ယူကရိန်းမြို့တော်နဲ့ ဒုတိယအကြီးဆုံးမြို့ကို ရုရှားတပ်တွေ စီးနင်းဝင်ရောက်ဖို့ကြိုးစားနေတဲ့ အကြောင်းအပါအဝင် မတ်လ ၁ ရက်ညနေပိုင်း နောက်ဆုံးရသတင်းများ

ရေးသားခဲ့သည်။

ယူကရိန်းမြို့တော်နဲ့ ဒုတိယအကြီးဆုံးမြို့ကို ရုရှားတပ်တွေ စီးနင်းဝင်ရောက်ဖို့ကြိုးစားနေ

ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှု ဆဋ္ဌမ မြောက်နေ့မှာ ရုရှားတပ်ဖွဲ့တွေက ကိယက်ဗ်မြို့တော်ကိုရော ဒုတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ခါကိဗ်မြို့ကိုပါ စီးနင်းဝင်ရောက်ဖို့ ကြိုးစားနေပြီး အစားအစာ၊ ရေနဲ့ တခြား အခြေခံအသုံးအဆောင်ပစ္စည်းတွေကို ဖြတ်တောက်ထားတယ်လို့ ယူကရိန်းအစိုးရက ပြောပါတယ်။

ကိယက်ဗ်မြို့တော်နားဆီကို ရုရှား စစ်ကားတန်းကြီးတစ်ခု ရှေ့တိုးချဉ်းကပ်သွားနေတာကို ဂြိုဟ်တု ပုံရိပ်တွေမှာ တွေ့ခဲ့ရပါတယ်။

ကိယက်ဗ်မြို့မှာ စစ်ဘက်နဲ့ ဆက်နွှယ်နေတဲ့နေရာတွေ နေထိုင်နေတဲ့ ယူကရိန်းနိုင်ငံသားတွေကို နေအိမ်တွေကနေ အမြန်ဆုံး ထွက်ခွာကြဖို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက တိုက်တွန်း ထားပါတယ်။

ယူကရိန်း လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ရဲ့ နည်းပညာဌာနတွေကို အတိအကျ ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရုရှားဘက်က မကြာခင်အချိန်ပိုင်းအတွင်း စလုပ်တော့မယ်လို့ ဆိုပါတယ်။

ယူကရိန်း ကာကွယ်ရေးဝန်ကြီး အိုလက်ခ်ဆီယာ ရက်ဇ်နီကော့ဗ် က ရုရှားဟာ ဆက်သွယ်ရေးတွေ ဖြတ်တောက်ပစ်ဖို့ စီစဉ်နေပြီး ယူကရိန်းပြည်သူတွေကို သတင်းအမှားတွေ ပေးဖို့ လုပ်နေတယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ သတိပေးခဲ့ပါတယ်။

ကိယက်ဗ်မြို့တော်မှာ ရှိတဲ့ ရုပ်မြင်သံကြား မျှော်စင် တိုက်ခိုက်ခံရမှု ၅ ဦးသေဆုံး

အဲ့ဒီနောက် ကိယက်ဗ်မြို့တော်မှာ ရှိတဲ့ အဓိက ရုပ်မြင်သံကြား မျှော်စင်တစ်ခု ရုရှားတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုအတွင်း ထိမှန်ခဲ့ပြီး အသံလွှင့်အစီအစဉ်တချို့ ပြတ်တောက်သွားတယ်လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

မီတာ ၄၀၀ နီးပါးမြင့်တဲ့ အဲဒီ မျှော်စင်တိုင်ကြီးက မပြိုမလဲ ရှိနေဆဲ ဖြစ်ပေမဲ့ မီးခိုးတွေ ထွက်လာနေတာကို လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။

ရုရှားက အဆက်အသွယ်တွေ ဖြတ်ဖို့ စီစဉ်နေပြီး ယူကရိန်းပြည်သူတွေကို သတင်းအမှားတွေ ပေးဖို့ လုပ်နေတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့အပြီးမှာပဲ ရုပ်မြင်သံကြားမျှော်စင် တိုက်ခိုက်ခံခဲ့ရတာပါ။

ကိယက်ဗ်မြို့တော်က အဓိက ရုပ်မြင်သံကြား မျှော်စင်ကြီးကို ရုရှားတို့ရဲ့ တိုက်ခိုက်မှုအတွင်း လူ ၅ ဦး သေဆုံးခဲ့တယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကြောင့် ရုပ်မြင်သံကြား အစီအစဉ်တချို့ ပြတ်တောက်သွားခဲ့ပြီး အနားမှာ ရှိတဲ့ နာဇီဂျာမနီတွေရဲ့ အစုလိုက်အပြုံလိုက် အသတ်ခံရသူတွေအတွက် အောက်မေ့ဘွယ်အထိမ်းအမှတ် ကျောက်တိုင်တစ်ခုလည်း ထိခိုက်ပျက်စီးသွားပါတယ်။

ယူကရိန်းက ထွက်ပြေးသူ ၆ သိန်း ၆သောင်းကျော်အထိရှိလာ

ယူကရိန်းနိုင်ငံထဲ ရုရှားတပ်ဖွဲ့တွေ စကျူးကျော်တိုက်ခိုက်ခဲ့တဲ့ ကြာသပတေးနေ့ကတည်းက စလို့ ယူကရိန်းနိုင်ငံကနေ အိမ်နီးချင်းနိုင်ငံတွေထဲ ထွက်ပြေးခိုလှုံလာကြသူပေါင်း ၆ သိန်း ၆ သောင်းကျော် ရှိသွားပြီလို့ ကုလသမဂ္ဂက ပြောပါတယ်။

