ဇန်နဝါရီ ၈ ရက် ညနေပိုင်း နောက်ဆုံးရထိပ်တန်းသတင်းများ

ရေးသားခဲ့သည်။

ထောက်လှမ်းရေးမှူးချုပ်ဟောင်း ကာဇက်စတန်မှာ ဖမ်းခံရ

ကာဇက်စတန်မှာ အာဏာပိုင်တွေက နိုင်ရဲ့ ပြည်တွင်းထောက်လှမ်းရေးဌာနအကြီးအကဲ Karim Massimov ကို နိုင်ငံတော်သစ္စာဖောက်မှုစွဲချက်နဲ့ ဖမ်းဆီးလိုက်ပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းတွေက စဖြစ်လာတဲ့ လူထုအုံကြွမှုတွေဟာ အာဏာရပါတီအတွင်းက အားပြိုင်မှု အာဏာလုမှုတွေနဲ့ ဆက်စပ်နေနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်လာပါတယ်။

မစ္စတာ မာစီမော့ဗ်ဟာ အရင်က သက်တမ်းရှည် အာဏာကိုင်ထားခဲ့တဲ့ သမ္မတ Nursultan Nazarbayev ရဲ့ လက်အောက်မှာ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ် လုပ်ခဲ့ဖူးပါတယ်။

မစ္စတာ Nazarbayev ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ သူ့ကို ဆက်ခံသူ Kassym- Jomart Tokayev ကတော့ ဒီအပတ်အစောပိုင်း နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်လာချိန်မှာ သူတို့ နှစ်ယောက်စလုံးကို ရာထူးတွေက ဖယ်ရှားခဲ့ပါတယ်။

သမ္မတဟောင်း Nazarbayev နိုင်ငံထဲက ထွက်ပြေးသွားပြီဆိုတာ မဟုတ်ပါဘူးလို့ သူ့ ပြောခွင့်ရက ဆိုပါတယ်။

အခုနောက်ဆုံး လူထုဆန္ဒပြပွဲတွေမှာ လူပေါင်း လေးထောင့်လေးရာကျော်ကို ဖမ်းထားပြီလို့ ကာဇက်စတန်အာဏာပိုင်တွေက ကြေညာပါတယ်။ လက်ရှိသမ္မတ တိုကာယော့ဗ်က အုံကြွမှုတွေကို နှိမ်နင်းဖို့ ပစ်မိန့်ပေးထားပြီး ရုရှားကလည်း ကာဇက်စတန်ကို တပ်ဖွဲ့ဝင် ၂၅၀၀ စေလွှတ်ထားပါတယ်။

ကိုဗစ်ကူးခံထားပြီးသားမို့ ကာကွယ်ဆေးထိုးခြင်းက ဂျိုကိုဗစ်ကင်းလွတ်ခွင့်ရသင့်တယ်လို့ ရှေ့နေတွေပြော

သြစတြေးလျအိုးပင်းမှာ ဝင်ပြိုင်ဖို့ ရောက်ရှိနေရင်း ကိုဗစ်ကာကွယ်ဆေး ထိုးမထားလို့ ပြည်ဝင်ခွင့် ငြင်းခံထားရတဲ့ ကမ္ဘာ့နံပါတ်တစ် တင်းနစ်အားကစားသမား နိုဗက်ဂျိုကိုဗစ်ရဲ့ ရှေ့နေတွေက ဂျိုကိုဗစ်ဟာ ပြီးခဲ့တဲ့လက ကိုဗစ်ကူးစက်ခံထားခဲ့ရတာမို့ ဆေးထိုးခံဖို့ကင်းလွတ်ခွင့်ရနိုင်သူပါလို့ တရားရုံးကို တင်ပြလျှောက်ထားခဲ့ပါတယ်။

အဲဒီအတွက်ကြောင့် သြစတြေးလျရဲ့ သီးခြားလွတ်လပ်တဲ့ အဖွဲ့နှစ်ခုဖြစ်တဲ့ သြစတြေးလျတင်းနစ်အဖွဲ့ချုပ်နဲ့ ဗစ်တိုးရီးယားပြည်နယ်အုပ်ချုပ်ရေးအဖွဲ့က ဂျိုကိုဗစ်ကို ကင်းလွတ်ခွင့်ပေးခဲ့တာလို့ တရားရုံးကိုတင်ပြတဲ့ စာထဲမှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကတော့ လူဝင်မှုကြီးကြပ်ရေးအရာရှိတွေက ဂျိုကိုဗစ်ဟာ ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေ မပြည့်စုံလို့ဆိုပြီး သူ့ရဲ့ ဗီဇာကို ပယ်ဖျက်လို့ ပြည်ဝင်ခွင့်မပြုခဲ့ပါဘူး။

