်ခတ်မှုအတွင်း လူလေးဦသေဆုံးခဲ့တယ်လို့ ယူကရိန်း အရေးပေါ်ကူညီရေး အဖွဲ့တွေက ပြောပါတယ်။

ခါကိဗ်မြို့ဟာ ယူကရိန်းနိုင်ငံရဲ့ ဒုတိယလူဦးရေအများဆုံးမြို့ဖြစ်ပြီးတော့ ဒီမြို့ဟာ ရုရှားနယ်စပ်နဲ့ မိုင် ၃၀ သာဝေးပြီး ရုရှားစကားပြောသူ အများစုနေထိုင်တဲ့မြို့ ဖြစ်ပါတယ်။

တောင်ပိုင်း ခါဆွန်မြို့ကို ရုရှားဘက်က ထိန်းချုပ်လိုက်ပြီလို့ပြော

ယူကရိန်းအပေါ် ကျူးကျော်မှုထဲမှာ ယူကရိန်းတောင်ပိုင်းကနေ နယ်မြေစသိမ်းမှုဟာ လက်ရှိမှာ အအောင်မြင်ဆုံးဖြစ်ပြီး ရုရှားတပ်ဖွဲ့တွေဟာ အခုအခါမှာ ခါဆွန်မြို့ကို သိမ်းလိုက်ပြီဆိုတဲ့ သတင်းတွေထွက်လာနေပါတယ်။

မတ်လ ၂ ရက်နေ့ အစောပိုင်းကတော့ ယူကရိန်းတောင်ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်တဲ့ ခါဆွန်မြို့ကို ရုရှားတပ်ဖွဲ့ဝင်တွေထိန်းချုပ်နိုင်လိုက်ပြီဆိုပြီး ရုရှားဘက်က ပြောခဲ့ပါတယ်။

ဒါပေမဲ့ ခါဆွန်မြို့က အုပ်ချုပ်ရေးမှူးကတော့ ရုရှားတပ်တွေဟာ မြို့ကို ဝိုင်းထားဆဲအ ခြေအနေသာဖြစ်တယ်လို့ ပြောကြားခဲ့ပြီးရုရှားဘက်ကပြောဆိုချက်နဲ့ ကွဲလွဲနေပါတယ်။

ခါဆွန်မြို့တော်ဝန်ကလည်း ခါဆွန်မြို့ကို ရုရှားတပ်တွေဝိုင်းထားပေမဲ့ ခါဆွန်မြို့ဟာ သူရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ရေနံစိမ်းစျေး တစ်စည်ကို ၁၁၃ဒေါ်လာ အထိရောက်

ယူကရိန်းမှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသလို ကမ္ဘာရေနံစိမ်းစျေးတွေဟာ စျေးကွက်မှာ ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ စံချိန်တင်ထိုးတက်လာခဲ့ပါတယ်။

Brent ရေနံစိမ်းစျေးနူန်ဟာ နိုင်ငံတကာရေနံစျေးနှုန်းများအတွက် အခြေခံစံနှုန်းဖြစ်တဲ့ တစ်စည်ကို ၁၁၃ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ၂၀၁၄ ခုနှစ် ဇွန်လနောက်ပိုင်း အမြင့်ဆုံးစျေးကို ‌ရောက်လာခဲ့တာလည်းဖြစ်ပါတယ်။

နိုင်ငံတကာ စွမ်းအင်အေဂျင်စီရဲ့ အဖွဲ့ဝင်တွေက အရေးပေါ် သိုလှောင်မှုကနေ ရေနံစည် သန်း ၆၀ ကို ထုတ်ရောင်းဖို့ သဘောတူပြီးနောက်မှာကို ဆက်လက် မြင့်တက်နေခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ရေနံနဲ့ သဘာဓာတ်‌ငွေ့ စတဲ့ စွမ်းအင်ထုတ်လုပ်တဲ့နိုင်ငံ တစ်နိုင်ငံဖြစ်ပြီး ရင်းနှီးမြုပ်နှံသူတွေက ရေနံ သို့မဟုတ် သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှု ထိခိုက်မှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

အမေရိကန် လေကြောင်းပိုင်နက်မှာ ရုရှား လေယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်မယ်

အမေရိကန် သမ္မတဂျိုးဘိုင်ဒန်က ဗလာဒီမီယာပူတင်ဟာ ယူကရိန်းကိုကျူးကျော်မှုအတွက် ပေးဆပ်ရမယ့် အာဏာရှင်တစ်ယောက်ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

ကြိုတင်ကြံရွယ်ပြီး အကြောင်းမဲ့ တိုက်ခိုက်မှု စတင်ပြုလုပ်ခဲ့ချိန်က ရုရှားခေါင်းဆောင်အနေနဲ့ တွက်ချက်မှု ဆိုးဆိုးရွားရွားလွဲမှားခဲ့တယ်၊ အခုဆို အရင်ထက်ပိုပြီး ဖယ်ကျဉ်ခံထားရပြီလို့ မစ္စတာ ဘိုင်ဒန်က ပြောပါတယ်။

ယူကရိန်းပြည်သူတွေအတွက် သမ္မတဘိုင်ဒန်ဦးဆောင်ပြီး မတ်တပ်ရပ် ဂုဏ်ပြုခဲ့ကြပါတယ်။

ရီပတ်ဘလစ်ကန်နဲ့ လစ်ဘရယ် ဒီမိုကရက်တို့ရဲ့ အားပေးထောက်ခံမှုနဲ့အတူ အမေရိကန် လေကြောင်းပိုင်နက်မှာ ရုရှား လေယာဉ်တွေ ပျံသန်းခွင့် ပိတ်ပင်မယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံအခြေပြမိန့်ခွန်းထဲမှာ သမ္မတ ဘိုင်ဒန်က သူ့ပြည်တွင်း ရေးရာတွေကိုလည်း ထည့်သွင်းပြောခဲ့ပါတယ်။

