တောင်ကိုရီးယားတစ်ယောက် အစောင့်အကြပ်ထူထပ်တဲ့နယ်စပ်ကို ဖြတ်ပြီး မြောက်ကိုရီးယားဘက်ထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်က အစောင့်အရှောက် ထူထပ်လှတဲ့ အရံအတားတွေကို ဖြတ်ကျော်ပြီး တောင်ကိုရီးယားဘက်က လူတစ်ယောက် မြောက်ဘက်ကို ဝင်ရောက်သွားတယ်၊ ဟိုဘက်မှာ ခိုလှုံဖို့ဖြစ်နိုင်တယ်လို့ တောင်ကိုရီးယား စစ်တပ်အရာရှိတွေက ပြောပါတယ်။
တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေက နာရီပေါင်း အတော်ကြာအောင် လိုက်ရှာခဲ့ပေမဲ့ အဲဒီ ပုဂ္ဂိုလ်ကို ရှာလို့မတွေ့ခဲ့ပါဘူး။
အဲဒီသူဟာ အမျိုးသားလား၊ အမျိုးသမီးလားဆိုတာကိုလည်း တောင်ကိုရီးယားစစ်တပ်က ထုတ်မပြောပါဘူး။ သူ အသက်ရှင်နေသေးသလားဆိုတာ မသိရဘူးလို့ ဆိုးလ်က တောင်ကိုရီးယားစစ်ဘက်အရာရှိကြီးတွေက ပြောပြီး အဲဒီသူကို အကာအကွယ်ပေးဖို့ မြောက်ကိုရီးယားဘက်ကို ဆက်သွယ် ပြောကြားထားတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားချိန်ကစလို့ နယ်စပ်ဖြတ်ကျော်သူတွေကို တွေ့တာနဲ့ ပစ်ဖို့ မြောက်ကိုရီးယားက အမိန့်ထုတ်ထားပါတယ်။
လူတစ်ယောက်ကို နှစ်နိုင်ငံကြားက စစ်ကင်းမဲ့ဇုံ (DMZ) ရဲ့ အရှေ့ဘက်ခြမ်းနေရာတစ်ခုမှာ စနေည ဒေသအချိန် ၉ နာရီ မိနစ် ၂၀ မှာ တွေ့ခဲ့ရတာ ဖြစ်တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြေပါတယ်။
အရင်တုန်းက အခုလို နယ်ခြားမျဉ်းကို ဖြတ်ကျော်မှုတွေ ရှိခဲ့တာတွေ့ရပြီးချိန်မှာ နယ်စပ်ကာကွယ်ရေးနဲ့ လုံခြုံရေးစနစ်ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရမယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးအရာရှိတွေက ပြောကြားခဲ့ဖူးပါတယ်။
၂၀၂၀ စက်တင်ဘာလတုန်းက ပင်လယ်ထဲမှာ ပျောက်နေတဲ့ တောင်ကိုရီးယားငါးဖမ်းဌာနက ဝန်ထမ်းတစ်ယောက်ကို မြောက်ကိုရီးယားတပ်တွေက ပစ်သတ်ပြီး အလောင်းကို မီးရှို့ခဲ့ဖူးပါတယ်။ အဲဒီဖြစ်ရပ်ကြောင့် နှစ်ဖက်တင်းမာမှုတွေ ပေါ်လာတော့ မြောက်ကိုရီးယားက သူတို့ရဲ့ ကိုဗစ်ကာကွယ်ရေး မူဝါဒကြောင့် ဖြစ်ရတာပါဆိုပြီး တောင်းပန်ခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်ကနေ တောင်ကိုရီးယားကို ထွက်ပြေးသွားခဲ့သူတစ်ယောက် မြောက်ကိုရီးယားဘက် ပြန်ဝင်လာခဲ့တုန်းကလည်း ခေါင်းဆောင် ကင်မ်ဂျုံအွန်းက အဲဒီလူမှာ ကိုဗစ်ရောဂါလက္ခဏာတွေ ပါလာတယ် ဆိုပြီး သူရောက်လာတဲ့ မြို့တစ်မြို့လုံးကို ပိတ်ဆို့ခိုင်းလိုက်ပြီး နိုင်ငံတော်အရေးပေါ် အခြေအနေ ကြေညာတာမျိုး လုပ်ခဲ့ပါတယ်။
မြောက်ကိုရီးယားမှာ ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေးအစီအစဉ်အနေနဲ့ သွားလာမှုတွေ ကန့်သတ် ပိတ်ဆို့ထားတာတွေကြောင့် အဲဒီကာလတွေအတွင်း မြောက်ဘက်ကနေ တောင်ဘက်ကို ထွက်ပြေးခိုလှုံသူ အရေအတွက်လည်း ကျဆင်းသွားပါတယ်။
တောင်နဲ့ မြောက်ကိုရီးယားနယ်စပ်ဟာ ကမ္ဘာပေါ်မှာ စစ်ရေးအရ ပြင်ဆင်မှုအရှိဆုံး၊ နယ်စပ်ပိတ်ဆို့မှု အတင်းကျပ်ဆုံးနေရာတစ်ခု ဖြစ်ပါတယ်။ နယ်စပ်တလျှောက် မြေမြုပ်မိုင်းတွေချထားပြီး လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ သံဆူးကြိုးတွေ ကာရံထားပါတယ်။ ကင်မရာတွေနဲ့ စောင့်ကြည့်နေသလို လက်နက်ကိုင်အစောင့်တွေကလည်း ၂၄ နာရီလုံး မပြတ် သတိနဲ့စောင့်ကြည့်နေကြတဲ့ နေရာဖြစ်ပါတယ်။