ဂျိုကိုဗစ် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံခဲ့ရတယ်ဆိုတဲ့အချက်ကို အရင်က မသိခဲ့ကြရပါဘူး။ တနင်္လာနေ့မှာ တရားရုံးက အမိန့်မချမီ ဂျိုကိုဗစ်ကို ထိန်းသိမ်းရေးစခန်းတစ်ခုမှာ ထားထားပါတယ်။ သူ့ ရှေ့နေတွေကတော့ လေ့ကျင့်လို့ရနိုင်မဲ့ ပိုသင့်တော်တဲ့ နေရာတစ်ခုကို ရွှေ့ပြောင်းပေးစေချင်နေပါတယ်။

နှင်းမုန်တိုင်းကြား ကားထဲပိတ်မိသူတွေ ပါကစ္စတန်မှာ သေဆုံး

ပါကစ္စတန်နိုင်ငံမြောက်ပိုင်းမှာ နှင်းတွေ ထူထပ်စွာကျနေတုန်း ကားတွေထဲပိတ်မိနေကြသူ လူ အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကားတွေထဲ ပိတ်မိနေတုန်း ကားထဲ အပူပေးစက်ဖွင့်ထားရာက ကာဘွန်မိုနောက်ဆိုက် ဓာတ်ငွေ့တွေနဲ့ မွန်းကျပ် အဆိပ်မိပြီး သေဆုံးသူလည်း အတော်များများပါတယ်လို့ ယူဆရပါတယ်။

အခုတော့ စစ်တပ်က ဘူဒိုဇာတွေနဲ့ လမ်းပေါ်ပိတ်နေတဲ့ နှင်းတွေကို ဖယ်ပေးနေပါတယ်။

မြို့တော် အစ္စလာမ္မဘတ်ရဲ့ အရှေ့ဘက်က မူရီးတောင်စခန်းမြို့လေးဆီသွားနေတဲ့ လမ်းမှာ ပိတ်မိနေတဲ့ ကား ထောင်ချီပြီး ရှိနေပါတယ်။ ဆောင်းရာသီနှင်းတွေကျနေတဲ့ မြင်ကွင်းကို ကြည့်ဖို့အဲဒီမြို့ကလေးဆီသွားကြသူတွေကို နှင်းတွေ ထူထူထပ်ထပ်ကျနိုင်တဲ့ အန္တရာယ် သတိပေးချက်ကို လူတွေက ဂရုမစိုက်ခဲ့ကြဘူးလို့ အာဏာပိုင်တွေက ပြောပါတယ်။

ဝန်ကြီးချုပ် အီမရာခန်ကတော့ အခုလို အန္တရာယ်ဖြစ်လောက်အောင် ဒေသအာဏာပိုင်တွေဘက်က လိုအပ်ချက်တွေ ရှိခဲ့သလားဆိုတာ စုံစမ်းစစ်ဆေးဖို့ ညွှန်ကြားထားပါတယ်။

အိန္ဒိယမြို့တော်ဒေလီမှာ ကိုဗစ်ကြောင့်လော့ခ်ဒေါင်းချ

အိန္ဒိယက မြို့အတော်များများမှာ အိုမီခရွန် ကိုဗစ်ဗိုင်းရပ်စ်ပိုး တွေ့လာရပြီးတဲ့နောက် မြို့တော် ဒေလီမှာ ဒီစနေ တနင်္ဂနွေ နှစ်ရက် ပိတ်ဆို့ ကန့်သတ်မှုတွေကို စတင်လုပ်ထားပါပြီ။

ဒီကနေ့တစ်နေ့ထဲမှာ နိုင်ငံထဲမှာ အိုမီခရွန်ကူးစက်မှု အသစ် တစ်သိန်းလေးသောင်းကျော်တွေ့ခဲ့ရပါတယ်။ ဒီအရေအတွက်က မနှစ်က မေလကစကြည့်ရင် အများဆုံးပါ။

လူသုံးရာနီးပါးလည်း အသက်ဆုံးခဲ့ပါပြီ။ ဒေလီမြို့သားတွေဟာ တနင်္လာနေ့မနက်အထိ အိမ်ထဲမှာပဲ နေကြရမှာ ဖြစ်ပြီး မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတွေဝယ်ယူဖို့ပဲ အပြင်ထွက်ဖို့ ခွင့်ပြုပါတယ်။