ငွေကြေးဖောင်းပွမှုကိုင်တွယ်ရေးက သူ့ရဲ့ ထိပ်တန်း ဦးစားပေးဖြစ်တယ်လို့ ဆိုပါတယ်။

လောလောဆယ် အမေရိကန်မှာ ငွေကြေးဖောင်းပွမှုက ဆယ်စုနှစ်ပေါင်း များစွာအတွင်း အမြင့်ဆုံးဖြစ်နေပါတယ်။

ရုရှားက ရေဒီယိုအသံလွှင့်ဌာန တခုကို အသံလွှင့်ခွင့်ပိတ်

ရုရှားအာဏာပိုင်တွေက သီးခြားလွတ်လပ်တဲ့ ရေဒီယိုအသံလွှင့်ဌာန တခုကို အသံလွှင့်ခွင့်ပိတ်လိုက်ပြီး သတင်းမီဒီယာတွေကို ပိုမို တင်းတင်းကျပ်ကျပ် ထိန်းချုပ်လိုက် ပါတယ်။

Ekho Moskvy အသံလွှင့်ဌာနဟာ အစွန်းရောက်လှုပ်ရှားမှုနဲ့ အကြမ်းဖက်မှုတွေလုပ်အောင်လှုံ့ဆော်တယ်၊ ယူကရိန်းကို ကျူးကျော်မှုနဲ့ ပတ်သက်လို့ လည်း သတင်းမှားတွေ ထုတ်လွှင့်တယ်လို့ အစိုးရ ရှေ့နေရုံးက စွပ်စွဲပါတယ်။

အဲဒီ သတင်းဌာနရဲ့ Dozhd တီဗီ ချန်နယ်နဲ့အတူ ဝဘ်ဆိုက်ကိုလည်း ပိတ်ပင်လိုက်ပါတယ်။

မော်စကိုမှာရှိတဲ့ အစိုးရထိန်းချုပ်တဲ့ သတင်းမီဒီယာကတော့ ယူကရိန်းမှာ ရုရှားတပ်ဖွဲ့တွေက အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ မရှိဘူးလို့ ငြင်းဆိုပါတယ်။

မော်စကို အစုရှယ်ယာစျေးကွက် ကို သုံးရက် ဆက်တိုက် ပိတ်ထားရပါတယ်။

နာမည်ကျော် ကုမ္ပဏီကြီးတွေကလည်း ရုရှားမှာ‌ ရောင်းချမှုတွေရပ်

ယူကရိန်းကိုကျူးကျော်မှု အပေါ်တုံ့ပြန်တဲ့ အနေနဲ့ နာမည်ကျော် ကုမ္ပဏီကြီးတွေကလည်း ရုရှားနဲ့ ထပ်မံ ရှောင်ခွာလာကြပါတယ်။

နည်းပညာကုမ္ပဏီကြီး ဖြစ်တဲ့ အက်ပဲလ်က ရုရှားမှာ သူ့ပစ္စည်းတွေ ရောင်းချမှု ရပ်ဆိုင်းလိုက်ပြီး Apple Pay နဲ့ တခြား ဝန်ဆေင်မှု လုပ်ငန်းတွေ အသုံးပြုခွင့်ကို ကန့်သတ်လိုက်ပါတယ်။

အားကစား ပစ္စည်းကုမ္ပဏီကြီး Nike ကလည်း သူ့ပစ္စည်းတွေ ရုရှားကို အွန်လိုင်းကနေ အရောင်းပိတ်လိုက်ပါတယ်။

စွမ်းအင် ကုမ္ပဏီ Exxon Mobil ကတော့ ရုရှားက သူ့လုပ်ငန်းတွေ ဆက်မလုပ်တော့ဘူးလို့ ပြောပါတယ်။

ဗြိတိန်က အသံလွှင့်ဌာနတွေကလည်း ရုရှားနဲ့ အတူ ပူးပေါင်းလုပ်ဆောင်တာနဲ့ သူတို့အစီအစဉ်တွေ ရောင်းချတာကို ရပ်ဆိုင်းမယ်လို့ ဆိုကြပါတယ်။

ဘီဘီစီ က ရုရှား အသံလွှင့်ဌာနတွေနဲ့ သဘောတူညီချက် စာချုပ်တွေ ထပ်မလုပ်တော့တဲ့အပြင် ဘီဘီစီရဲ့ လူကြိုက်အများဆုံး အစီအစဉ် နှစ်ခုဖြစ်တဲ့ ဒေးဗစ် အက်တန်ဘာရာ ရဲ့ Green Planet အစီအစဉ်နဲ့ ရုရှားမှာ ထုတ်လွှင့်တဲ့ Strictly Come Dancing အစီအစဉ်တို့ ထုတ်လွှင့်မှု ရပ်ဆိုင်းဖို့ ရုရှား အသံလွှင့် ဌာနတွေကို တရားဝင် မေတ္တာ ရပ်ခံခဲ့ပြီးဖြစ်ပါတယ်။

သီးခြားလွတ်လပ်တဲ့ ထုတ်လုပ်သူများ မဟာမိတ်အဖွဲ့ကလည်း သပိတ်မှောက်မှုမှာ ပါဝင်ပြီး ရုရှားမှာလုပ်နေတဲ့ လုပ်ငန်းတွေကိုယာယီ ရပ်ဆိုင်းဖို့ သူ့အဖွဲ့ဝင်တွေကို တိုက်တွန်းပါတယ်။