ယူကရိန်းက ထွက်ပြေးသူ အရေအတွက်ဟာ လေးသန်းအထိ တိုးလာနိုင်တယ်လို့ ဥရောပသမဂ္ဂက ခန့်မှန်းထားပါတယ်။

ယူကရိန်းက ဒုက္ခသည်တွေဟာ ပိုလန်၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ မော်လ်ဒိုဗာ အပါအဝင် အနောက်ဘက်ရှိ အိမ်နီးချင်းနိုင်ငံတွေကို နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိနေပါတယ်။

ယူကရိန်းနိုင်ငံ စစ်ပွဲကနေ ထွက်ပြေးလာတဲ့ လူတွေကို ကူညီဖို့ ဒေါ်လာ ၁ ဒဿမ ၇ ဘီလီယံ အရေးပေါ် အကူအညီပေးကြဖို့ ကုလသမဂ္ဂအဖွဲ့က ပန်ကြားလိုက်ပါတယ်။

နားခိုရာနေရာတွေ၊ ဆေးဝါး အထောက်အပံ့ပစ္စည်းတွေနဲ့ သောက်ရေသန့်တွေ အရေးတကြီး လိုအပ်နေတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် က ပြောပါတယ်။

လွန်ခဲ့တဲ့ ၆ ရက်လောက်က ယူကရိန်းနိုင်ငံကို ရုရှားတပ်ဖွဲ့တွေ ကျူးကျော် တိုက်ခိုက်ခဲ့ချိန်ကစလို့ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေ အများစု ပါတဲ့ လူ ၇ သိန်းနီးပါးလောက် နိုင်ငံအနောက်ပိုင်းက အိမ်နီးချင်း နိုင်ငံတွေထဲ ထွက်ပြေးခိုလှုံခဲ့ကြတယ်လို့ သိထားရပါတယ်။

လူ ၁၂ သန်းလောက်ကို ကယ်ဆယ်ရေးနဲ့ ကာကွယ်စောင့်ရှောက်မှုတွေ ပေးဖို့ လိုကောင်း လိုလာလိမ့်မယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပါတယ်။

ဒုက္ခသည် တစ်ဝက်လောက်ဟာ ပိုလန်နိုင်ငံကို ဦးတည် ထွက်ပြေးခိုလှုံခဲ့ကြပြီး တချို့ကတော့ မော်လ်ဒိုဗာ၊ ဆလိုဗက်ကီးယား၊ ဟန်ဂေရီနဲ့ ရိုမေးနီးယားနိုင်ငံတွေကို ထွက်ပြေးခိုလှုံခဲ့ကြပါတယ်။

ရုရှားအလံနဲ့ ရေနံတင် သင်္ဘောတစ်စင်းကို မလေးရှားက ကမ်းကပ်ခွင့်မပြု

ဒါ့အပြင် အမေရိကန်အစိုးရရဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ရုရှားအလံနဲ့ ရေနံတင် သင်္ဘောတစ်စင်းကို မလေးရှားနိုင်ငံရဲ့ ဆိပ်ကမ်းတစ်ခုမှာ ဝင်ဆိုက်ကပ်ခွင့် ပြုမှာ မဟုတ်ဘူးလို့ မလေးရှားအစိုးရက ပြောပါတယ်။

အဲဒီ The Linda ရုရှား ရေနံတင်သင်္ဘောဟာ အခုသီတင်းပတ်ကုန် ရက်ပိုင်းမှာ ကွာလာ လင်းဂီ ဆိပ်ကမ်းမှာ ဆိုက်ကပ် ရပ်နားဖို့ ရှိနေတာပါ။ ဒါပေမဲ့ အမေရိကန်အစိုးရ ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို သူတို့အနေနဲ့ မချိုးဖောက်ချင်ဘူးလို့ မလေးရှားအစိုးရက ပြောပါတယ်။

အဲဒီသင်္ဘောဟာ ရုရှားအစိုးရရဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို အားပေး ကူညီနေတယ်လို့ စွပ်စွဲခံထားရတဲ့ ရုရှား စီးပွားရေးအဖွဲ့တစ်ခုက ပိုင်ဆိုင်တဲ့ သင်္ဘော ဖြစ်တဲ့အတွက် အမေရိကန်အစိုးရက ပြီးခဲ့တဲ့ သီတင်းပတ်က သူတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းထဲမှာ အဲဒီ သင်္ဘောကို ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။

ရုရှားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ မလေးရှားအစိုးရအနေနဲ့ တစုံတရာ ဝေဖန် ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

ဒါပေမဲ့လည်း အခုလို လုပ်လိုက်တာကို ကြည့်ခြင်းအားဖြင့် ကြားခံနိုင်ငံတစ်ခုအနေနဲ့လည်း ဒီဒဏ်ခတ်ပိတ်ဆို့မှုတွေကို မဖြစ်မနေ လိုက်နာလာရနိုင်ဖွယ် ရှိတာကို ဖော်ပြနေပါတယ်။