တရုတ် - လက်ရွေးစင် ဘောလုံးသမားတွေ တက်တူးထိုးတာ တားမြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ် လက်ရွေးစင်ဘောလုံးအသင်းက ကစားသမားတွေ တက်တူးထိုးတာကို တားမြစ်လိုက်ပြီး ထိုးထားပြီးသူတွေ ပြန်ဖျက်ဖို့ စည်းကမ်းအသစ်တွေ ချမှတ်လိုက်ပါတယ်။
နိုင်ငံအဆင့် လက်ရွေးစင် ကစားသမားသစ်တွေနဲ့ လူငယ်အသင်းသားတွေ ရွေးချယ်ရာမှာ တက်တူးထိုးထားသူတွေကို တင်းတင်းကျပ်ကျပ် တားမြစ်ထားတယ်လို့ တရုတ် အားကစား ကြီးကြပ်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
အဲဒီလို စည်းကမ်းသတ်မှတ်ချက်ဟာ လူ့အဖွဲ့အစည်းအတွက် နမူနာကောင်း ချမှတ်ရာမှာ အထောက်အကူ ဖြစ်တယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။
လက်ရွေးစင် ကစားသမားတွေထဲက နောက်တန်းကစားသမား ကျန်းလိပုန်းအပါအဝင် တချို့ဟာ သူတို့ တက်တူးတွေကို ဖုံးထား၊ မမြင်ရအောင်လုပ်ထားကြဖို့ ညွှန်ကြားခံထားရပါတယ်။
တရုတ်မှာ တက်တူးတွေကို ရုပ်သံတွေမှာ မပြရအောင် စည်းကမ်းတွေ တိုးမြှင့်ချမှတ်တာကို ၂၀၁၈ နှစ်လယ်ကတည်းက လုပ်ခဲ့တာ ဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ်ကစားသမား တချို့ က အဲဒီအချိန်ကတည်းကစပြီး သူတို့လက်တွေက ဆေးမင်ကြောင်ရုပ်တွေကို အင်္ကျီလက်ရှည်တွေနဲ့ ဖုံးထားကြပါတယ်။
အထွေထွေ အားကစားကြီးကြပ်အုပ်ချုပ်ရေး အဖွဲ့က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ နိုင်ငံလက်ရွေးစင် ကစားသမားတွေကို "တက်တူးတွေ ဖျက်ထားဖို့ ညွှန်ကြားလိုက်တယ် " လို့ ဖော်ပြထားပါတယ်။
"ချွင်းချက် တချို့အခြေအနေတွေမှာတော့ အသင်းရဲ့ သဘောတူညီချက်ရယူပြီး လေ့ကျင့်ရေးနဲ့ ပြိုင်ပွဲတွေမှာ တက်တူးတွေကို ဖုံးထားရမယ်"လို့ ဆိုပါတယ်။
တရုတ်ယဥ်ကျေးမှုမှာ တက်တူးတွေဟာ မကောင်းဘူးဆိုတဲ့ အမြင်မျိုး ရှိပါတယ်။
အရင်ကဆိုရင် တက်တူးတွေဟာ ရာဇဝတ်သားတွေရဲ့ အမှတ်အသားတွေ ဖြစ်လေ့ရှိပြီး အခုထက်ထိ အရှေ့အာရှမှာ တက်တူးတွေဟာ ဒုစရိုက်ဂိုဏ်းတွေနဲ့ ဆက်နွှယ်မှုတွေ ရှိနေပါသေးတယ်။
ပြီးတော့ တက်တူးတွေဟာ လူမျိုးစု တချို့အတွက်တော့ ယဥ်ကျေးမှု မဖွံ့ဖြိုးသေးတဲ့ အမှတ်လက္ခဏာလို့ မြင်နေကြပါတယ်။
တက်တူးထိုးတာကို တရုတ် အစိုးရ ကွန်မြူနစ်ပါတီက လက်မခံ မနှစ်သက်ပေမဲ့ တရုတ်လူငယ်တွေကြားမှာ တစ်နေ့တစ်ခြား လူကြိုက်များလာပါတယ်။
ဒီနှစ်အစောပိုင်းမှာ တရုတ်ရုပ်သံ ကြီးကြပ်ရေးက "အမြင်မတင့်တယ်တဲ့ ပြကွက်"တွေကို စည်းကမ်းတွေ တင်းကျပ်လိုက်တယ်လို့ ကြေညာခဲ့ပါတယ်။
အားကစားသမားတွေနဲ့ ထင်ရှားသူတွေ တက်တူးထိုးထားတာ၊ အမျိုးသားတွေ ဆံပင်အရှည် စုစည်းထားတာတွေကို ရုပ်သံနဲ့ အင်တာနက်မှာ မဖော်ပြရအောင် တားမြစ်ထားပြီး တချို့နေရာတွေမှာတော့ အဲဒီလို ပုံတွေကို ဝါးပြီး ဖော်ပြကြပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက တက္ကသိုလ် အမျိုးသမီး ဘောလုံးပြိုင်ပွဲ တစ်ခုမှာ ကစားသမားတွေကို ဆံပင်အရောင်ဆိုးခွင့် မပြုဘူးလို့ ညွှန်ကြားခံရပြီးနောက်မှာ ကစားပွဲ ဖျက်လိုက်ရတာ ဖြစ်ခဲ့ပါတယ်။
ပွဲစီစဥ်တဲ့ အမျိုးသား လူငယ် တက္ကသိုလ် ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်မှာ "ပြိုင်ပွဲအဆင့်အားလုံးက အားကစားသမားတွေကို တက်တူးထိုးတာ၊ ဆံပင်အရောင်ဆိုးတာ၊ ထူးထူးဆန်းဆန်း ဆံပင်ပုံထားတာ၊ အဆင်တန်ဆာတွေ ဝတ်တာကို တားမြစ်ထားပြီး ချိုးဖောက်ရင် ပြိုင်ပွဲဝင်ခွင့်မရဘူး"လို့ ဖော်ပြထားပါတယ်။








